မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းနေ
2024.07.31
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး စံချိန်တင် ဆက်တိုက်ကျဆင်းလာတာနဲ့အတူ ဇူလိုင်လ ၃၁ ရက် ပြင်ပစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၃၇၀ နဲ့ ရွှေတစ်ကျပ်သားကို ကျပ် ၆၅ သိန်းကနေ ၆၈ သိန်းအထိ မြင့်တက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပြင်ပစျေးကွက်မှာ ရွှေတစ်ကျပ်သားကို ကျပ်ငွေ ၅၃ သိန်းကျော်နဲ့ အမေရိကန် တစ်ဒေါ်လာ ၄၅၀၀ ကျပ်ခန့်ရှိခဲ့ရာကနေ တစ်လအတွင်းမှာ ရွှေစျေးက ကျပ်ဆယ်သိန်းကျော်နဲ့ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၈၇၀ လောက်အထိ မြင့်တက်သွားတာပါ။
ပြင်ပမှာ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာတာနဲ့အတူ ရွှေစျေးတွေပါ မြင့်တက်လာတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"ငွေစျေးတက်နေသရွေ့တော့ ရွှေစျေးက တက်နေဦးမှာပဲ။ အဲဒီလိုတော့ ဖြစ်တယ်ဗျာ။ သိသိသာသာ တက်တာ။ ရက်ရက်စက်စက် တက်တာ။ ငါးသိန်းလောက်တက်တယ်၊ ကျွန်တော်သိသလောက်ဆိုရင်။ ဒီတစ်ရက်၊ နှစ်ရက် အတောအတွင်း ဖြစ်သွားတာ"
နိုင်ငံခြားငွေစျေးတွေ မြင့်တက်နေသရွေ့ ရွှေစျေးတွေလည်း ဆက်လက်မြင့်တက်နေဦးမယ်လို့ သူက ပြောပါတယ်။
"ငွေစျေးတက်နေသရွေ့တော့ ရွှေစျေးက တက်နေဦးမှာပဲ"
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်နဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၆ သိန်းကျော် သတ်မှတ်ထားပေမဲ့ အဲဒီစျေးနှုန်းတွေနဲ့ အရောင်းအဝယ်လုပ်သူ မရှိကြဘူးလို့လည်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပုဂ္ဂလိကဘဏ်တွေမှာ ဇူလိုင်လ ဒုတိယပတ်က ဘဏ်အကောင့် အမျိုးအစားအားလုံးကို ငွေသားပမာဏ အကန့်အသတ်နဲ့သာ ထုတ်ပေးခဲ့တာတွေအပြင် ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေကို ကျပ်ငွေသုံးသောင်း တိုးပေးမယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့က စစ်ကောင်စီ ကြေညာခဲ့တဲ့နောက်ပိုင်း ရွှေနဲ့ ဒေါ်လာစျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းလာတာဟာ လက်ရှိ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
"ရွှေစျေးကတော့ နိုင်ငံရေးနဲ့ အများကြီး ပတ်သက်နေတာဆိုတော့ အစိုးရက သတ်မှတ်လိုက်တဲ့ အနေအထားအပေါ်မှာပဲ အများကြီး တက်နေတာပဲလေ။ အခုဆိုရင် ၆၅၊ ၆၅ လောက်တောင် ရှိနေပြီ ဒီနေ့ဆိုရင်။ လေးရက်အတွင်းမှာ ကျွန်တော်တို့ အနည်းဆုံး သုံးသိန်းလောက် တက်သွားတာပေါ့။ ၆၅ အပေါ်မှာ သွားမယ်လို့ ပြောနေကြတာပဲ"
ဆက်နွှယ်သောသတင်းများ
ကျပ်ငွေတန်ဖိုးကျဆင်းမှု ဗဟိုဘဏ် ထိန်းချုပ်ဖို့ ခက်ခဲ
အထင်ကရ ရွှေလုပ်ငန်းရှင်တချို့ကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်
ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေဘဝ ပိုကျပ်တည်းလာ
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက တရားမဝင် နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေ၊ ငွေလဲနှုန်းတွေကို မတည်ငြိမ်အောင် လုပ်သူတွေ ရှိတယ်ဆိုပြီး လူပေါင်း ငါးဆယ်ကျော်ကို အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့ ဗဟိုဘဏ်တို့က ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကြေညာခဲ့ပါတယ်။ အလားတူ ရွှေစျေးမတည်မငြိမ်ဖြစ်အောင် လုပ်လို့ဆိုပြီး ရွှေလုပ်ငန်းရှင်တွေနဲ့ ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ငွေကြေးဖောင်းပွမှုကို အခုလို ထိန်းချုပ်ဖို့ကြိုးစားတာက ထိရောက်မှာမရှိဘဲ အခြေအနေကို ပိုဆိုးလာစေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြပါတယ်။
"အခုက အဲဒီလိုလုပ်လေ တက်လေပဲ။ ချုပ်လေ တက်လေပဲ။ နောက်ပြီးတော့ အဲဒီလိုဖြစ်လို့ရှိရင် လူတွေက မရောင်းဘူး။ ပြဿနာက အဲဒီမှာ လူတွေက ပိုက်ဆံကိုမယုံတော့ ဒေါ်လာကို ဝိုင်းဝယ်ကြရော။ ဝိုင်းဝယ်ကြတဲ့အခါကျတော့ ရောင်းမယ့်ကောင်က မနိုင်တော့ဘူး Demand က။ ရောင်းတဲ့ကောင်က မနိုင်တဲ့အခါကျတော့ ဒီကုန်သည်တွေက ဆေးသွင်းဖို့ ဘာညာဆိုရင် ဒေါ်လာတွေ ဝယ်ရတဲ့အချိန်ကျတော့ ခက်သွားရော။ ခက်လည်း ခက်သွားရော စျေးက အဲဒီမှာ တက်ရော"
လက်ရှိ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းနေတာတွေကို ဘယ်လိုပြန်ထိန်းညှိမလဲ သိနိုင်ဖို့ စစ်ကောင်စီ ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဒီကိစ္စအပေါ် တာဝန်ရှိသူတွေက ကိုင်တွယ် ဖြေရှင်းနေတယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အမည်နဲ့ ရာထူးကိုတော့ ဖော်ပြခွင့်မပြုပါဘူး။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာလည်း ဖုန်းမဖြေပါဘူး။
လက်ရှိမှာ ကျပ်ငွေတန်ဖိုးကျဆင်းလာတာနဲ့အတူ နိုင်ငံတစ်ဝန်းမှာ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ပါ ကြုံတွေ့နေကြရတာပါ။ ကုန်စျေးနှုန်းတွေ နေ့စဉ်ထိုးတက်နေတာကြောင့် စားဝတ်နေရး ပိုခက်ခဲလာတယ်လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
"တက်လာတဲ့ စျေးနှုန်းက သုံးဆတက်တယ်။ တစ်နေ့ကို ကုန်ပစ္စည်းတစ်ခုက ငါးဆယ် တက်တယ်။ တချို့ပစ္စည်းတွေဆို တစ်ရာ တက်တယ်။ အဲဒါက နေ့တိုင်းနီးနီးကို တက်နေတာနော်။ အရင်တုန်းက ကုလားလေး မဆလာဆိုရင် တစ်ရာမို့လား။ အခု နှစ်ရာ။ အခု လစ်ပိုပုလင်းလေး အရင်တုန်းကဆိုရင် ဘယ်လောက်မှ မရှိဘူး။ အခု လစ်ပိုတစ်ပုလင်းကို နှစ်ထောင်ဖြစ်နေပြီ။ စားအုန်းဆီစျေးက ၁၃၀,၀၀၀ ဖြစ်နေပြီ"
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ခေတ်အဆက်ဆက်အစိုးရတွေ စီးပွားရေးစနစ်အမျိုးမျိုးကို အကောင်အထည်ဖော်ခဲ့ကြတဲ့အထဲမှာ သမဝါယမစနစ်ဟာ လက်ရှိအခြေအနေအရ အသင့်တော်ဆုံးဖြစ်တယ်လို့ ဇူလိုင်လ ၂၉ ရက်နေ့က စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ သမဝါယမအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်တွေကို အခြေခံတဲ့ စက်ရုံအလုပ်ရုံတွေ တည်ထောင်ဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းကျော်သာရှိခဲ့ရာကနေ အခုတော့ အရင်ထက် ငါးဆအထိ မြင့်တက်နေတာဖြစ်သလို အာဏာမသိမ်းခင်က ၁၃၀၀ ကျပ်သာ ရှိခဲ့တဲ့ အမေရိကန်တစ်ဒေါ်လာစျေးဟာလည်း အခုအချိန်မှာ လေးဆကျော်အထိ မြင့်တက်နေပါတယ်။