မြန်မာ့အရေး တရုတ်သဘောထားထုတ်ပြန်ချက် တက်ကြွလှုပ်ရှားသူတွေ ဝေဖန်
2024.09.16
ပြည်ပအင်အားစုက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုတာ၊ တရုတ်နိုင်ငံကို အကြောင်းမဲ့ ပြစ်တင်တာတွေကို ဆန့်ကျင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။
လက်တွေ့မှာ တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းရေးမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အဖွဲ့ဝင် ကိုရှင်းသန့်က RFA ကို ပြောပါတယ်။
“အသံကောင်းဟစ်တာပေါ့ဗျ။ ဗြောင်လိမ်တယ်။ ဗြောင်ငြင်းတယ်ဆိုတဲ့သဘောမျိုးပေါ့။ အရှက်မရှိတဲ့ မျက်နှာပြောင်တိုက်တဲ့လုပ်ရပ်လို့ပဲ မြင်ပါတယ် ခင်ဗျ။ အခုချိန်ထိလည်း စစ်တပ်နဲ့ပေါင်းပြီးကျတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေကို ဖိနှိပ်ဖို့အတွက် အကူအညီတွေပေးနေတာကိုလည်း တွေ့နေရတာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံအပေါ်မှာ တော်တော် ရှုတ်ချပြီးတော့မှ ဆန့်ကျင်ပါတယ် ခင်ဗျ”
တရုတ်နိုင်ငံက စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံပြီး ထောက်ပံ့ကူညီနေတာတွေကို တောက်လျှောက်ဆန့်ကျင်ဆန္ဒပြနေတဲ့အဖွဲ့တွေထဲမှာ မုံရွာလူထုသပိတ်အဖွဲ့လည်း ပါဝင်ပါ တယ်။
"စစ်တပ်နဲ့ပေါင်းပြီး ကျွန်တော်တို့ မြန်မာပြည်သူတွေကို ဖိနှိပ်ဖို့အတွက် အကူအညီတွေပေးနေတာကိုလည်း တွေ့နေရတာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံအပေါ်မှာ တော်တော် ရှုတ်ချပြီးတော့မှ ဆန့်ကျင်ပါတယ်"
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးတွေ တစ်ကျော့ပြန် ပြင်းပြင်းထန်ထန်ဖြစ်လာပြီးတဲ့နောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်း ရပ်ရမယ်လို့ တရုတ်ဘက်က ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းမှာ ထုတ်ပြန်သတိပေးစာတစ်စောင် ထွက်လာတဲ့နောက်မှာလည်း တရုတ်နိုင်ငံကို ဆန့်ကျင်ဆန္ဒပြတာတွေ ဆက်ပြီးဖြစ်နေပါတယ်။
TNLA ကို တရုတ်နိုင်ငံက သတိပေးချက်နဲ့ပတ်သက်ပြီး စက်တင်ဘာလ ၄ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တရုတ်ကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ပေါင်းပြီး မဟုတ်မမှန်ပြောဆိုနေတယ်လို့ ရန်ကုန်လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ Owl Community အဖွဲ့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့သူတစ်ဦးက တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်ပါတယ်။
တရုတ်အစိုးရက ဘယ်လိုပဲပြောပြော မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာ ထင်ရှားတယ်လို့ အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Defend Myanmar Democracy ရဲ့ တာဝန်ရှိသူ ကိုနော်အောင် က RFA ကို ပြောပါတယ်။
“ဘယ်လိုပဲပြောပြောပေါ့ တရုတ်အစိုးရက ကျွန်တော်တို့ မြန်မာပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်နေတယ်ဆိုတဲ့ဟာက လယ်ပြင်မှာ ဆင်သွားသလိုပဲ တော်တော် ထင်ထင်ရှားရှားရှိပါတယ်။ ဒါအခုမှလည်း မဟုတ်ပါဘူး။ အစဉ်အဆက်ဖြစ်ပါတယ်နော်”
တရုတ်သံရုံးရဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ်ရေး ဖော်ဆောင်သွားဖို့ကို မျှော်လင့်ကြောင်းနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတိုင်းက ကိုယ့်အကျိုးစီးပွားကိုကြည့်တာကြောင့် တရုတ်ရဲ့ မူဝါဒဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက်နဲ့ မတူညီနိုင်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
“တရုတ်ရဲ့ မူဝါဒကတော့ ကျွန်မတို့ရဲ့ လိုလားချက်ကြားမှာ ကွဲလွဲမှုတွေရှိနိုင်တယ်ဗျ။ ဘယ်ဖြစ်လို့လဲဆိုတော့ တရုတ်နဲ့ ကျွန်မတို့က နှစ်နိုင်ငံ၊ နှစ်ပြည်သူဖြစ်တာကိုနော်။ ဒီဟာတွေဟာ ဘယ်လိုမှ အကျိုးစီးပွားချင်းက ထပ်တူမကျနိုင်ဘူးဗျ။ အဲတော့ တရုတ်နိုင်ငံအနေနဲ့ အလေးထားမှုရှိတယ်၊ မရှိဘူးဆိုတာ သူ့နိုင်ငံအနေနဲ့ သူ့နိုင်ငံ အကျိုးစီးပွားအပေါ်ကပဲသူ။ ကျွန်မတို့ကလည်း ကိုယ့်နိုင်ငံ အကျိုးစီးပွားအပေါ်ကပဲကြည့်ပြီး ကျွန်မတို့အချင်းချင်းကြား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ပေါ့နော် ဆက်လုပ်စရာရှိတာ လုပ်ဖို့ပဲ”
ဆက်နွှယ်သောသတင်းများ
ရှမ်းမြောက်က တိုက်ပွဲအရှိန်လျော့ရေး ဆက်လက်ပါဝင်မယ်လို့ တရုတ်ပြော
တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ် သတိပေး
စစ်ကောင်စီကို ကူညီမှုရပ်ဖို့ တရုတ်ကို အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို
တရုတ်နဲ့ စစ်ကောင်စီတို့ ပိတ်ဆို့မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေ
တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့ကူညီတာတွေမလုပ်ဖို့ မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေက လိုလားကြတာပါ။
စက်တင်ဘာ ၅ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီကို ကူညီထောက်ပံ့တာတွေရပ်ဖို့ တရုတ်အစိုးရကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၇၆ ဖွဲ့က ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
ဒီလိုတောင်းဆိုပြီး ရက်ပိုင်းလောက်မှာပဲ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အတွက် တရုတ်အစိုးရက ယွမ် ငါးသန်း တန်ဖိုး ရှိတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်း အကူအညီပေးမဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့မူကို လက်ကိုင်ထားပြီး မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။