မြန်မာတွေကို အတင်းအကျပ် ပြန်မပို့ဖို့ ထိုင်းကို လူ့အခွင့်အရေးကျွမ်းကျင်သူတွေ တောင်းဆို

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.11.20
မြန်မာတွေကို အတင်းအကျပ် ပြန်မပို့ဖို့ ထိုင်းကို လူ့အခွင့်အရေးကျွမ်းကျင်သူတွေ တောင်းဆို ကော့သောင်းကိုပြန်ပို့မည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
Facebook / Ranong Immigration Office

စစ်ကောင်စီဟာ ထိုင်းနိုင်ငံဘက်က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတဲ့အတွက် မြန်မာနိုင်ငံသားတွေကို ဘယ်လို အခြေအနေမျိုးမှာမှ အတင်းအကျပ် ပြန်မပို့ဖို့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်က ထိုင်းနိုင်ငံ ရနောင်းမြို့ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာပြီး၊ တနင်္သာရီတိုင်း ကော့သောင်းမြို့က မြန်မာအာဏာပိုင်တွေဆီကို လွှဲပြောင်းပေးလိုက်တဲ့ မြန်မာနိုင်ငံသား ၁၈၆ ဦးမှာ အများစုဟာ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရတဲ့အကြောင်း RFA က အတည်ပြုနိုင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးက စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်မပို့ဖို့ ထိုင်းအစိုးရကို တောင်းဆိုကြောင်း RFA ကို ပြောပါတယ်။

“ထိုင်းအစိုးရအပါအဝင် ကမ္ဘာ့နိုင်ငံ အစိုးရတွေအားလုံးဟာ ဖိနှိပ်သတ်ဖြတ်မှု ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံရနိုင်တဲ့ ဘယ်သူ့ကိုမှ အတင်းအကျပ် ပြန်မပို့သင့်ပါဘူး။ မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် မြန်မာနိုင်ငံကို ပြန်ပို့ခံလိုက်ရတဲ့သူအားလုံးဟာ အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ မြန်မာစစ်တပ်ဟာ တပ်သားသစ်တွေကိုလည်း စစ်သင်တန်း နည်းနည်းပဲပေးပြီး၊ စစ်မြေပြင်ကို စေလွှတ်နေရပါတယ်။ အဲဒီနောက် သူတို့ဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူအပေါ် အကြမ်းဖက် တိုက်ခိုက်မှု စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်နေရပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ လူငယ်တွေကို ပြန်ပို့တာဟာ သူတို့အတွက် သေဒဏ်ချလိုက်သလိုပါပဲ။ ဘယ်လို အခြေအနေမျိုးမှာမှ သူတို့ကို မြန်မာနိုင်ငံကို ပြန်မပို့သင့်ပါဘူး” လို့ မစ္စတာ တွမ် အင်ဒရူးက ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့မယ့်အစား အခြားနည်းလမ်း ရှာသင့်တယ်လို့ အာရှလူ့အခွင့်အရေးနဲ့ လုပ်သားအရေးအကြံပေးအဖွဲ့ (AHRLA) ရဲ့ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“မြန်မာစစ်တပ်ဟာ တပ်သားပြတ်လပ်မှုကြောင့် ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်လို့ ထောင်ဒဏ်ကျခံခဲ့ရသူတွေ အပါအဝင် ဘယ်သူ့ကိုမဆို စစ်မှုထမ်းခိုင်းဖို့ လုပ်နေတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ထိုင်းနိုင်ငံကနေ ပြန်ပို့တဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ လွှဲပြောင်းပေးဖို့ မလုပ်သင့်ပါဘူး။ ဘယ်သူမှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရတာ မကြုံရသင့်ပါဘူး။ ထိုင်းနိုင်ငံဟာ ပြန်ပို့မယ့်သူတွေအတွက် အခြားနည်းလမ်းတွေ ရှာသင့်ပါတယ်။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး မတရာ ပြုမူမှုတွေအတွက် ကြံရာပါ မဖြစ်သင့်ပါဘူး”

ဒါ့အပြင် ထိုင်းနိုင်ငံဟာ စစ်ကောင်စီကို အားပေးကူညီရာရောက်တဲ့ လုပ်ရပ်တွေ မလုပ်အောင်လည်း ဖိအားပေးဖို့လိုတယ်လို့ Phil Robertson က RFA ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေ ရပ်တန့်သွားအောင် အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းကနေ ဖိအားပေးသင့်ပါတယ်။ ဒီလိုဖိအားပေးတဲ့ နေရာမှာ၊ မြန်မာစစ်တပ်ရဲ့ စွမ်းရည်တိုးတက်လာအောင် ထိုင်းနိုင်ငံက ပါဝင်ကူညီနေတာမျိုး မလုပ်မိအောင်လည်း ဖိအားပေးဖို့ လိုပါတယ်။ အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရနိုင်တဲ့သူတွေကို ပြန်ပို့နေတာဟာ မြန်မာစစ်တပ်ကို အားပေးကူညီရာ ရောက်ပါတယ်”


ဆက်နွှယ်သော သတင်းများ

ထိုင်းက ပြန်ပို့တဲ့ မြန်မာ ၁၈၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

ထိုင်းမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ


နိုဝင်ဘာလ ၁၃ရက်နေ့က ထိုင်းနိုင်ငံကနေ မြန်မာ အာဏာပိုင်တွေဆီကို လွှဲပြောင်းပေးလိုက်တဲ့သူတွေကို ကော့သောင်းမြို့ ခမရ- ၃၄၂ ခြေမြန်တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့နောက် စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေကို စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ရနောင်းထောင်က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၉၈ ဦး စစ်မှုထမ်းဖို့ စုဆောင်းခံခဲ့ရပြီး အဲဒီအထဲက ငါးဦးကိုပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးနဲ့ တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။