မြန်မာနိုင်ငံသား သုံးရာနီးပါး စင်ကာပူနိုင်ငံသားခံယူ

RFA Burmese
2025.02.04
မြန်မာနိုင်ငံသား သုံးရာနီးပါး စင်ကာပူနိုင်ငံသားခံယူ စင်ကာပူရှိ Marina Bay တွင် လူများလမ်းလျှောက်ကြသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Roslan RAHMAN / AFP Photo

စင်ကာပူမှာရောက်နေတဲ့ မြန်မာနိုင်ငံသား သုံးရာနီးပါး နိုင်ငံသားအဖြစ်စွန့်လွှတ်ပြီး စင်ကာပူနိုင်ငံသား ပြောင်းလဲခံယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ဖေဖော်ဝါရီလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအတွင်း စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်တပ်က စစ်မှုထမ်းဖို့ ခေါ်တာတွေရှိတယ်၊ အဲဒါတွေ မလုပ်ချင်တဲ့အခါကျတော့ ပြောင်းတာပါတယ်"

အားလုံးဟာ မှတ်ပုံတင်မူရင်းနဲ့ နိုင်ငံကူးလက်မှတ်မူရင်းကို မြန်မာသံရုံးဆီ ပြန်အပ်ရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ နေ့မတိုင်ခင် သံရုံးထောက်ခံစာ ထုတ်ယူကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

စင်ကာပူအစိုးရဟာ ပညာတတ်တွေနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကိုပဲ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် Permanent Resident (PR) ထုတ်ပေးလေ့ရှိတာပါ။

အသက် ၂၁ နှစ်ပြည့်ပြီး လစဉ်ဝင်ငွေ အနည်းဆုံး စင်ကာပူဒေါ်လာ သုံးထောင်ရှိသူတွေပဲ PR ရရှိကြတာဖြစ်သလို နှစ်နှစ်ကျော်၊ သုံးနှစ်နေထိုင်ပြီးမှ စင်ကာပူနိုင်ငံသားအဖြစ် လျှောက်လို့ရတာပါ။


ဆက်နွှယ်သော သတင်းများ

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွာမှု ပိုများလာ

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပင်တဲ့ နည်းဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

NUG အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံသားရုပ်သိမ်းမှု ဥပဒေနဲ့ ညီညွတ်မှုမရှိ


အရင်က Permanent Resident (PR) ရသူတိုင်း နိုင်ငံသားမလျှောက်ကြပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း PR ရတာနဲ့ နိုင်ငံသားလျှောက်တာ ပိုများလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"PR (အမြဲတမ်းနေထိုင်သူ) အဖြစ်နဲ့ပဲနေပြီး အချိန်တန်ရင် ကိုယ့်ဟာကို မြန်မာနိုင်ငံပြန်ပြီးတော့ မြန်မာနိုင်ငံသား အနေနဲ့နေပြီးတော့ မြန်မာနိုင်ငံပြန်ကြမဲ့သူပေါ့နော်၊ အဲလိုစိတ်ကူးတွေနဲ့ကျတော့ စင်ကာပူနိုင်ငံသားအဖြစ် မလျှောက်တော့ဘူး။ နိုင်ငံသား မလျှောက်တော့ဘဲနဲ့ PR နဲ့ပဲ နေကြတာပေါ့နော်။ အခုနောက်ပိုင်း နိုင်ငံရေးကလည်း မကောင်းတော့ ပြန်ဖို့အတွက် အဆင်မပြေတော့ဘူးပေါ့နော်၊ မပြန်ချင်ကြတော့တာကြောင့် Citizen (နိုင်ငံသား) အဖြစ် လျှောက်တာတွေ ပိုများလာတယ်လို့ ထင်တာပဲ"

အရင်က အခုလိုမျိုး စင်ကာပူနိုင်ငံမှာ နှစ်ရာကျော်၊ သုံးရာနီးပါးလောက် နိုင်ငံသားအဖြစ် ပြောင်းကြတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မြန်မာသံရုံးမှာ ပတ်စ်ပို့စ်တိုးရတာ ခက်ခဲသလို စစ်ကောင်စီ လက်အောက်ပြန်ပြီး စစ်မှုမထမ်းချင်ကြတာကြောင့် နိုင်ငံသားအဖြစ် ပြောင်းကြတာလို့ စင်ကာပူနိုင်ငံမှာ နှစ်နှစ်ဆယ်ခန့် နေထိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းကြတယ်ဆိုတာက နံပါတ်တစ်အချက် မြန်မာနိုင်ငံရဲ့ ခေတ်ကာလမကောင်းလို့၊ မြန်မာသံရုံးမှာ ပတ်စ်ပို့စ်သွားလုပ်ရတဲ့ အခက်ခဲတွေ သိတယ်မဟုတ်လား၊ PR ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် ပတ်စပို့စ်သက်တမ်း တိုးမပေးတာတွေရှိတယ်၊ စစ်တပ်က စစ်မှုထမ်းဖို့ ခေါ်တာတွေရှိတယ်၊ အဲဒါတွေ မလုပ်ချင်တဲ့အခါကျတော့ ပြောင်းတာပါတယ်"

မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်ချင်သူတွေဟာ အထောက်အထားအပြည့်အစုံနဲ့ လျှောက်ကြဖို့ လိုအပ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရာရာမပြည့်စုံတဲ့နိုင်ငံမှာ ဘယ်သူမှ မနေချင်ဘူးလို့ စင်ကာပူကနေ PR ရပြီးမှ စစ်တပ်အာဏာမသိမ်းခင် ပြန်လာသူတစ်ဦးက RFA ကို ပြောပါတယ်။

"ငါတို့နိုင်ငံက သူတို့နိုင်ငံလိုမျိုး လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေးအားလုံး ကောင်းနေရင် ဘယ်သူက ပြောင်းမှာလဲ၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး ဘာမှမပြည့်စုံတဲ့နေရာမှာ ဘယ်သူမှ မနေချင်ဘူး။ အခွင့်အရေး ရတယ်ဆိုရင် ဘယ်သူမဆို ပြောင်းမှာပဲ။ အခုမြန်မာပြည်ပြန်ဖို့အတွက် အခွင့်အရေးတွေကလည်း မြင်တဲ့အတိုင်းပဲ၊ သားသမီးတွေရဲ့ လုံခြုံရေးတွေက ဘာညာဘာညာတွေကအစ၊ ဒီလောက်အထိ ဆိုးရွားနေတာ ဘယ်သူကမှ ကိုယ့်သားသမီးကိုခေါ်ပြီး ဒီလို (မြန်မာနိုင်ငံ) နေရာကို ပြန်လာချင်မှာလဲ၊ ဒီကတောင်ထွက်ဖို့ ကြိုးစားနေတဲ့ သူတွေက၊ စစ်မှုထမ်းတွေ ဘာမှလုပ်မထားဘူးဆိုရင်တော့ အရင်နှစ်တွေကလည်း အဲလိုမှမလုပ်တာ၊ ၂၀၂၄ မှာ ဒါတွေက အုန်းအုန်းနဲ့ထဖြစ်လာတာလေ၊ ကိုယ့်မိသားစု လုံခြုံရေး၊ ကိုယ့်သားသမီး လုံခြုံရေးအတွက်လုပ်မှာပဲ"

စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲလိုက်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်အချို့ကို RFA အနေနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လုံခြုံရေးအရ ဖြေဆိုဖို့ ငြင်းဆိုခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ လက်ရှိ စင်ကာပူနိုင်ငံမှာ မြန်မာအလုပ်သမား နှစ်သိန်းကျော်ရှိပါတယ်။

စင်ကာပူနိုင်ငံရှိ Marina Bay Sands အပန်းဖြေစခန်းရှေ့ရှိ Merlion ရုပ်တုဘေးတွင် လူတချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က တွေ့ရစဉ်။ (Roslan RAHMAN / AFP Photo)
စင်ကာပူနိုင်ငံရှိ Marina Bay Sands အပန်းဖြေစခန်းရှေ့ရှိ Merlion ရုပ်တုဘေးတွင် လူတချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က တွေ့ရစဉ်။ (Roslan RAHMAN / AFP Photo)

NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို အပြီးပြန်လာခဲ့တာ အခုနောင်တရနေတယ်လို့ ဂျပန်နိုင်ငံမှာ ၁၃ နှစ်ကျော် နေထိုင်လာသူတစ်ဦးက RFA ကို ပြောပါတယ်။

"အမေစုလက်ထက် တိုင်းပြည်က ပိုပြီးကောင်းလာတဲ့အချိန်မှာ ဘာလို့သူများနိုင်ငံမှာ ကျွန်ခံပြီးနေဦးမှာလဲ။ စင်ကာပူလို၊ ဘန်ကောက်လို၊ ဂျပန်မှာရှိတဲ့သူတွေတောင် ပြန်လာတဲ့အထဲ ပါကြပါတယ်။ ငါ့နိုင်ငံပြန်ပြီးတော့ ခေတ်ကောင်းအမီကို ငါတို့တွေ ကိုယ့်နိုင်ငံကိုပြန်ပြီးတော့ ကြိုးစားကြမယ်ဆိုတဲ့သူတွေက အများစုပေါ့လေ၊ အဲတုန်းက ကျွန်တော်တို့ ပြန်လာတယ်ဆိုတာကလည်း ကိုယ့်နိုင်ငံ ဒီထက်ကောင်းလာမယ်လို့၊ မျှော်လင့်လို့ နောက်တစ်ခါ လုပ်ကိုင်ခွင့် အများကြီးရှိလာမယ်၊ နိုင်ငံခြားရဲ့ အကူညီတွေနဲ့ ပရောဂျက်တွေအများကြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရမယ်ဆိုပြီးတော့ ပြန်လာတာ၊ ဒါပေမဲ့ ဒီရောက်တဲ့အချိန် အာဏာသိမ်းပြီးနောက် အဲဒီအိပ်မက်တွေက အားလုံးပျက်သွားပြီးတော့ အကုန်လုံး ရိုက်ချိုးခံလိုက်ရတာပေ့ါလေ၊ နိုင်ငံသားဖြစ်တဲ့သူတွေတောင် နိုင်ငံသားကိုစွန့်ပြီးတော့ ပြန်လာတဲ့သူတွေရှိတယ်။ သူတို့တွေမှာ အရမ်းကို နစ်နာသွားတာပေါ့လေ၊ ငါတို့ မလာမိရင်ကောင်းသား၊ ဒီလိုမှန်းသိရင် မလာပါဘူးဆိုတဲ့သူတွေက အများစုပေါ့လေ၊ အခုချိန်မှာ အားလုံးက ပြန်ထွက်ဖို့ပဲ အသည်းအသန်ကြိုးစားတဲ့ အနေထားရောက်သွားတော့ ပြောင်းပြန်ဖြစ်သွားတာပေါ့"

၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှာ စတင်အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့်လည်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်အများအပြား ပြည်ပနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ထွက်နေကြတာပါ။

စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေကို ပြည်ပထွက်ခွင့်မရအောင် လေဆိပ် အပါအဝင် နယ်စပ်ဂိတ်ပေါက်အားလုံးမှာ တင်းတင်းကျပ်ကျပ် တားမြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။