မြန်မာနဲ့ သီရိလင်္ကာက ရေဒါစခန်းတွေနဲ့ အိန္ဒိယ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.04.27
မြန်မာနဲ့ သီရိလင်္ကာက ရေဒါစခန်းတွေနဲ့ အိန္ဒိယ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်နေ့က ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ဆုံမှတ် တည်နေရာတွင် အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲပြုလုပ်နေစဉ်။
Myanmar Military

မြန်မာ့ ကိုကိုးကျွန်းမှာ တရုတ်က တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာဟာ တရုတ်အနေနဲ့ လိုအပ်လာရင်စစ်ရေးအရအသုံးပြုနိုင်ဖို့ ဖြစ်ကြောင်း သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။

တရုတ်နဲ့အမေရိကန်ကြား အင်အားပြိုင်ဆိုင်မှုဟာ သူတို့ရဲ့ဆိုင်ရာ မဟာမိတ်နိုင်ငံတွေနဲ့အတူ မြင့်တက်လာနေပြီး အိန္ဒိယသမုဒ္ဒရာအတွင်းက မဟာဗျူဟာမြောက် အရေးပါတဲ့နေရာတွေမှာ နှစ်နိုင်ငံရေတပ်တွေ နီးနီးကပ်ကပ်ရှိနေကြပါတယ်။

ဒီလိုအခြေအနေဟာ သက်ဆိုင်ရာဒေသတွင်းက နိုင်ငံငယ်တွေအပေါ် ကြီးမားတဲ့ဖိအားကို သက်ရောက်စေပြီး အဲဒီနိုင်ငံငယ်တွေ လုပ်ကိုင် ဆောင်ရွက်နေသမျှကိုလည်း နိုင်ငံကြီးတွေက အနီးကပ်စောင့်ကြည့်နေတာပါ။ နိုင်ငံငယ်တွေမှာလည်း လုံခြုံရေးဆိုင်ရာ အထွေထွေအသိ အတတ်ပညာ၊ နည်းပညာနဲ့ ထိရောက်တဲ့ဆက်သွယ်ရေးဆိုင်ရာမဟာဗျူဟာတွေ ချို့တဲ့နေတာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ အဲဒီနိုင်ငံငယ်တွေဟာ ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာ ယှက်နွယ်လှုပ်ရှားနေကြတဲ့ အင်အားကြီးနိုင်ငံတွေကြားမှာ ကစားနေကြရတာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနဲ့သီရိလင်္ကာမှာ တရုတ်က ရေဒါစခန်းတွေ စိုက်ထုတ်ထူထောင်လည်ပတ်ပေးခဲ့တဲ့အပေါ် အိန္ဒိယရဲ့လုံခြုံရေးထူထောင်မှုနဲ့ သတင်းမီဒီယာတွေရဲ့ တုံ့ပြန်မှုတွေက နမူနာသာဓကကောင်းတွေဖြစ်ကြောင်း ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း၊ အမေရိကန်အစိုးရနဲ့ အနီးကပ်လုပ်ကိုင်နေတဲ့ Maxar Technologies နည်းပညာကုမ္ပဏီက မြန်မာ့ကိုးကိုးကျွန်းမှာ အသစ်ပြန်လည်စတင်နေတဲ့ တည်ဆောက်ရေးလုပ်ငန်းသစ်တွေရဲ့ ဂြိုလ်တုဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပါတယ်။ လန်ဒန်အခြေစိုက် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့Chatham House ရဲ့သတင်းတစ်ရပ်မှာလည်း ကိုးကိုးကျွန်းနဲ့ပတ်သက်ပြီး၊ တရုတ်က အိန္ဒိယရေတပ်ကို စောင့်ကြည့်ရာမှာ၊ မြန်မာကို အသုံးချသွားမလားဆိုတာ အိန္ဒိယက အမြဲ စိုးရိမ်နေကြောင်း ဖော်ပြပါတယ်။

အလားတူ အိန္ဒိယသတင်းစာ The Hindu ကလည်း ဂြိုလ်တုဓာတ်ပုံပါ တည်ဆောက်ရေးလုပ်ငန်းတွေအားလုံးကို တရုတ်က လုံး၀ လုပ်ဆောင်နေတာဖြစ်ပြီး လိုအပ်တဲ့အခါ တရုတ်စစ်တပ်ကို အသုံးပြုမှာဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒီအတွင်း သီရိလင်္ကာတောင်ပိုင်းမှာ တရုတ်က ရေဒါစခန်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း ထောက်လှမ်းရေး ရင်းမြစ်တွေကို ကိုးကားပြီး အိန္ဒိယသတင်းစာတွေက ဖော်ပြပါတယ်။ အဲဒီရေဒါစခန်းကနေ အိန္ဒိယရေတပ်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံစောင့်ကြည့်နိုင်ပြီး၊ အဲဒီထဲမှာ အဏုမြူ ဓာတ်အားပေးစက်ရုံနှစ်ရုံ ရှိတဲ့နေရာ အပါအဝင် နိုင်ငံတောင်ပိုင်းက မဟာဗျူဟာမြောက်ဒေသတွေလည်း ပါဝင်ပါတယ်။ ဒါ့ပြင် အဲဒီတရုတ်ရေဒါ စခန်းဟာ ဗြိတိန်ပိုင် Diego Garcia ကျွန်းပေါ်က အမေရိကန်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ထောက်လှမ်းနိုင်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Min Aung Hlaing.jpg
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်နေ့က ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ် တည်နေရာတွင် အထိမ်းအမှတ်ကျောက်တိုင်ဖွင့်လှစ်နေစဉ်။ (Photo: Myanmar Military)

လက်ရှိ ဆယ်စုနှစ်တွေအတွင်း သီရိလင်္ကာနဲ့မြန်မာမှာ တရုတ်ပါဝင်ပတ်သက်မှု တိုးပွားလာနေပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေကစလို့၊ မြန်မာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးနွေးထွေးလာခဲ့ပြီး မြန်မာက တရုတ်ရဲ့ အရံနိုင်ငံသဖွယ်ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဖြစ်လာတာကလည်း အဓိကအကြောင်း နှစ်ရပ်ရှိပြီး တစ်ကြောင်းက တရုတ်က မြန်မာစစ်အစိုးရကို လက်နက်အများအပြား ရောင်းချခဲ့တာ၊ နောက်တစ်ကြောင်းက မြန်မာနိုင်ငံတွင်းမှာ ရှိခဲ့ဖူးတဲ့ တရုတ်စစ်အခြေစိုက်ခန်းတွေ၊ တရုတ်နဲ့ပတ်သက်တဲ့ သတင်းမီဒီယာတွေ၊ ပညာရပ်စာပေနဲ့ စာအုပ်စာတမ်းတွေကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သြစတေးလျ နိုင်ငံ၊ Griffith တက္ကသိုလ်၊ အာရှရေးရာဌာန က၊ ပါမောက္ခ Andrew Selth ကတော့ မြန်မာနိုင်ငံမှာ တရုတ် စစ်အခြေစိုက်စခန်းတွေ ရှိခဲ့တဲ့ အထောက်အထားမတွေ့ရကြောင်း ပြောဆိုပါတယ်။

လေ့လာသူအများကတော့ မြန်မာနဲ့သီရိလင်္ကာမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး၊ သတင်းပေးပို့ချက် အသစ်တွေအပေါ် ကြီးကြီးမားမား အာရုံထားကြပါတယ်။ ဒါပေမဲ့ အဲဒီသတင်းအချက်အလက်တွေက အတည်မပြုနိုင်တဲ့ ရင်းမြစ်တွေဆီကရခဲ့တာတွေ ဖြစ်နေပြီး မှန်းဆချက်တွေ၊ ကောလာဟလတွေ၊ လုပ်ကြံဖန်တီးပြောဆိုတာတွေသာဖြစ်နေတာပါ။ အကြောင်းမလှချင်တော့ အဲဒါတွေကိုပဲ လုံလောက်တဲ့ စိစစ်မှုမရှိဘဲ လက်ခံခဲ့ရပြီး၊ အဲဒါတွေက်ုပဲ တခြားနေရာတွေမှာ ထပ်မံအသုံးပြုနေရတယ်လို့ ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။