သောင်ရင်းမြစ်ရေတက်လို့ မြဝတီမြို့မှာ ရေကြီး

RFA Burmese
2024.07.26
သောင်ရင်းမြစ်ရေတက်လို့ မြဝတီမြို့မှာ ရေကြီး ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေ တက်လာတာကြောင့် ရပ်ကွက်တချို့ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေ တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်လေးခု ရေလွှမ်းပြီး နယ်စပ်မှာ ကုန်စည်ကူးတဲ့ လှေဂိတ်တွေလည်း ရပ်ဆိုင်းနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ရပ်ကွက်တွေထဲ ရေလွှမ်းနေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာရွှေ့ပြောင်းနေကြပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

"မြဝတီစိုးရိမ်ရေအမှတ်နဲ့ ရပ်ကွက် ၃၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂ ၊ ရပ်ကွက် ၅ အောင့်ဂျိုင့်ပေါ့နော်၊ သရက်ပင်ဂိတ်တို့ သဖန်းပင်ဂိတ်တို့ပေါ့နော် ရေတော့ တော်တော်လေး ဝင်နေပြီလေ၊ ရွှေ့ပြောင်းတဲ့ ရေဘေးဒုက္ခသည်တွေ ရှိနေပြီပေါ့နော်၊ လက်ရှိ ဒီရွှေ့ပြောင်းမှုတော့ စနေပြီ"

မြဝတီမြို့ တောင်ဘက် ဒေါနတောင်တန်းနယ်စပ်တလျှောက် မိုးအဆက်မပြတ် ရွာနေတာကြောင့် အထက်ပိုင်း ဝေါလ၊ စုကလိ မြို့သစ်ဘက်ကနေ သောင်ရင်းမြစ်ထဲ တောင်ကျရေ အရှိန်နဲ့စီးဝင်လာပြီး မြို့ထဲမှာ ရေကြီးနေတာလို့ မြဝတီမြို့ခံက ပြောပါတယ် ။

အခုလိုရေကြီးနေတာကြောင့် မြဝတီ-မဲဆောက် သောင်ရင်းမြစ်နေရာက BGF ကရင်နယ်ခြားစောင့်တပ် ဂိတ် ဝင်းတွေထဲက တရုတ်လောင်းကစားရုံတွေ၊ ကုန်စည်ကူးသန်းတဲ့လှေဂိတ်တွေ အလုပ်ရပ်နားထားပြီး နေရာရွှေ့ပြောင်းနေရတယ်လို့ BGF ဂိတ်ဝင်းထဲမှာ နေထိုင်တဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

"ရေက အခုမနက် တော်တော်တက်လာတာ၊ ရေစီးလည်းကြမ်းတယ်၊ ကာစီနိုဝင်းတွေထဲ ရေဝင်ကုန်ပြီ၊ ကာစီနိုတွေလည်း ပိတ်ထားတယ်၊ ကားတွေ ဆိုင်ကယ်တွေ အခုမနက်ကြည့်တော့ ရေမြုပ်နေပြီ၊ မသိလိုက်ကြဘူး၊ လှေဂိတ်တွေ အကုန်ရပ်ထားရတယ် ထိုင်းဘက်ခြမ်းက ကုန်တွေ လှေမကူးတော့ဘူး၊ BGF ဂိတ်တွေ ရေမြုပ်နေပြီလေ"

မြဝတီမြို့ ရေကြီးနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ ကို RFA က တယ်လီဖုန်း ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

တဆက်တည်းမှာပဲ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြ၀တီ-ဘားအံလမ်းပေါ်က နောင်ခွီးတံတား မြေသားလမ်းပိုင်း ဇူလိုင် ၂၅ ရက်နေ့က မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလာသူတွေက ပြောပါတယ်။

အဲဒီတံတားဟာ ဘားအံ-ထီလုံ-သရက်တော-နဘူး-ထို့ကော်ကိုး-မြ၀တီ သွားတဲ့ လမ်းပိုင်းမှာ ရှိတာပါ။ နောင်ခွီးတံတားကို ဖြတ်သန်းလို့မရတော့တာကြောင့် လက်ရှိမှာ မြဝတီ-ဘားအံကို ကုန်စည်ကူးသန်းမှုတွေလည်း ရပ်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

ဘားအံနဲ့ မြဝတီကို သွားလာနိုင်တဲ့ နောက်ထပ်လမ်းပိုင်းတစ်ခုဖြစ်တဲ့ ဘားအံ-ကျုံဒိုး-နဘူး-ထို့ကော်ကိုးလမ်းပိုင်းဟာလည်း မိုးကြီးရေလျှံမှုတွေကြောင့် သွားလာလို့ မရတော့ပါဘူး။

မြဝတီကနေ ရန်ကုန်ကို ကုန်စည်ပို့ဆောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကလည်း လက်ရှိ ရေကြီးရေလျှံပြီး လမ်းပိုင်းတွေ ပျက်စီးနေတာကြောင့် ထိုင်း-မြန်မာ နယ်စပ်က ကုန်ကားတွေ ရပ်တန့် နေတယ်လို့ ပြောပါတယ်။

"အခုဒီထို့ကော်ကိုးလမ်းက မြေသားတစ်ဝက် ကွန်ကရစ်လမ်းတစ်ဝက်ပေါ့နော်၊ တောင်ကျရေဆင်းတော့ လမ်းကလေ မြေသားတွေပြိုပြီး လမ်းပျက်တာတွေရှိတယ်၊ ပြီးတော့ ဗွက်ထနေတော့ ကားနစ်တာတွေနဲ့ ဆိုတော့လေ ကုန်ကားတွေက ရပ်ကုန်ပြီးပေါ့နော်၊ ကားလေးနဲ့ ကုန်တွေ ပြန်ပြန် ကဲ့ပြီးတော့ ဘားအံဘက်ကို ပြန်ခွဲပြီး သယ်နေရတယ်"


ဆက်နွှယ်သောသတင်းများ

မြို့ပေါင်း နှစ်ဆယ်ကျော်မှာ လူဦးရေ ရှစ်သောင်းခွဲကျော် ရေဘေးသင့်

ရေကြီးမှုကြောင့် စစ်ကိုင်းနဲ့ ကချင် မြို့နယ်ခြောက်ခုမှာ ကုန်ပစ္စည်းပြတ်လပ်နေ

ကချင်ပြည်နယ်မှာ လူတစ်သောင်းထက်မနည်း ရေဘေးဒုက္ခကြုံနေရ


လက်ရှိ သောင်ရင်းမြစ်ရေ ရေစီးကြမ်းပြီး ဆက်လက်မြင့်တက်နေတာကြောင့် ကြံခင်း၊ မိုးကုတ်၊ သဲပုံဂိတ်၊ ၉၉၉လုံးဂိတ်၊ သရက်ပင်ဂိတ်၊ တံတား အမှတ် ၁/၂ ၊ မြေနီကုန်း၊ ကျောက်ဖျာဂိတ်၊ ခွန်ဆာကျူးကျော်ရပ်ကွက် စတဲ့နေရာတွေက ဒေသခံတွေဟာ သရက်တောကျောင်း၊ ကြခတ်တောကျောင်း၊ ရေပူကျောင်းနဲ့ အထက ၂ စာသင်ကျောင်းတွေမှာ ရွှေ့ပြောင်းနေကြတယ်လို့ မြဝတီမြို့ခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၆ ရက် ထုတ်ပြန်ချက်မှာတော့ မြဝတီမြို့ရဲ့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း သုံးပေခန့် မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။