ပြည်ပရောက် မြန်မာအလုပ်သမားတွေ အခွန်ဆောင်ရေး ဆက်တိုက်ဖိအားပေးခံနေရ
2024.09.05
စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ နှစ်ရာခိုင်နှုန်းကို အခွန်ဆောင်ဖို့နဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုတွေထံ လွှဲပြောင်းဖို့ ဖိအားပေးတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ပြည်ပရောက် မြန်မာ အလုပ်သမားတွေက ပြောပါတယ်။
ဝင်ငွေခွန်ကို စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ပြည်ပနိုင်ငံတွေက မြန်မာသံရုံးတွေနဲ့ မြန်မာပြည်တွင်းက အခွန်ရုံးတွေမှာ ပေးဆောင်ဖို့ စစ်ကောင်စီက ကြေညာထားတာပါ။
"သံရုံးမှာ အခွန်ဆောင်ရင်တော့ ပက်စ်ပို့သက်တမ်းတိုးမှ တစ်ခါတည်း ဆောင်ရတာဗျ"
ငွေလွှဲမှုတွေကို သက်ဆိုင်ရာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူလုပ်ပေးရပြီး လိုက်နာမှုမရှိရင် အေဂျင်စီတွေ လိုင်စင်ပိတ်သိမ်းခံရမယ့်အထိ ဖိအားပေးခံထားရတယ်လို့ ရန်ကုန်မြို့အခြေစိုက် အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"အလုပ်သမားတွေ ငွေလွှဲရင် ကုမ္ပဏီက တာဝန်ယူပြီးတော့ လုပ်ပေးရမယ်။ မလုပ်ပေးနိုင်လို့ အလုပ်သမားတွေ မလွှဲလို့ရှိရင် ကုမ္ပဏီတွေကို လိုင်စင်ရပ်နားတာတို့ ပိတ်သိမ်းတာတို့ လုပ်မယ်လို့ ပြောထားတာရှိတယ်။ အသက် ကန့်သတ်ချက်တွေ ဘာတွေနဲ့ဆိုတော့ ကျွန်တော်တို့ လူရှာရတာလည်း နည်းနည်းခက်တော့ အဲလောက်အထိ မပို့နိုင်တော့ဘူး"
စင်ကာပူရောက် မြန်မာအလုပ်သမားတစ်ဦးရဲ့ အခွန်နှုန်း သတ်မှတ်ချက်က ပါမစ်အမျိုးအစားအလိုက် စင်္ကာပူ ရှစ်ဒေါ်လာကနေ ဒေါ်လာ ခြောက်ဆယ်အထိရှိတာပါ။
ဆက်နွှယ်သော သတင်းများ
ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ ငွေလွှဲမှု ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်း
စစ်အသုံးစရိတ်ဖြစ်လာနိုင်တဲ့ ဝင်ငွေခွန်ကို ပြည်ပရောက် မြန်မာတွေ မဆောင်လို
စစ်ကောင်စီ ဝင်ငွေခွန်ကောက်မယ့်အပေါ် ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကန့်ကွက်ဆန္ဒပြ
မိသားစုအတွက်ကိုတော့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေ ပေါက်စျေးအတိုင်း လွှဲပေးရတာကြောင့် နစ်နာမှုတွေရှိနေတယ်လို့ စင်ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"ငွေလွှဲရတော့ နစ်နာတာပေါ့ဗျာ။ ဗဟိုဘဏ်ပေါက်ဈေးနဲ့ လဲရတာဆိုတော့။ သူတို့ဆီကို နိုင်ငံခြားငွေ စီးဆင်းမယ်။ သူတို့ကတော့ မြန်မာငွေပဲ ပြန်ပေးမယ်။ စင်ကာပူကနေ ဒေါ်လာ လေးရာ လွှဲလိုက်ပြီ ဆိုပါစို့ဗျာ။ ထုတ်မယ့်သူက ဟိုဘဏ်ပေါက်ဈေးနဲ့ မြန်မာငွေပဲ ထုတ်လို့ရမှာ။ ဟိုဘက်က လွှဲတဲ့သူကတော့ ဒေါ်လာကို လွှဲတာပေါ့။ သံရုံးမှာ အခွန်ဆောင်ရင်တော့ ပက်စ်ပို့သက်တမ်းတိုးမှ တစ်ခါတည်း ဆောင်ရတာဗျ။ ပက်စ်ပို့ သက်တမ်းတိုးရင်း တစ်ခါတည်း ဖြတ်ယူချလိုက်တာ"
စစ်ကောင်စီ ဗဟိုဘဏ် သတ်မှတ်ဈေးက စင်ကာပူ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၈၀၀ သာရှိပြီး ပြင်ပပေါက်စျေးမှာတော့ ကျပ်လေးထောင်ခန့်ရှိနေတာကြောင့် ပိုနစ်နာရတယ်လို့ သူက ပြောပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေဟာ စစ်ကောင်စီကို ဝင်ငွေခွန် မဆောင်တာ၊ မိသားစုထံ ငွေလွှဲထားကြောင်း အထောက်အထား မပြနိုင်ရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရတာ၊ ပြည်ပအလုပ်သမား သက်သေခံကတ်ပြား (OWIC) လုပ်ခွင့်မပေးတာအထိ ကန့်သတ်ခံထားရတာပါ။
စစ်ကောင်စီက အခုလို လုပ်ဆောင်နေတာဟာ နိုင်ငံတော်ဘဏ္ဍာငွေ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက်ဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးကတော့ စစ်ကောင်စီဟာ ရှောင်လွှဲလို့မရတဲ့ သတ်မှတ်ချက်တွေနဲ့ ဖိအားပေးထားတာကြောင့် ဆန္ဒမပါဘဲ အခွန်ဆောင်နေရတယ်လို့ ပြောပါတယ်။
"မဆောင်လို့တော့ မရဘူး။ မဆောင်လို့ ရှိရင်တော့ တရားဝင်ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ကိုယ့်ချွေးနှဲစာကို မတရားအခွန် ဘယ်လိုလုပ် ဆောင်ချင်မှာလဲဗျာ။ ဒါမဖြစ်မနေ ဆောင်ရတာ ဘယ်သူက အသားတကြည် စိတ်ပါလက်ပါ ဆောင်တာမှ မဟုတ်တာ။ မဖြစ်မနေ ဆောင်ရတာပဲ။ မဆောင်လို့မှ မဖြစ်တာ။ မဆောင်ရင် ကျွန်တော်တို့မှာ ဘာမှလုပ်လို့မှ မရတာ။ အကုန်လုံး overstay တွေ ဖြစ်ကုန်မှာပေါ့"
အခွန်က တစ်လကို ဘတ် ၁၅၀ နဲ့ ဆယ်လစာ ဘတ် ၁၅၀၀ ပေးဆောင်ရပြီး OWIC ကတ်က ဘတ် ၁၅၀၀ ကျတာကြောင့် စစ်ကောင်စီကို စုစုပေါင်း ဘတ်သုံးထောင် ပေးဆောင်ထားရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဩဂုတ်လ ၂၉ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်အထိ ပြည်ပကိုထွက်ခွာသူ နှစ်သန်းကျော်ရှိပါတယ်။
ပြည်ပထွက်ခွာမှုဟာ ၂၀၂၂ ခုနှစ်မှာ ငါးသိန်းခုနစ်သောင်းကျော်၊ ၂၀၂၃ ခုနှစ်မှာ တစ်သန်းနီးပါးနဲ့ အခုနှစ်မှာတော့ ဇူလိုင်အထိ ခုနှစ်သိန်းကျော်ရှိနေပါတယ်။