ထိုင်းနိုင်ငံမှာ အိမ်နဲ့ ကွန်ဒိုတိုက်ခန်းဝယ်တဲ့ မြန်မာတွေများလာ
2022.08.13
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ထိုင်းနိုင်ငံထဲကအိမ် တွေကို မြန်မာလူမျိုးအများအပြား လာရောက်ဝယ်ယူနေကြတယ်ဆိုတဲ့ သတင်းတွေကို အွန်လိုင်းသတင်းတွေ၊ လူမှုစာမျက်နှာတွေမှာ တွေ့လာရပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၂၀ လောက်မှာ စတက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံ ဗဟိုဘဏ်ရဲ့ စာရင်းဇယားတွေအရ ၂၀၂၀ ခုနှစ် အစောပိုင်းအချိန်ကာလမှာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေရောင်းချရတဲ့ငွေဟာ အမေရိကန် ဒေါ်လာ ၉၉.၃၃ ဘီလျံလောက်ထိ ရှိခဲ့ပါတယ်။
အဲဒီကာလက ဝယ်သူတွေက ရင်းနှီးမြှုပ်နှံကြတာဖြစ်ပြီး မြန်မာပြည်မှာ အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းမှာ အိမ်တွေကို လာရောက်ဝယ်နေတယ်ဆိုတဲ့ မြန်မာတွေကတော့ အခြေချနေထိုင်ဖို့ ဝယ်သူတွေများတယ်လို့ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ မနွယ်နွယ် (အမည်လွှဲ) က ပြောပါတယ်။
"ဘန်ကောက်မှာလာပြီး အခြေချတဲ့သူ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်"
အခုအချိန်မှာ မြန်မာနိုင်ငံက ရောက်လာသူတွေရဲ့ ၈၀ ရာခိုင်နှုန်းက တိုက်ခန်းဝယ်၊ အိမ်ဝယ်ကြတယ်လို့လည်း သူက ပြောပါတယ်။
“အရင်တုန်းကလာကြတာက စက်ာပူတို့ သြဇီတို့ဘက်က လာကြတာများတယ်။ သူတို့ ကတော့ ရင်းနှီးမြှုပ်နှံကြတာပေါ့နော်။ အများစုက။ သူတို့က တိုက်ခန်းဝယ်လိုက်တယ်။ ပြီးရင် ဒီတိုက်ခန်းကို သူတို့ဝယ်တဲ့ဈေးနဲ့ သူတို့ပြန်စားချတယ်။ ဘယ်နှနှစ်ငှားရင် အရင်းကျေမလဲ၊ အဲဒီလို ပုံစံမျိုး။ အခုနောက်ပိုင်း မြန်မာပြည်က လာတဲ့သူတွေကျတော့ အဲဒီလို မဟုတ်ဘူး။ မြန်မာပြည်ကလူတွေက လာပြီးအခြေချကြတာ၊ ဒီဘက်မှာ။ ဘန် ကောက်မှာလာပြီး အခြေချတဲ့သူ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့က အိမ်ခြံမြေ ဝယ်တာတစ်မျိုးတည်း မဟုတ်ဘူး။ တချို့ဆို သားသမီးတွေပါပါတယ်။ သားသမီးတွေ ကျောင်းအပ်မယ်၊ အဖေက ကားဝယ်မယ်။ သူတို့မှာပါမယ့် ပတ်စ်ပို့၊ ဒီဘက်မှာနေဖို့ စာရွက်စာတမ်းတွေ အကုန်လုံးလုပ်ပေးရတာ”
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ ဘဏ်လုပ်ငန်းတွေ၊ စီးပွားရေး တွေပျက်စီး၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်၊ နိုင်ငံရဲ့တစ်နေရာမဟုတ် တစ်နေရာမှာ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်နေချိန်မှာ မိသားစုလိုက် ထိုင်းကိုထွက်ပြီး အခြေချနေထိုင်ဖို့ စီစဉ်ကြတာ ဘယ်သူတွေပါလဲ။
“ကျမသိသလောက် စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေ၊ နောက် ဦးပိုင်စီးပွားရေး လုပ်ငန်းက အရာရှိတွေ၊ လူကြီးတွေ၊ သူတို့ရဲ့အမျိုးအနွယ်တွေက ပြည်ပကိုထွက်ကြ တယ်။ တစ်ယောက်တစ်လေ မဟုတ်ဘူးနော်။ ဇနီးတွေရော၊သားသမီးတွေရောပါ လာကြတယ်။ တချို့ဆိုရင် ဘယ်လောက်ထိ မျှော်မှန်းလဲဆိုတော့ အနောက်ဥရောပတို့ သြစတြေးလျှတို့ထိ မျှော်မှန်းတယ်နော်။ တချို့ စစ်တပ်ထဲမှာရှိတဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေက ပြည်ပကိုထွက် ခွင့်မရှိတဲ့၊ တားထားတဲ့အထဲမှာ ပါနေတဲ့အတွက် ကလေးတွေကို ပညာသင်ပြီးတော့မှ နောက်ထပ်နိုင်ငံတစ်ခုကို ထွက်ရအောင်လုပ်မှ သူတို့က ထွက်လမ်းပေါက်မယ်ပေါ့နော်။ ကျမ သူတို့ကို ဂိုက်လုပ်ခဲ့ရတယ်”
ဒါကတော့ ထိုင်းနိုင်ငံမှာနေထိုင်ပြီး မြန်မာတွေအရေး ကူညီပေးနေသူ ဒေါ်သက်သက် ပြောခဲ့တာပါ။
စစ်တပ်အရာရှိကြီးတွေ၊ ဦးပိုင်အရာရှိကြီးတွေက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူ ထုရဲ့ ဆန့်ကျင်မှုနဲ့ အမုန်းတရားတွေဒဏ်ကြောင့် ပြည်တွင်းမှာမနေရဲတော့လို့ ပြည်ပမှာ ထွက်ပြီးအခြေချတာဖြစ်ပေမယ့် ပိုက်ဆံရှိသူ၊ အဆက်အသွယ်ကောင်းသူတချို့နဲ့ ထိုင်းမှာ စီးပွားရေးလုပ်ကိုင်နေသူတချို့လည်း ထိုင်းမှာ အိမ်တွေဝယ်ပြီး နေထိုင်ကြပါတယ်။ အဲဒီ အထဲမှာပါဝင်သူ တစ်ယောက်ကတော့ ကုန်ကျတဲ့ငွေနဲ့ ထိုက်တန်တဲ့ လူနေမှုအဆင့် အတန်းရတဲ့အတွက် ထိုင်းမှာနေထိုင်ဖို့ ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။
“ထိုင်းနိုင်ငံမှာက အစစအရာရာလုံခြုံတယ်လို့ မြန်မာတော်တော်များများက ယုံကြည် ကြတာရော၊ ကလေးတွေ ပညာရေးအတွက်လည်း လုံခြုံစိတ်ချရမယ်ပေါ့နော်။ ကျမ တို့နိုင်ငံက အခုဆိုရင် တဖြည်းဖြည်းနဲ့ ကျဆင်းနေပြီ။ အောက်ကိုပဲ ဆင်းသွားနေတာ။ ပညာရေးဆိုလည်း ပညာရေးပေါ့။ မီးမလာတာ၊ ကိုယ့်ရဲ့အသက်အိုးအိမ် လုံခြုံရေး အတွက် အာမခံချက် မရှိတာ၊ ဒါတွေကို မြန်မာပြည်သူတွေက ကြောက်လာကြတယ်။ ကြောက်လာကြလို့ အခုလိုမျိုး ကိုယ့်နိုင်ငံနဲ့ အနီးဆုံးဖြစ်တယ်၊ မိသားစုတွေကိုလည်း အချိန်မရွေးခေါ်နိုင်တယ်။ ကုန်ကျစရိတ်ကလည်း ထိုင်းနိုင်ငံသည် အသင့်တော်ဆုံး ဖြစ်တယ်။ အိမ်ဝယ်တဲ့အခါကျတော့လည်း ကိုယ့်နိုင်ငံမှာ သိန်းသောင်းချီတဲ့ အိမ်မျိုးကို ဒီမှာ သိန်းသုံးလေးငါးထောင်လောက်နဲ့ ကောင်းကောင်းနေရတယ်။ ပေးရတာနဲ့တန် အောင် နေရတယ်ပေါ့နော်။ ကျမကိုယ်တိုင်လည်း ဒီအချက်တွေကို အခြေခံပြီး ရွေးချယ် ထားတာဖြစ်ပါတယ်”
မြန်မာနိုင်ငံက စီးပွားရေးသမားတချို့ ကလည်း ထိုင်းနိုင်ငံမှာ အိမ်ဝယ်ဖို့ စဉ်းစားလာကြ ပါတယ်။ အသက်အိုးအိမ် မလုံခြုံရုံမက စီးပွားရေးပါ လုပ်စားလို့ မရတော့လို့ အဲဒီလို စဉ်းစားတာလို့ ဘန်ကောက်မှာ အိမ်ဝယ်ဖို့ စီစဉ်နေသူ တစ်ယောက်က ပြောပါတယ်။
“အဲဒီဘက်မှာသွားဝယ်ဖို့ အစီအစဉ်တော့ရှိတယ်။ လေ့လာနေတာပေါ့နော်။ ကိုယ်က တော့ ကိုယ့်ဘက်မှာပဲ ရန်ကုန်မှာပဲ ကိုယ့်အိမ်နဲ့နီးတော့ ဘာပဲဖြစ်ဖြစ် အခန်းဘာလို တယ်။ အဲကွန်းတွေ servicing လိုတယ်၊ ဘာပဲဖြစ်ဖြစ် နီးတော့ သွားလုပ်လို့ကောင်း တယ်။ ဘယ်သူ့ကိုမှလည်း အားကိုးစရာမလိုဘူး။ အရင်အခြေအနေပေါ့နော်။ အခု ကျတော့ ဘာမှလုပ်လို့ မရတော့ဘူး။ ဘဏ်တွေကလည်း ဘာမှမလုံခြုံတော့ဘူး။ မြန်မာငွေကလည်း အရမ်းကိုတန်ဖိုးတွေကျတယ်။ အိမ်ခြံမြေဆိုလည်း ဈေးကွက်ပျက် တာတို့၊ အစစအရာရာ ဈေးကွက်တွေပျက်ပြီး လုပ်စားလို့ မရတော့ဘူးဆိုတော့ စဉ်းစား လိုက်တာက သြော်.. ဟိုဘက်မှာ အိမ်ငှားစားမလား။ ဆေးသွားကုတဲ့သူတွေ၊ ကျောင်း သွားတက်တဲ့ ကလေးတွေ။ အဲဒီဘက်ကို တွက်ထားလိုက်တာပေါ့။ လေယာဉ်စီးရင် လည်း ခဏလေးနဲ့ ရောက်တယ်။ ပြီးတော့ ဝယ်ထားပြီး မငှားရဘူးဆိုရင်လည်း ပြန် ရောင်းလို့ရလား၊ ဈေးတက်လား အဲဒါ စုံစမ်းနေတယ်”
ထိုင်းမှာ မြန်မာ အပါအဝင် နိုင်ငံခြားသားတွေ အဝယ်များတာ ကွန်ဒိုတွေဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ယာခွန် မပေးဆောင်ရတာ၊ အိမ်ခြံမြေခွန် မပေးဆောင်ရတာ၊ အိမ်ယာဖြို ဖျက်ခံရတာမျိုး မရှိတာ၊ မိသားစုအစဉ်အဆက် အကန့်အသတ်မရှိ အိမ်ခြံမြေ ပိုင်ဆိုင်နိုင် တာတွေကြောင့် ကွန်ဒိုတွေ အဝယ်များတာလို့ မြန်မာနိုင်ငံမှာရော၊ ထိုင်းနိုင်ငံမှာပါ အိမ်ခြံ မြေလုပ်ငန်းလုပ်ကိုင်နေတဲ့ iMyanmarHouse.com ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဟာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး မြို့ တစ်မြို့ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးဗဟိုချက်တစ်ခုလည်းဖြစ်ပါတယ်။ ထိုင်းမှာ အိမ်ခြံ မြေဈေးနှုန်းသက်သာပြီး အမြတ်အစွန်းများတာ၊ အိမ်ငှားရမ်းခမယ့်သူတွေ အမြဲရှိနေတာ၊ နေထိုင်စရိတ်သက်သာတာ၊ Down Payment နဲ့ အတိုးနှုန်းသက်သာတာတွေအပြင် နိုင်ငံ ရေးအခြေအနေ တည်ငြိမ်တာ၊ စီးပွားရေးတိုးတက်မှု တည်မြဲမှုရှိတာနဲ့ အိမ်ခြံမြေ ဈေးနှုန်း တွေ ဆက်လက်တက်လာမယ့် အလားအလာတွေရှိတာဟာ အကြောင်းအမျိုးမျိုးနဲ့ ထိုင်း နိုင်ငံမှာ အိမ်ဝယ်ချင်သူတွေ၊ အခြေချချင်သူတွေအတွက် စဉ်းစားဖွယ်ရာတွေဖြစ်နေပါတယ်။
တကယ်တော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက အိမ်ခြံမြေဈေးကွက်ဟာ လည်း တဟုန်ထိုးတက်လာခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်က အိမ်ခြံမြေအပြင် တိုက်ခန်း ဈေးတွေပါ အဆမတန်တက်နေတာဖြစ်ပြီး လမ်းမတန်းတွေမှာဆိုရင် ပေ ၄၀- ၆၀ မြေ ကွက်ပေါ်က တော်ရုံတန်ရုံ အိမ်လောက်ကိုတောင် သိန်းတစ်သောင်းခွဲလောက် ခေါ်နေကြ တယ်လို့ ရန်ကုန်က အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က ပြောပါတယ်။ တိုက် ခန်းတွေဆိုရင်လည်း အတွင်းလမ်း အပေါ်ဆုံးထပ်ကိုတောင် ပြင်ဆင်ပီး သိန်း ၄၅၀ အထက် ရောင်းကြတာတောင် တိုက်ခန်းထွက်သလောက် အရောင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို အိမ်ခြံမြေဈေးကွက် တဟုန်ထိုးမြင့်တက်သွားရတဲ့ အကြောင်းရင်းကို ရန်ကုန်မှာ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်နေသူတစ်ယောက်က ခုလို ပြောပါတယ်။
“ပြည်တွင်း အိမ်ခြံမြေဈေးကွက်ကတော့ ဟုန်းဟုန်းထပဲ။ ဘဏ်ကို မသုံးချင်တော့လို့၊ အယုံအကြည်မရှိကြတော့လို့ အိမ်ခြံမြေကိုပဲ အားကိုးနေတဲ့ အခြေအနေပေါ့နော်။ ပြီး တော့ ရွှေတွေ၊ ဒေါ်လာတွေကိုလည်း လိုက်ဖမ်းလိုက်လုပ် လုပ်နေကြတော့၊ ခိုင်မြဲနေ တာ လောလောဆယ် ပြဿနာမရှိတာကတော့ အိမ်ခြံမြေပေါ့နော်။ လူတွေက ငွေကို မကိုင်ချင်တဲ့အခါကျတော့ အတင်းတွေဝယ်ကြတာပေါ့နော်။ အရင်ရောင်းမထွက်တာ တွေလည်း ရောင်းထွက်၊ ပြီးတော့ ဒီငွေကြီးတွေကိုင်ပြီး စိတ်ပျက်နေကြတာပေါ့နော်။ အဲဒါကတော့ ကိုယ်ကိုယ်တိုင်ရောပါပဲ”
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရော အိမ်နီးချင်းထိုင်း နိုင်ငံမှာပါ အိမ်ခြံမြေ ဈေးကွက်တွေ လှုပ်ခတ်ခဲ့ပေမယ့် လှုပ်ခတ်ရတဲ့အကြောင်းရင်း ကတော့ မတူပါဘူး။ အခုကာလအတွင်း မြန်မာနိုင်ငံမှာ အိမ်ဝယ်သူတွေက လက်ထဲရှိတဲ့ ပိုက်ဆံလေး အသုံးမတည့်တော့မှာစိုးလို့ ကြောက်လန့်ပြီး အိမ်ခြံမြေ တွေဝယ်ကြတာဖြစ် ပြီး ထိုင်းမှာဝယ်ကြသူတွေကတော့ အရည်အသွေးရှိတဲ့ လူနေမှုဘဝနဲ့ သေချာတဲ့အမြတ် အစွန်းရရှိမှာဖြစ်တဲ့အတွက် မျှော်လင့်ဝယ်ယူကြတာဖြစ်ပါတယ်။