အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ ကွယ်ပျောက်မယ့်အရေး ရင်ဆိုင်နေရ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.08.24
အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ ကွယ်ပျောက်မယ့်အရေး ရင်ဆိုင်နေရ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အကြိုအဖြစ် ရန်ကုန်မြို့ လှည်းတန်းလမ်းမတွင် ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဥ်။
ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဟာ အလုပ်သမားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို ဝန်ဆောင်မှုပေးနေတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း CSO တွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ မတရားဖမ်းဆီးချုပ်နှောင်တာတွေ၊ အကြမ်းဖက်မှုတွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းတာ၊ စက်ပစ္စည်းတွေကို မတရားသိမ်းယူတာ၊ တယ်လီဖုန်းကနေ ခြိမ်းခြောက်တာ၊ စစ်ဆေးမေးမြန်းတာနဲ့ စောင့်ကြည့်တာ အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားနှိပ်စက်ညှဉ်းပန်းမှုတွေဟာ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာကန့်သတ်ရာရောက်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အဲဒီလိုအဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထားအရေးယူတာဟာ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းကိုလည်း ထိခိုက်စေကြောင်း၊ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ လုံခြုံရေးတင်းကြပ်ထားပြီး၊ အလုပ်သမားအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေမှာ လုပ်ငန်းခွင်ဆိုင်ရာ အဓိကပြုပြင်ပြောင်းလဲချိန်ညှိမှုတွေ ဆောင်ရွက်ခဲ့ကြရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့တွေက အလုပ်သမား အခွင့်အရေးကာကွယ်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ အဲဒီအဖွဲ့တွေ ခြိမ်းခြောက်ခံနေရပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အဲဒီအဖွဲ့တွေ ဆက်လက်ရှင်သန်နေအောင် သူတို့ရဲ့အရေးကြီးတဲ့ အဲဒီအလုပ်တွေကို ဆက်လက်ဆောင်ရွက်သွားနိုင်အောင် ဝိုင်းဝန်းကူညီဖို့ လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Panudda Boonpala က ပြောပါတယ်။

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး အလုပ်သမားသမဂ္ဂတွေ ကွယ်ပျောက်သွားမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ပြောဆိုပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက အလုပ်သမားတွေနဲ့ နေရာ ရွှေ့ပြောင်းခဲ့ကြရသူတွေအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့တွေကို စစ်တပ်က ထင်သလိုဖမ်းဆီး အကြမ်းဖက်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာ့ကုန်သွယ်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ပျက်သုဉ်းပျောက်ကွယ်သွားမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်းလည်း ဖော်ပြပါတယ်။

mdy-workers-protest.jpg
၂၀၂၀ ပြည့်နှစ် မတ် ၈ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းနေတာတွေကို စိစစ်ပေးဖို့ အလုပ်သမားများက ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။ (Photo: RFA)

စစ်တပ်အာဏာသိမ်းအပြီး ပိတ်ပင်ခံခဲ့ရတဲ့ အဲဒီအဖွဲ့တွေနဲ့ အမည်ပျက်စာရင်းမှာ တရားဝင်မပါဝင်တဲ့ အဖွဲ့တွေကိုပါ အာဏာပိုင်တွေအနေနဲ့ အဖွဲ့တွေရဲ့ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးနိုင်ပါတယ်။ သတင်းမှားတွေဖြန့်မှု၊ ပြည်သူလူထုကို ထိတ်လန့်စေမှု၊ သွေးထိုးလှုံ့ဆော်မှု စတာတွေနဲ့ ဖမ်းဆီးနိုင်တာဖြစ်ပါတယ်။

အလုပ်သမားခေါင်းဆောင်တစ်ဦးကတော့ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်မရှိ ကြောင်း ပြောဆိုပါတယ်။

အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးနိုင်အောင် ပြီးခဲ့တဲ့ဆယ်စုနှစ်က အုတ်မြစ်ချခဲ့ကြောင်း၊ အခုလက်ရှိမှာတော့ သမဂ္ဂဖွဲ့စည်းရေးဟာ အန္တရာယ်တစ်ခုသဖွယ်ဖြစ်နေကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဒီကိစ္စအောင်မြင်အောင် ရပ်တည်ကူညီစေလိုကြောင်းလည်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။