မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးတိုက်ခိုက်ခံရအပြီး စစ်တပ်ကလေကြောင်းနဲ့ရော မြေပြင်ကပါ ပစ်ခတ်နေ

RFA Burmese
2023.09.04
မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးတိုက်ခိုက်ခံရအပြီး စစ်တပ်ကလေကြောင်းနဲ့ရော မြေပြင်ကပါ ပစ်ခတ်နေ Federal wings တပ်ဖွဲ့ဝင်များအား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Federal Wings

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ တွေ စက်တင်ဘာလ ၃ ရက် ညနေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် မြဝတီမြို့၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီဆက်ဆံရေးရုံး တွဲဖက်တာဝန်ရှိသူ ခလရ ၂၇၅ တပ်ရင်းမှူးအောင်ကျော်မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်အပါအဝင် ငါးဦးသေဆုံးပြီး မြဝတီခရိုင် ဒုရဲမှူး အောင်ထက်ဝင်း အပါအဝင် ရဲအရာရှိ ငါးဦးနဲ့ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ ပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

Jumper ရေဒီယိုလှိုင်းဖြတ်စက်နဲ့ အကာအကွယ်လုပ်ထားတဲ့ မြဝတီခရိုင်ရဲစခန်းကို မြဝတီမြို့တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ KNLA ပူးပေါင်းကော်ပရာစစ်ကြောင်းနဲ့ federal wings ဒရုန်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒါဟာ နည်းဗျူဟာပိုင်းမှာပါ ပြည်သူ့တော်လှန်ရေးဘက်သားတွေက အသာစီးရနေတာကိုပြတာဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောပါတယ်။

“ပစ်မှတ်ကို တိတိကျကျနဲ့ချလိုက်တယ်၊ ဆိုတော့အဲ့ဒီအချိန်မှာ အမြောက်အမြားကျသွားတာကို တွေ့ရတယ်၊ ဒါကဘာကို ဖော်ပြနေလဲဆိုတဲ့အခါကျတော့ နည်းဗျူဟာအရ နည်းပညာပိုင်းဆိုင်ရာမှာလည်း ဒီဘက် ပြည်သူ့ ကာကွယ်ရေးတပ်မတော်သားတွေ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက တော်တော် အသာစီးရနေပြီဆိုတာကိုပြနေတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို မြဝတီမြို့ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ မြဝတီခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှုးအောင်ထက်ဝင်း အပါအဝင် ခြောက်ဦးကတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အင်တာနေရှင်နယ်ဆေးရုံမှာ ကုသခံ နေတာကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတစ်ဦးက ပြောပါတယ်။

လောလောဆယ်မှာ မြဝတီမြို့က စစ်တပ်ရဲ့ဌာနဆိုင်ရာရုံးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ မြို့တွင်းလမ်းမ ၊ လမ်းဆုံတွေမှာ ရဲနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တွေနဲ့ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ညက အဲ့ဒီရဲစခန်း ဒရုန်းနဲ့ဗုံးကြဲခံထိပြီးတော့ ဒီရဲစခန်းနားမှာ သူတို့လုံခြုံရေးတွေချထားတယ်ပေါ့၊ ချထားတာ ကတော့ စစ်သားတွေဘာတွေ မရှိဘူး။ ရဲသက်သက်ပဲ ချထားတာ။ ဘုရားကြီးမုခ်ဝမှာကျတော့ BGF တွေစောင့် တယ်၊ ဒီမနက်တွေ့ခဲ့တာကတော့ BGF အဲဒီမှာ လေး၊ ငါးယောက်လောက်တော့ တွေ့တယ်။ အဲ့ဒီ ရဲစခန်းထဲမှာတော့ ပုံမှန်အတိုင်း သူတို့သွားလာနေကြတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲ့ဒီရဲစခန်းထဲက သူတို့ ဒရုန်းနဲ့ ဗုံးထိထားတဲ့နေရာတွေ ပျက်စီးထားတဲ့နေရာတွေပေါ့။ အဲ့ဒီနေရာတွေကျတော့ သူတို့ဘက်က အရာရှိတွေက လွဲပြီးတော့ တခြားသူတွေ ဝင်လို့မရဘူး။”

စက်တင်ဘာလ ၄ ရက် မနေ့က နေ့လယ် ၁ နာရီအချိန်မှာတော့ စစ်တပ်က လေကြောင်းကနေ တိုက်လေယာဥ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာ၊ ပစ်ခတ်တာတွေအပြင် မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီး လာကြဲတာတွေ ဆက်ရှိနေတယ်လို့ ကော်ပရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ပြောပါတယ်။

“တစ်ဖက်ကတော့ သူတို့အနေနဲ့ ဒီလက်ခတ်တောင်ကို ပြန်ရရှိရေးကတော့ သူတို့လုပ်နေမှာပဲလေ၊ အမြဲတမ်း အင်အားဖြည့်တင်းတာတို့၊ ပစ်ကူပေးမှာတို့ကတော့။ သူတို့ အခုလည်း ကျွန်တော်ကြားနေတာတော့ အင်အား ဖြည့်တင်းထားနေတယ်၊ ဒါပေမဲ့ ထိုးစစ် စစ်ကြောင်းထိုးလာတာမျိုးမရှိသေးဘူး၊ အခုချိန်ထိတော့ လှမ်းပြီးတော့မှ နေ့တိုင်းလိုလို ညဘက်ရောက်ရင် လှမ်းပြီးတော့ပစ်တာတို့ ဒရုန်းနဲ့လာကြဲတာတို့ကတော့ နေ့တိုင်းလိုလို လုပ်နေတာမျိုးကတော့ ရှိတာပေါ့။”

အခုလို မြဝတီခရိုင်ရဲစခန်း တိုက်ခိုက်ခံရတာ၊ အုပ်ချုပ်ရေး၊ စစ်ဘက်နဲ့ ရဲဘက်အရာရှိတွေ ထိခိုက်သေဆုံးတာ အပြင် လက်ခတ်တောင် တာဝါတိုင်စစ်စခန်းပြန်လည်ရရှိရေး ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက် ပြီး စစ်ကောင်စီပြောခွင့်ရ သူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံမဖြေဆိုပါဘူး။

myawaddy.jpeg
မြဝတီခရိုင်ရဲစခန်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူများအား ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံ၌ ဆေးကုသသည်ကို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တွေနဲ့ တိုက်ခိုက်နေရာမှာ စစ်ကောင်စီဘက်က အကျအဆုံးအထိအခိုက်တွေများရုံမက တပ်ထဲကထွက်ပြေးတာ၊ အာဏာဖီဆန်တာတွေပါ ပိုများလာတယ်လို့ ဦးမောင်မောင်ဆွေ က ပြောပါတယ်။

“ဒီလိုအခြေနေမျိုးဆို ရှေ့လျှောက်လည်း အများကြီးဒီလိုတိုက်ခိုက်သွားဖို့ရှိတယ်။ ဆိုတော့သူတို့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့က ဘယ်နေရာမှာမှ မလုံခြုံတော့ဘူးဆိုတာ ဒီဖြစ်ရပ်တွေက သက်သေ ပြနေတယ်။ အဲ့လိုမလုံခြုံလို့လည်း သူတို့တပ်တွေထဲမှာ တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေ၊ စစ်ကြောင်းမှူးတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတာတွေ၊ ပြီးတော့ တာဝန်ဆက်ပြီးတော့ မထမ်းဆောင်ချင်တော့လို့ အမိန့်ဖီဆန်ပြီးတော့ ထောင်ကျခံတာတွေ တွင်တွင်လုပ်နေတာတွေ ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်။”

မြဝတီမြို နယ်ထဲက လေးကေ့ကော် ဒေသ၊ ဝေါလေ လမ်းပိုင်းနဲ့ အခု လက်ခတ်တောင်တိုက်ပွဲဖြစ်စဥ်တွေအတွင်း စစ်တပ်ဘက်က CDM ပြုလုပ်ပြီး ဘက်ပြောင်းခိုလှုံသူ ၃၀ ထက်မနည်းရှိပြီးတော့ နောက်ထပ် ခိုလှုံ လာသူတွေကိုလည်း ကြိုဆိုတယ်လို့ KNLA ပူးပေါင်းစစ်ကြောင်းကော်ပရာစစ်ကြောင်းမှုး ဗိုလ်ဒါဘော က ပြောတယ်။

“ကျွန်တော်တို့ဘက်ကတော့ အလင်းလာဝင်ရင်တော့ ကျွန်တော်တို့က နွေးထွေးစွာကြိုဆိုနေတာပဲ။ အမြဲတမ်း အခုချိန်ထိပေါ့။ ဟိုးတော်လှန်ရေးစကတည်းက CDM ဝင်ဖို့ ကျွန်တော်တို့အမြဲတမ်း ဖိတ်ခေါ်နေတာပဲလေ၊ အခုလည်းဝင်လာရင်လည်း သူတို့အတွက် ကျွန်တော်တို့က လုံခြုံတဲ့အပိုင်းတွေကော ပြီးတော့ ထောက်ပံ့မှုအပိုင်းတွေကိုရော တာဝန်ယူနေတာပဲ။ ဒီနေ့ဒီအချိန်ထိ ကျွန်တော်တို့ကတော့ အမြဲတမ်း ဘယ်အချိန်ပဲလာလာ တံခါးဖွင့်ထားပြီးသားပဲလေ။”

အခု လတ်တလောမှာ KNU တပ်မဟာ ၆ နယ်မြေထဲမှာ ဝေါလေ၊ ဥကရစ်ထ စစ်တပ်စခန်းကို KNLA ပူးပေါင်း Venom စစ်ကြောင်းက တိုက်ခိုက်တာ ၊ Cloud wings ဒရုန်းတပ်ဖွဲ့က ကြာအင်းဆိပ်ကြီးမြို့စစ်တပ်မှာ ရိက္ခာ၊ ခဲယမ်းနဲ့ စစ်ကူလာချတဲ့ ရဟတ်ယာဥ်နှစ်စီးကို တိုက်ခိုက်တာတွေအပြင် ကော့ကရိတ်မြို့ ချောင်းသောင်လမ်းဆုံ ရေကူးကန်နေရာက စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ KNLA ပူးပေါင်းမဟာမိတ်စစ်ကြောင်းတွေက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။