မြန်မာစစ်တပ်ကို ဖိအားပေးကြဖို့ အာဆီယံကို နိုင်ငံတချို့ တိုက်တွန်း
2022.01.20

အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေအနေနဲ့ အဖွဲ့ဝင် မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ဘယ်လို ဘယ်ပုံဆက်ဆံမလဲဆိုတဲ့ ကိစ္စဟာ နှစ်နဲ့ ချီနေတဲ့ အကြီးမားဆုံး ပြဿနာ ဖြစ်နေဆဲပါ။ အဖွဲ့တွင်းမှာလည်း ဘယ်သူကမှ မြန်မာစစ်ဗိုလ်ချုပ်တွေကို အမှန်တကယ် မထုတ်ပယ်လိုကြပါဘူး။ ဒီနှစ်အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယား ကလည်း ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဒီလအစောပိုင်း မြန်မာနိုင်ငံခရီးစဉ်အပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို တရားဝင်ဆွေးနွေးပွဲတွေ တက်ရောက်ဖို့၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ဒေသတွင်းဆွေးနွေးပွဲတစ်ရပ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်မရခဲ့ပါဘူး။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ စစ်အာဏာသိမ်း အစိုးရတစ်ရပ်ကို တရားဝင်အသိအမှတ်ပြုရာရောက်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်မျိုးနဲ့ ပတ်သက်ပြီး မသွားရောက်ခင် ဦးဆုံးပထမ ဆွေးနွေး တိုင်ပင် သင့်ကြောင်း ပြောဆိုပါတယ်။
စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးကလည်း အာဆီယံအနေနဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အချက် ငါးချက်ပါ အာဆီယံ သဘောတူညီချက်ကို လိုက်နာပြီး အကြမ်းဖက်မှုတွေ ရပ်တန့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖယ်ရှားခံခဲ့ရတဲ့ တခြားခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း Ong Keng Yong ကလည်း အိန္ဒိယ၊ တရုတ်၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ အခုလို ရှုပ်ထွေးတဲ့အခြေအနေမှာ အကျဘက်ဆီကို ဦးတည်နေပြီး နိုင်ငံကြီးတွေအနေနဲ့ မြန်မာ့အကျပ်အတည်းကို အာဆီယံက ဖြေရှင်း ပေးစေလိုကြောင်း ပြောဆိုပါတယ်။ ဒါပေမဲ့ ဘယ်လို ဘယ်ပုံ ဖြေရှင်းနိုင်မလဲဆိုတာ ကတော့ မသဲကွဲသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကတော့ အာဆီယံဟာ ကာလကြာရှည် ချမှတ်ခဲ့တဲ့ သူတပါးပြည်တွင်းရေး ဝင်မစွက်ရေးမူကို ဆန့်ကျင်ပြီး မြန်မာစစ်ခေါင်းဆောင်ရဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို နိုင်ငံတကာနဲ့အတူ ရှုတ်ချခဲ့ပါတယ်။ အာဏာသိမ်းခဲ့ချိန်ကစပြီး အခုထိ ဆန္ဒပြပြည်သူ ၁၅ဝဝ နီးပါး သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ထောင်ဒဏ် ၆ နှစ် ချမှတ် ခံခဲ့ရပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ပြည်တွင်းစစ်အဆင့်ထိ ရောက်ရှိခဲ့တာပါ။

ဒီအတွင်း မြန်မာစစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက- အာဆီယံက မြန်မာ ကို၊ ၁၉၉၇ ခုနှစ်၊ မာရှယ်လော စစ်အုပ်ချုပ်ရေး ကာလအတွင်း ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံခဲ့ကြောင်း၊ မြန်မာနဲ့ ပြဿနာရှိတဲ့ နိုင်ငံဆိုလို့၊ သုံးလေးနိုင်ငံသာ ရှိကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည် အလည်အပတ်ခရီးဟာ ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လမ်းခင်းပေးရာရောက်ကြောင်း၊ အာဆီယံအတွင်း မြန်မာကို လမ်းလွဲအောင် ကြံဆောင် နေသူတွေဟာ သူတပါး ဩဇာခံတွေ ဖြစ်ကြောင်း၊ ကြာရင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေသတွင်းကိစ္စတွေကို ကိုယ်ပိုင် မဆုံးဖြတ်နိုင်တော့ဘဲ ပြင်ပအင်အားကြီးနိုင်ငံတွေက ချယ်လှယ်သွားတော့မှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အာဆီယံ ၁ဝ နိုင်ငံထဲမှာ စစ်အာဏာသိမ်းနှစ်နိုင်ငံ ရွေးကောက်ပွဲမရှိတဲ့ ကွန်မြူနစ်အစိုးရ နှစ်နိုင်ငံ၊ နှစ်နှစ်ဆယ်ကျော်ကြာ အုပ်ချုပ်ရေးပါတီတွေရှိတဲ့ နိုင်ငံနှစ်နိုင်ငံ၊ ဘုရင် အုပ်ချုပ်တဲ့နိုင်ငံ တစ်နိုင်ငံ ရှိပါတယ်။ အဲဒီထဲမှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေသာ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ပြီး၊ အခုနှစ်ပိုင်းတွေအတွင်း ရွေးကောက်ပွဲတွေမှာ အနိုင်ရပါတီတွေကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးခဲ့ကြပါတယ်။
ဒီအတွင်း မြန်မာရဲ့ တစ်ခါက တောက်ပခဲ့တဲ့ အနာဂတ်မျှော်လင့်ချက်ကလည်း မှုန်မှိုင်း မှိန်ဖျော့လာနေပြီး Failed State လို့ ခေါ်ကြတဲ့ ကျရှုံးနိုင်ငံ အဖြစ်ဆီ ဦးတည်နေပြီဖြစ်လို့ အရေးပေါ် အခြအနေအဖြစ် နိုင်ငံတကာသတင်း ဝေဖန်ချက်တချို့က ပြောဆိုလာကြပါပြီ။ ဒါ့ပြင် ကမ္ဘာ့အဓိက အင်အားကြီးနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေအနေနဲ့ နိုင်ငံတကာ အသိုင်း အဝန်းနဲ့အတူ မြန်မာစစ်တပ်ကို ဖိအားပေးကြဖို့၊ နိုင်ငံနဲ့ ပြည်သူတွေ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်အောင် တွန်းအားပေးကြဖို့လည်း နိုင်ငံတချို့က တိုက်တွန်းလာနေကြပြီဖြစ်ပါတယ်။