တိုင်းနဲ့ပြည်နယ် သုံးခုက ဒေသခံနှစ်သောင်းကျော် ရေဘေးဒုက္ခထပ်ကြုံနေရ
2024.10.04
ပဲခူးတိုင်း တောင်ငူ၊ မန္တလေးတိုင်း မြစ်သားနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွေမှာ အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်လာလို့ ရေဘေးဒုက္ခသည် နှစ်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ ပန်းလောင်မြစ်အထက်ပိုင်းဒေသမှာ မိုးအဆက်အပြတ်ရွာတာကြောင့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ရေကြီးရေလျှံနေတာကြောင့် မြို့ပေါ် ရပ်ကွက်နဲ့ ရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံ နှစ်သောင်းခန့် ရေဘေးဒုက္ခကြုံနေရတာပါ။
"မနေ့က ခြောက်ရာငါးဆယ်၊ ဟိုက သုံးရာဆိုတော့ လက်ရှိ လူဦးရေ ကိုးရာငါးဆယ်လောက်တော့ ပေါ်တော်မူဘုရားနဲ့ တီတီစီကျောင်းမှာ ရောက်နေတယ်"
မြစ်သားမြို့နယ် ကူမဲမြို့အတွင်းမှာလည်း ပန်းလောင်မြစ်ဘေးက ရွာတွေ ရေပြန်မြုပ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူမဲမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ရေက အခုလောလောဆယ် ကျပြီးသားနေရာလေးတွေ နည်းနည်းပြန်တိုးတာဗျ။ ကျွန်တော်တို့ အရင်လောက်တော့ မဆိုးဘူးပေါ့။ ကျွန်တော်တို့ မြစ်သားမြို့ နယ် ကူမဲမြို့ပေါ့။ အဲ ကင်းတားဆည်က အတိုင်းအတာတစ်ခုက ရေလွှတ်လိုက်တဲ့ အတိုင်းအတာမှာ ပန်လောင်မြစ်ရဲ့ ဘေးနားက ရွာတွေမှာ ရေပြန်လျှံတာပေါ့။ ရေနည်းနည်း ထပ်တိုးတာပေါ့"
ရေကြီးရေလျှံနေတဲ့ ရွာတွေက ဒေသခံတွေ စားသောက်ရေးအတွက် လူမှုကူညီရေးနဲ့ စေတနာရှင်တွေက အဖွဲ့တွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
အင်းလေး ရွာ ၁၇၀ ကျော် ရေကြီးမှု ရက်သတ္တသုံးပတ်ခန့်ရှိလာ
ရေဘေးသင့်ပြည်သူ တစ်သိန်းနီးပါး အကူအညီ ကန့်သတ်ခံနေရ
ရေဘေး ပြန်လည်ထူထောင်ရေး ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေရ
ရေကြီးရေလျှံမှုကြောင့် ပန်းလောင်မြစ်တစ်လျှောက်က ရွာခိုင်ကြီး၊ အိမ်ရှေ့တောင်၊ ကဆွန်၊ မြစ်ဆုံကြီး၊ ရွှေပေါ်ကျွန်း စတဲ့ရွာတွေမှာ မြစ်ရေလေးပေခန့်၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ငါးပေအထိ ရေကြီးနစ်မြုပ်နေတယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီ့အပြင် ကင်းတာဆည်အောက်ဘက်မှာရှိတဲ့ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ ကူမဲမြို့ နယ်တွေမှာ အောက်တိုဘာလ ၃ ရက် မနေ့ကစလို့ ရေကြီးရေလျှံမှုတွေဖြစ်လာပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ မြစ်သားမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ရေက တိုးသေးတယ်။ တိုးတာကတော့ မနေ့က နေ့ခင်းလောက်ကတည်းက စတိုးတာ။ အရင်မြုပ်တဲ့ နေရာတွေပဲဗျ။ မြစ်သားက မြို့ပေါ်ရယ်၊ နယ်တစ်ဝိုက်ရယ်ပေါ့နော်။ ကျောက်ဆည်ကျတော့ မြို့ပေါ်မှာ ဒီလောက်ကြီး မဟုတ်ဘူး။ နယ်တွေမှာ ပိုပြီးများတယ်။ ဝမ်းတွင်းကလည်း မြို့ပေါ်မှာ လွတ်တယ်။ ရွာတွေမှာပဲ တော်တော်များများက ဆည်ကရေ လွှတ်လိုက်တဲ့ အခါကျတော့ မြေနိမ့်တဲ့ဒေသတွေမှာ ဆည်ရေလွှတ်နေလို့ တိုးတာပါ”
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာလည်း မိုးသည်းထန်ပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြို့ပေါ်က ရပ်ကွက်တွေဖြစ်တဲ့ ၁၉ ရပ်ကွက်၊ အလယ်ကျွန်း၊ မြို့ကြီးပေါက်၊ အုတ်ကျွတ်တန်း၊ မြို့သစ် စတဲ့ ကျေးရွာ သုံးဆယ်ဝန်းကျင်မှာ ရေကြီးမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုရေကြီးမှုကြောင့် တောင်ငူမြို့မှာ ရေဘေးဒုက္ခသည် သုံးထောင်ဝန်းကျင်လောက် ရှိလာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ပေခွဲလောက် တက်တဲ့အချိန်မှာ စိုးရိမ်ရေမှတ် ဖြစ်သွားတယ်။ အဲဒီ စိုးရိမ်ရေမှတ်အထက်ကိုမှ ပေဝက် သို့မဟုတ် တစ်ပေလောက် တက်တယ်ဆိုတော့ တွက်မယ်ဆိုရင် နည်းနည်းတော့ များတာပေါ့။ ကျွန်တော်သိသလောက်တော့ မနေ့က ခြောက်ရာငါးဆယ်၊ ဟိုက သုံးရာဆိုတော့ လက်ရှိ လူဦးရေ ကိုးရာငါးဆယ်လောက်တော့ ပေါ်တော်မူဘုရားနဲ့ တီတီစီကျောင်းမှာ ရောက်နေတယ်။ တီတီစီကျောင်းမှာတော့ ခြောက်ရာကျော်၊ ပေါ်တော်မူမှာတော့ လူနှစ်ရာ့ငါးဆယ်လောက်ရှိပြီ”
တောင်ငူမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရေကြီးရေလျှံမှုတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ ရေဘေးဒုက္ခသည်တွေရှိနေပြီး လက်ရှိရေကြီးရေလျှံမှုတွေပါ ကြုံနေရတဲ့အတွက် သောက်သုံးရေ အပါအဝင် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မယ်ဆိုင်းချောင်းရေ မြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက် ငါးခုမှာ နေထိုင်တဲ့ ဒေသခံ တစ်ထောင်ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာချီလိတ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘုန်းတော်ကြီးကျောင်းမှာဆိုရင်လည်း လူဦးရေ နှစ်ရာလောက်ရှိတယ်။ ရွှေ့ပြီးနေကြတယ်။ နောက်ပြီးတော့ ဟိုး အားကာထဲမှာလည်း လူဦးရေ ကိုးဆယ်လောက် ရွှေ့နေကြတယ်။ တချို့လည်း ကိုယ့်ဆွေမျိုးရှိတဲ့ နေရာ ရပ်ကွက်လေးတွေပေါ့နော်။ အဲဒီ မြင့်တဲ့နေရာတွေမှာ ကိုယ့်ဆွေမျိုးရှိတဲ့ နေရာတွေမှာ သွားရှောင်ကြတယ်။ ခရစ်ယာန်ကျောင်းတွေလည်း လူဦးရေ လေးငါးခြောက်ဆယ်ပေါ့”
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တာချီလိတ်မြို့မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၄ ဦးထက်မနည်းရှိပြီး ဒေသခံ တစ်သောင်းကျော် ရေဘေးဒုက္ခကြုံခဲ့ရပါတယ်။
အခုလက်ရှိကြုံနေရတဲ့ ရေကြီးရေလျှံမှုတွေထဲမှာ တောင်ငူမြို့မှာ မကြာခင် ရေပြန်ကျသွားနိုင်ပေမဲ့ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ သတိထားစောင့်ကြည့်ရမဲ့ အခြေအနေရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက RFA ကို ပြောပါတယ်။
“တောင်ငူကတော့ သိပ်မကြာခင် ပြန်ကျမှာပေါ့နော်။ မိုးကလည်း ဒီဘက်မြစ်ဝှမ်းမှာတော့ ပါးသွားပြီပေါ့လေ။ ရှမ်းဘက်ကတော့ ဒါ လိုကယ်ဧရိယာမှာ ရွာတဲ့မိုးလည်းရှိတယ်။ တရုတ်ပြည်ဘက်က ရွာတဲ့မိုးလည်းရှိတော့ အဲဒါကတော့ နည်းနည်းလေး အခြေအနေကတော့ စောင့်ကြည့်ရမှာပေါ့နော်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာလည်း မိုးသည်းထန်စွာ မိုးကြီးမယ်ဆိုပြီး ထုတ်ထားတာတွေရှိတယ်။ ခြောက်ရက်နေ့အထိ အဲဒီရေကတော့ အထက်ပိုင်းတွေအတွက်တော့ နည်းနည်းသတိပြုရမှာပေါ့လေ”
အောက်တိုဘာလ ၄ ရက်ကနေ ၆ ရက်အတွင်း မိုးကြီးနိုင်တာကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်က မြစ်ချောင်းတွေအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံနိုင်တာကြောင့် ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းကြဖို့လိုတယ်လို့ သူက ပြောပါတယ်။
ရာဂီ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦး အထိရှိလာပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူ ၇၉ ဦး ရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြို့ပေါင်း ၁၁၀ က သီးနှံစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့သလို လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန် တစ်သိန်းခုနှစ်သောင်းကျော် (၁၇၆၂၄၆ ကောင်) သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။