ပြည်ပရောက် အလုပ်သမားတွေရဲ့ ပြန်ပို့ငွေစာရင်း မပြနိုင်တဲ့ အေဂျင်စီတွေကို အရေးယူ
2024.09.17
ပြည်ပရောက် အလုပ်သမားတွေက မိသားစုတွေဆီကို ပြန်လွှဲပို့ငွေ တင်ပြချက် သတ်မှတ်ရာခိုင်နှုန်း မပြည့်မီတဲ့ အေဂျင်စီ ၁၄၆ ခုကို စစ်ကောင်စီက စပြီးစစ်ဆေးအရေးယူနေပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးခဲ့တာပါ။
“အခုနောက်ပိုင်း အေဂျင်စီတွေ အကုန်လုံးက အဆင်မပြေကြဘူး"
အရေးယူခံရတဲ့စာရင်းမှာ သတ်မှတ်ရာခိုင်နှုန်းပြည့်အောင် မတင်ပြနိုင်တဲ့ အေဂျင်စီ ၆၇ ခု၊ အထောက်အထား ပြစရာမရှိတဲ့ အေဂျင်စီ ၇၁ ခုနဲ့ စစ်ဆေးခံဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၈ ခု စုစုပေါင်း ၁၄၆ ခု ရှိနေပါတယ်။
ပြည်ပကိုရောက်သွားပြီး သုံးလလောက်အကြာမှာ အလုပ်ပြောင်းတဲ့ လူတွေအပါအဝင် အေဂျင်စီနဲ့ အဆက်အသွယ်ပြတ်တောက်သွားသူတွေက အယောက် ၁၀၀ မှာ ၉၀ လောက်ရှိနေတာကြောင့် ငွေပြန်လွှဲတာနဲ့ ပတ်သက်ပြီး မသိနိုင်တော့ဘူးလို့ လုပ်ငန်းစဉ်တွေ ဆိုင်းငံ့ခံလိုက်ရတဲ့ အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“အလုပ်အသစ်တွေကို တင်ဖို့ ခွင့်မပေးဘူး။ ဆေးစစ်လုပ်ငန်းစဉ်တွေကို ခဏဆိုင်းငံ့လိုက်တာပေါ့။ ဖြေရှင်းပြီးတော့ ဖြေလျှော့ပေးမယ်ဆိုပြီး ဆိုင်းငံ့လိုက်တာပေါ့။ အခုကတော့ အကုန်လုံးဘေးကျပ်နံကျပ်ပေါ့။ တချို့ အေဂျင်စီတွေဆို လိုင်စင်ပြန်အပ်တော့မယ် ဆိုတာမျိုး အများကြီးတွေ့ရတာပေါ့”
သူတို့ အေဂျင်စီအနေနဲ့ အဓိကထိုင်းကို အလုပ်သမားတွေ ပို့ဆောင်နေတာဖြစ်ပြီး တစ်လကို လူ ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက် ပို့နေရတာပါ။ လက်ရှိမှာတော့ စက်တင်ဘာ ၉ ရက်နေ့ကတည်းက အလုပ်သမား အသစ်ပို့ဆောင်တာကို ရပ်ထားရပြီလို့ သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ငွေလွှဲစာရင်းမပြတဲ့ အေဂျင်စီတွေ ပိတ်သိမ်းမယ်လို့ စစ်ကောင်စီပြော
ပြည်ပရောက် အလုပ်သမားတွေ လုပ်ခလစာလွှဲဖို့ စစ်ကောင်စီ ဖိအားပေး
ပြည်ပထွက်ခွင့် ပိုတင်းကျပ်လာတာကြောင့် လူငယ်တွေ ပြည်ပအလုပ်အကိုင်ရဖို့ ခက်ခဲနေ
သတ်မှတ်ရာခိုင်နှုန်းပြည့်အောင် မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြဖို့ ဆိုင်းငံ့လိုက်ပါတယ်။ ခွင့်ပြုချက်ရရှိပြီးတဲ့ အလုပ်ခေါ်စာတွေကိုတော့ ဆက်လုပ်ဆောင်ခွင့်ပြုထားပါတယ်။ စစ်ဆေးခံဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေက ဒဏ်ကြေးငွေ တစ်သိန်းစီ ပေးရမှာပါ။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမား စေလွှတ်ခဲ့တဲ့ အေဂျင်စီ ၂၀၀ ကျော်ထဲမှာ ရှစ်ဆယ်ကျော်ပဲ အထောက်အထား ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းမှာ ပါရှိပါတယ်။
ပြည်ပရောက် အလုပ်သမားတွေအနေနဲ့လည်း စစ်ကောင်စီ သတ်မှတ်ထားတဲ့ ငွေစျေးနဲ့ ပြင်ပငွေလဲလှယ်စျေး ကွာဟချက်တွေကြောင့် ငွေပြန်မလွှဲသူရှိသလို စိတ်ဆန္ဒမရှိလို့ မလွှဲချင်သူတွေနဲ့ စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဘဏ်တွေကိုသွားလွှဲဖို့ အခက်အခဲတွေလည်း ရှိနေတယ်လို့ RFA က ဆက်သွယ်ထားတဲ့ လူသစ်ပို့ဆောင်မှု ဆိုင်းငံ့ခံထားရတဲ့ အေဂျင်စီ လေးခုက ပြောပါတယ်။
အမျိုးသားတွေကို ပြည်ပထွက်ခွင့် အသက်ကန့်သတ်တာကလည်း အေဂျင်စီတွေအနေနဲ့ အကျပ်အတည်းကို တိုးလာစေတယ်လို့ နောက်ထပ်ဆိုင်းငံ့ခံထားရတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုက ပြောပါတယ်။
“အခုနောက်ပိုင်း အေဂျင်စီတွေ အကုန်လုံးက အဆင်မပြေကြဘူး။ အခုက ယောကျာ်းလေးတွေကို အသက်ကန့်သတ်ချက်တွေနဲ့ သွားငြိနေတော့ အလုပ်ခေါ်စာရှိရင်တောင် လုပ်သားရှားပါးမှု ပြဿနာ ဖြစ်နေတယ်”
အခုလို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ဖိအားပေးလာတဲ့အတွက် တစ်ဖက်နိုင်ငံတွေမှာ ချိတ်ဆက်ထားတဲ့ အေးဂျင့်တွေကနေတဆင့် အလုပ်သမားတွေဆီက ရသလောက်တောင်းဖို့ရာပဲ ရှိတော့တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဆိုကြပါတယ်။
အေဂျင်စီကနေ ပေးပို့လိုက်တဲ့ လူတွေရဲ့ ၄၀ ရာခိုင်နှုန်း လစာလွှဲတဲ့ အထောက်အထားပြနိုင်ရင် ပြန်ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီဘက်က အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို RFA က ဆက်သွယ်ပေမဲ့ သတင်းဌာနတွေကို ဖုန်းနဲ့လက်ခံမဖြေဆိုဘူးလို့ အကြောင်းပြန်ပါတယ်။
အေဂျင်စီတွေအနေနဲ့ စစ်ကောင်စီကို အထောက်အပံ့ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမား ဒုတိယဝန်ကြီး ဦးကျော်နီက RFA ကို ပြောပါတယ်။
“သူ့ရဲ့ ပြစ်မှုတွေမှာ ပူးတွဲတရားခံလုပ်ခိုင်းတဲ့ သဘောပဲ။ အေဂျင်စီတွေကိုပေါ့နော်။ ကျွန်တော်တို့ဘက်ကလည်း ဒါတွေနဲ့ ပတ်သက်ပြီး တားမြစ်ထားတယ်။ အေဂျင်စီတွေ အနေနဲ့ အခွန်ကောက်ပေးတဲ့ကိစ္စ၊ နောက်တစ်ခုက မိသားစု လွှဲပို့ငွေကောက်ပေးတဲ့ကိစ္စတွေမှာ စကစ (စစ်ကောင်စီ) နဲ့ မပူးပေါင်းဖို့ တားမြစ်ထားတာရှိတယ်။ ပြည်သူလူထုဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ ဒါကိုဆန့်ကျင်ပေးဖို့ လိုမယ်ပေါ့”
ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ ပြည်ပထွက်ခွင့် ပိတ်မယ့်အပြင် အလုပ်သမားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လည်း ထုတ်မပေးဘူးလို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။