မြန်မာကို ရောင်းပြီးသား စစ်လက်နက်တွေ ရုရှားပြန်ဝယ်နေ
2023.06.05
ရုရှားဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့ပြီးဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြန်ဝယ်နေတာ သံသယဖြစ်ဖွယ် တွေ့ရကြောင်း Nikkei အကောက်ခွန်ရှင်းလင်းရေးအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုစစ်တမ်းမှာ ဖော်ပြထားတယ်လို့ ဇွန်လ ၅ ရက်ထုတ် Nikkei Asia သတင်းမှာပါရှိပါတယ်။
မြန်မာနဲ့အိန္ဒိယကို တင်ပို့ထားတဲ့ စစ်သုံးတင့်ကားတွေနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေကို ရုရှားကပြန်ဝယ်နေတာနဲ့ ပတ်သက်ပြီး ကောက်ယူထားတဲ့စစ်တမ်းတွေကို Nikkei အကောက်ခွန်ရှင်းလင်းရေး အချက်အလက်စုဆောင်းမှုဌာနက စာရင်းပြုစုထားတာပါ။ ရုရှား ဟာ နှစ်ရှည်လများ စစ်ဘက်ဆိုင်ရာဆက်ဆံရေးရှိခဲ့တဲ့ နိုင်ငံတွေကို သူရောင်းချထားတဲ့ စစ်လက်နက်အစိတ်အပိုင်းတွေကို ပြန်လည်ဝယ်ယူပြုပြင်ပြီး ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။
ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ကျူးကျော်လာချိန်ကစပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့က စစ်ဘက်ဆိုင်ရာမှာ အသုံးပြုနိုင်မယ့်ပစ္စည်းမှန်သမျှ ရုရှားကို တင်ပို့မရောင်းဖို့ တားမြစ်ထားပါတယ်။
ရုရှားရဲ့တင့်ကားနဲ့ ဒုံးကျည်လို လက်နက်တင်သွင်းမှုမှတ်တမ်းတွေကိုစစ်ဆေးနေတဲ့ အမေရိကန်သုတေသနအဖွဲ့ ImportGenius နဲ့ အိပ်စင်းမ် Exim Trade Data လို့ခေါ်တဲ့ အိန္ဒိယထုတ်ကုန် သွင်းကုန်လုပ်ငန်းရဲ့တင်သွင်းမှု စာရင်းဇယားတွေနဲ့ တခြားသတင်းရင်းမြစ်တွေအပေါ် အခြေခံပြီး Nikkei Asia ရဲ့စစ်တမ်းကို ပြုစုထားတာ ဖြစ်ပါတယ်။
ယူရယ် ဗက်ကွန်ဇာဗို့ဒ် (UralVagonZavod) လို့ခေါ်တဲ့ ရုရှားစစ်သုံးစက်ပစ္စည်းကုမ္ပဏီတစ်ခုကထုတ်လုပ်ပြီး မြန်မာနိုင်ငံကို တင်ပို့ထားတဲ့ အမေရိကန်ဒေါ်လာ ၂၄ သန်းဖိုးရှိတဲ့ စစ်သုံးတင့်ကားတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ရုရှားနိုင်ငံထဲ ပြန်လည်တင်သွင်းခဲ့တယ်လို့ စစ်တမ်းမှာ ပါရှိပါတယ်။
ပြန်လည်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးတဲ့စနစ်မှာ ဖော်ပြတဲ့ ကုဒ်နံပါတ်တွေအရ စစ်သုံးအဝေးကြည့် မှန်ပြောင်း ၆၇၇၅ ခုနဲ့ ၊ သံချပ်ကာတင့်ကားတွေမှာ သုံးတဲ့ ကင်မရာအလုံး ၂ဝဝ ကို ရုရှားကုမ္ပဏီက ပြန်ဝယ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေဟာ တိုက်ခိုက်လိုတဲ့ ပစ်မှတ်ရဲ့အကွာအဝေးကို ကြည့်ရှုတိုင်းတာတဲ့ အမြင်စွမ်းအားမြင့်ကိရိယာတွေ ဖြစ်တယ်လို့ တင့်ကားတွေ အဆင့်မြှင့်ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ ဂျပန်နိုင်ငံ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့က အငြိမ်းစားအကြီးတန်းအရာရှိ နိုဘိုရူကီ အကာတာနီ က ပြောပါတယ်။
ရုရှားမှာ T-72 တင့်ကားဟောင်းတွေ အများအပြားရှိနေပြီးအဲဒီတင့်ကားတွေက ပိုပြီး ခေတ်မီအဆင့်မြင့်လာအောင် ပြုပြင်ဖို့လိုပါတယ်။ ပြုပြင်ပြီးရင်တော့ အဲဒါတွေကို ရှေ့တန်းကို ပို့နိုင်ပါတယ်လို့ နိုင်ငံတကာအကျပ်အတည်းသုံးသပ်ရေးအဖွဲ့က ရုရှားပညာရှင် အိုလက်ဂ် အစ်ဂတာတော့ဗ် က ပြောပါတယ်။
ရုရှားဟာ မှန်ပြောင်းလို အမြင်ပိုင်းဆိုင်ရာစစ်သုံးပစ္စည်းတွေထုတ်လုပ်မှုမှာ အရင်က အနောက်တိုင်းနည်းပညာကို အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေရဲ့ရလဒ်ကြောင့် လိုအပ်တဲ့အစိတ်အပိုင်းတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။
ရုရှားနိုင်ငံက ရောင်းချပြီးသားစစ်သုံးပစ္စည်းတွေ ပြန်ဝယ်နေတာနဲ့ပတ်သက်ပြီး Nikkei Asia က ယူရယ် ဗက်ကွန်ဇာဗို့ဒ်( UralVagonZavod) လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ၊ ရုရှားအစိုးရနဲ့ မြန်မာစစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ကို မေးမြန်းခဲ့ပေမဲ့ ဘယ်အဖွဲ့အစည်းကမှ ပြန်လည်မဖြေကြားဘူးလို့ဆိုပါတယ်။
"ပြန်လည်တင်သွင်းပစ္စည်းများ ပေါင်းစည်းမှုဥပဒေ" ကို ကိုးကားထားတဲ့ အကောက်ခွန်ရှင်းလင်းရေးစစ်တမ်း မှာ ဖော်ပြချက်အရ ယူရယ် ဗက်ကွန်ဇာဗို (UralVagonZavod) စစ်သုံးစက်ပစ္စည်းကုမ္ပဏီက ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို တင်သွင်းတဲ့ စစ်သုံးပစ္စည်းတွေဟာ ချို့ယွင်းနေတဲ့အတွက် မြန်မာနိုင်ငံက ရုရှားကို ပြန်အပ်ခဲ့တယ် လို့ ဆိုပါတယ်။
ဒုံးကျည်တွေထုတ်လုပ်တဲ့ ရုရှား NPK- KBM စက်ပစ္စည်းထုတ်လုပ်မှု ဒီဇိုင်းဗြူရို ဟာ မြေပြင်ကဝေဟင်ပစ် ဒုံးကျည်တွေကို ညဘက်ပစ်ရာမှာ သုံးတဲ့ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲတန်ဖိုးရှိ ညကြည့်မှန်ပြောင်း ခြောက်ခုကို အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ ပြန်ဝယ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေဟာ KBM က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ အိန္ဒိယနိုင်ငံကို ရောင်းချထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။
ရုရှားဟာ ပြင်ဆင်ပြီးပစ္စည်းတွေကို အိန္ဒိယကို ပြန်ပို့ကောင်းပို့ခဲ့မှာဖြစ်ပေမဲ့ ဒီနှစ်မတ်လအထိတော့ အဲဒီပစ္စည်းတွေကို ပြန်ပို့တဲ့ မှတ်တမ်းမတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း KBM ကရော အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကပါ Nikkei Asia ရဲ့ဆက်သွယ်မေးမြန်းချက်ကို မတုံ့ပြန်ဘူးလို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်တီကျုရဲ့အဆိုအရ ရုရှားဟာ ကမ္ဘာမှာ လက်နက်ရောင်းချမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယကတော့ ရုရှားထုတ်စစ်ပစ္စည်းတွေရဲ့ ၃၅ ရာခိုင်နှုန်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာထဲက ဝယ်ယူနေခဲ့တဲ့ အကြီးဆုံးဖောက်သည်နိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ G7 ခေါင်းဆောင်တွေက ရုရှားနိုင်ငံကို စစ်ပစ္စည်းတင်ပို့မှု ရပ်တန့်ဖို့ တခြားကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တိုကျို ဟစ်တော့ဆူဘာရှိ တက္ကသိုလ်က လက်နက်လေ့လာရေးဆိုင်ရာ ပါမောက္ခ နိုဘူမာဆာ အကီရာမာကတော့ ဒီကိစ္စကို ရုရှားလုပ်လက်နက်တွေကို မှီခိုနေရတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့တော့ ခက်တယ်လို့ ပြောပါတယ်။
ရုရှားကို စစ်လက်နက်ပစ္စည်းတွေစီးဆင်းမှုနဲ့ အဲဒီကမှတဆင့် ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ဆီ မရောက်အောင် တားဆီးဖို့အတွက် ရုရှားနဲ့သဘောတူညီချက် ထုတ်ဖော်ခြင်းနည်းလမ်းတွေအပါအဝင် တင်းတင်းကျပ်ကျပ်ဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။