မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော် နှိပ်စက်ခံနေရ

RFA Burmese
2023.06.20
မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော် နှိပ်စက်ခံနေရ မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်အား တွေ့ရစဉ်။
ရီရီဝင်း

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို မြင်းခြံအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၅) တပ်ထဲကို ခေါ်ယူနှိပ်စက်ခဲ့သလို နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၇၀ လောက်ကိုလည်း အကျဉ်းထောင်တွင်း ရိုက်နှက်နှိပ်စက်နေတယ်လို့ မြင်းခြံအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့ကစလို့ ထောင်ပြင်ခေါ်ထုတ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မေလ ၂၉ ရက်နေ့မှာတော့ ထောင်တွင်းပြန်လည်ရောက်ရှိခဲ့ပြီးနောက် တိုက်ပိတ်ခံထားရသလို ဆေးကုသခွင့် လည်း မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လဆန်းပိုင်းကနေ ဒီနေ့ထိလည်း ထောင်တွင်းက နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၇၀ ကျော်ကို အကြောင်းအမျိုးမျိုးပြပြီး နေ့စဉ်လိုလို ရိုက်နှက်နှိပ်စက်နေတယ်လို့ မြင်းခြံထောင်က နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေအကြောင်း သတင်းစုံစမ်းနေတဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က RFA ကို ပြောပါတယ်။

“အဆောင်တွေထဲက ခေါ်ထုတ်တယ်ပေါ့။ အရင်တုန်းက ထောင်တွင်းတိုက်ပွဲတွေမှာ ဦးဆောင်ခဲ့ဖူးတဲ့သူတွေ၊ တစ်ခုခုဆိုရင် ထောင်ပိုင်ကို တင်ပြတတ်တဲ့သူတွေ အပြစ်သေးသေးလေးလုပ်တဲ့သူတွေပေါ့လေ။ သူတို့တွေကို ခေါ်ထုတ်ပြီး ထောင်ပိုင်ရုံးခန်းထဲမှာ ရိုက်တာက အယောက် ၇၀ ကျော်သွားပြီ။ သူတို့ကို ထောင်ပိုင် ရုံးခန်းထဲမှာခေါ်ပြီး လက်ထိပ်နောက်ပြန်ခတ်တယ်။ မျက်နှာကို အဝတ်စည်းတယ် ရိုက်တယ်။ ပြီးရင် ရေနဲ့ပက်ပြီး ကျဉ်စက်နဲ့ တို့တာတွေထိ လုပ်တယ်လို့ သိရတယ်။ အကုန်လုံးလည်း ရိုက်ပြီးတော့ တိုက်ထဲမှာ ပိတ်ထားတယ်လို့သိရတယ်”

ပထမဆုံး ထောင်ပြင်ခေါ်ထုတ် နှိပ်စက်ခံရသူတွေထဲမှာ အပြင်းအထန်နှိပ်စက်ခံထားရသူတွေ ရှိနေပြီး သူတို့အတွက် ဆေးကုသပေးဖို့ လိုအပ်နေတယ်လို့ မကြာသေးခင်ကမှ မြင်းခြံထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောပါတယ်။

“အပြင်ခေါ်ထုတ်သွားတဲ့ ၁၃ ယောက်ထဲမှာ ကိုစိုးရာဇာထွန်းလွင်ရယ်၊ ကိုကျော်မင်းနိုင်ရယ်က အဆိုးဆုံးပဲ။ ခြေထောက်တွေလည်း ဓားတွေနဲ့  မွှန်းခံထားရတယ်။ သွားတွေဆိုလည်း ထမင်းမစားနိုင်အောင် သွားတွေ တော်တော်များများကို ကျွတ်ထွက်သွား အောင် ရိုက်ထားတာတွေပေါ့နော်။ အဲဒါတွေကို ဆေးကုသခွင့် တောင်းတော့လည်း ဆေးကုသခွင့်မပေးတဲ့အပြင်ကို မိသားစုနဲ့ အဆက်အသွယ်ပါ ဖြတ်တောက်ထားတယ်။ နောက်ဆုံးပိတ် အဆိုးဆုံးကတော့ သူတို့ စားဖို့သောက်ဖို့ ပေးပို့မယ့် ထောင်ဝင်စာက အစ ပိတ်ထားတယ်။ အခုချိန်မှာ ဘယ်သူမှ အားကိုးလို့မရဘူး။ သူတို့လုပ်ချင်သလို လုပ်နေတဲ့အတိုင်းအတာမှာ ကျွန်တော်တို့က စိုးရိမ်ပေးနိုင်တဲ့စိတ်ပဲရှိတာ၊ ရပ်ကြည့်ပေးနိုင်တဲ့ အနေအထားပဲရှိတာ ဘာမှလုပ်လို့ မရတဲ့အနေအထားတွေ ဖြစ်နေတာ”

မြင်းခြံထောင်ကနေ မြင်းခြံအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၅) တပ်ထဲကို ခေါ်ယူနှိပ်စက်ခံရတဲ့ အကျဉ်းသား ၁၄ ဦးထိရှိပြီး အဲဒီထဲက ၁၃ ဦးက ထောင်ထဲကို ပြန်ရောက်လာပေမယ့် ရာဇဝတ်အကျဉ်းသားတစ်ဦးကတော့ ပြန်ရောက်မလာတော့ဘဲ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အကျဉ်းသားတစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

"အကုန်လုံးလည်း ရိုက်ပြီးတော့ တိုက်ထဲမှာ ပိတ်ထားတယ်လို့သိရတယ်”

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက RFA က ဆက်သွယ်မေးမြန်းစဉ်ကတော့ ထောင်ထဲမှာ အကျဉ်းသားတွေကို ဆေးကုခွင့်မပေးဘဲ ထားတာမျိုးမရှိသလို အကျဉ်းထောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ဆောင်ရွက်နေတယ်လို့ ဦးနိုင်ဝင်းက ပြောခဲ့ဖူးပါတယ်။

ထောင်တွင်းက ရိုက်နှက်နှိပ်စက်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကတော့ ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့သတင်းတွေကြောင့် လူချင်း တွေ့ဆုံခွင့် ရဖို့ ကြိုးစားနေပါတယ်။

“စိတ်ပူတာပေါ့ အတွင်းထဲမှာ အခြေအနေဆိုးလား၊ မဆိုးလား အဲဒီလိုမျိုးလည်း ကိုယ်မသိရဘူး။ ကိုယ်လည်း အဆက်အသွယ်လည်းမရဘူး။ နောက်ပြီးတော့ ထောင်ဝင်စာပို့တာတောင်မှ တွေ့ခွင့်မရဘူးဆို တော့ စိတ်ပူရတာပေါ့။ ထောင်ဝင်စာပို့ခွင့်လည်း ရချင်တယ် နောက်ပြီးတော့ ထောင်ဝင်စာ ပို့တဲ့အချိန်မှာ ကလေးတွေနဲ့လည်း တွေ့ခွင့်ရချင်တယ်။ သူတို့အခြေအနေ ဘယ်လောက်ဆိုးလဲ၊ မဆိုးလဲ နေကောင်းလား၊ ကျန်းမာလားဆိုတာ သိချင်တာပေါ့။ နောက်ပြီးတော့ ဆေးကုသခွင့်လည်း ရချင်တယ်ပေါ့နော်”

အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ လူချင်းတွေ့ဆုံခွင့်ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်ကပ်ရောဂါ စည်းကမ်းကန့်သတ်ချက်တွေကြောင့် ပိတ်ထားခဲ့ပြီး၊ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း အဲဒီအကြောင်းပြချက်နဲ့ပဲ ထောင်ဝင်စာပစ္စည်းသာပေးခွင့်ရပြီး လူကိုယ်တိုင်တွေ့ခွင့်ကို စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားပါတယ်။

အာဏာသိမ်းပြီးချိန်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ပိုမိုဆိုးရွားလာပြီး လက်ရှိမှာလည်း အကျဉ်းသားတွေ ပြင်းပြင်းထန်ထန်နှိပ်စက်ခံနေရတာကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေက အဆက်မပြတ် ဖိအားပေးနေဖို့လိုတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

“ICRC အနေနဲ့ ထောင်ထဲကိုဝင်ပြီး စစ်ဆေးတာမျိုးတွေ ပိုပြီးလုပ်သင့်တယ်လို့ မြင်တယ်။ ထောင်ကတော့ သူတို့ရဲ့ ဖိနှိပ်တဲ့နေရာတွေ ဝင်ခိုင်းမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါကို မတရားဘူးဆိုတာ နိုင်ငံတကာကရော ပြည်သူလူထု ရော အကုန်လုံးသိအောင် ချပြဖို့ လိုတယ်။ သူတို့ဝင်ခွင့်မပေးဘူးဆိုရင် ဝင်ခွင့်မပေးတဲ့ အကြောင်းကို ချပြဖို့လို တယ်။ ဘာလို့ဝင်ခွင့်မပေးတာလဲဆိုတာကို ဆက်တိုက် မေးခွန်းတွေ ထုတ်နေဖို့လိုတယ်လို့ မြင်တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့က အကျဉ်းထောင်ကို ဒီထက်ပိုပြီးတော့ သူတို့ရဲ့ မတရားမှုတွေကို အမြဲတမ်းစောင့်ကြည့် ပြီးတော့ ဖိအားပေးနေမှသာ လူနဲ့ထိုက်တဲ့ လူ့အခွင့်အရေးတွေ ရမှာဖြစ်တယ်။ အကယ်၍ မျက်နှာလွှဲ ခဲပစ်လုပ် ထားမယ်ဆိုရင်တော့ ထောင်အာဏာပိုင်တွေ ဖိနှိပ်သမျှ၊ ရက်စက်သမျှကို အထဲမှာရှိတဲ့ အကျဉ်းသားတွေ အကုန်လုံးက ခံနေရဦးမှာပဲ”

၁၉၉၉ ခုနှစ်ကစလို့ မြန်မာပြည်က အကျဉ်းထောင်တွေကို ဝင်ထွက်ကူညီခွင့်ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ် ၁၉ ကပ်ရောဂါကာလ ကန့်သတ်ချက်ကြောင့် အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့် ရပ်သွားပြီး အာဏာသိမ်းနောက်ပိုင်းမှာလည်း စစ်ကောင်စီက ဝင်ခွင့်မပြုတော့ပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်အား တွေ့ရစဉ်။ (Photo: Myingyan Cele)
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်အား တွေ့ရစဉ်။ (Photo: Myingyan Cele)

ICRC ကတော့ အကျဉ်းသားတွေအားလုံး ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ရေးနဲ့ ထိန်းသိမ်းရေးစခန်းတွေကို ပြန်လည်ဝင်ရောက်လှည့်လည်နိုင်ရေးက ဦးစားပေးအနေနဲ့ ဆက်ရှိနေမှာဖြစ်ပြီး ပြန်လည်ဝင်ရောက်ခွင့်ရဖို့လည်း ကြိုးပမ်းနေတယ်လို့ RFA ရဲ့ မေးမြန်းချက်ကို အီးမေးလ်ကနေ စာနဲ့ပဲ ပြန်လည်ဖြေကြားပါတယ်။

ဒီလိုဝင်ရောက်ခွင့်ရမှလည်း အကျဉ်းသားတွေရဲ့ လိုအပ်ချက်ကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်မှာဖြစ်သလို လုံလောက်တဲ့ ပံ့ပိုးတာတွေ လုပ်နိုင်မယ်လို့ဆိုပါတယ်။

အကျဉ်းသားတွေကို လူသားဆန်ဆန် ဆက်ဆံဖို့လည်း ဆက်လက်အားပေးထောက်ခံသွားပြီး အကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးနေတယ်လို့ ICRC က ပြောပါတယ်။

အခု မေလနဲ့ ဇွန်လအတွင်းမှာတော့ မြင်းခြံထောင်၊ ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်စစ်ဆေးလို့ တချို့သေဆုံးခဲ့သလို၊ တချို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ဖို့ ဖိအားပေးတာမျိုးမလုပ်နိုင်ရင်တော့ ဒီထက်ဆိုးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်လက်ကြုံတွေ့ရနိုင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“အကျဉ်းထောင်တွေ အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းမှာ ပေါ်ပေါ်တင်တင် လူ့အခွင့်အရေးကို ချိုးဖောက် နေတာ ငြင်းလို့မရတဲ့အကြောင်းပြချက်တွေ ဖြစ်တယ် ပေါ့နော်။ ကျွန်တော်တို့ဆီမှာ သက်သေတွေလည်း ရှိတယ်။ အထောက်အထားတွေ လည်း ခိုင်လုံတယ်။ ဒီလိုမျိုးတွေကို ကျွန်တော်တို့တွေက ဒီအတိုင်းပဲ ကြည့်နေရမယ် ဆိုရင် သူတို့ကလည်း ဒီထက်ပိုပြီးမှ ဆိုးရွားတဲ့ကျူးလွန်မှုတွေကို ထပ်ပြီးတော့ ကျူးလွန် လိမ့်မယ်လို့ ကျွန်တော်တို့ကထင်တယ်။ နိုင်ငံတကာအနေနဲ့ ICRC လိုမျိုး၊ NUG ဘက်က လူ့အခွင့်အရေး လိုအနေနဲ့လည်း ထိရောက်တဲ့ ဖိအားတွေပေးဖို့လိုအပ်တယ်လို့ မြင်တယ်။ ပုံမှန် ထုတ်ပြန်ချက်ထုတ်ရုံ လောက်နဲ့တော့ သူတို့ရဲ့လုပ်ကိုင်နေတာတွေက လျော့သွားမှာမဟုတ်ဘူး”

အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ လူသေဆုံးရတဲ့အထိ အကျဉ်းထောင်တွင်းက ညှဉ်းပန်းနှိပ်စက်မှုတွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြနေတယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ တော်လှန်ရေးပန်းတိုင်ဆီ ငါတို့အလောင်းတွေ နင်းပြီးသွားကြ၊ ဆက်လက်တော်လှန်ကြ၊ You, UN, ICRC, AI are invited to see murder play” စတဲ့ ဆောင်ပုဒ်တွေကိုင်ဆောင်ပြီး အကျဉ်းထောင်တွေ အတွင်းမှာပဲ ဆန္ဒပြခဲ့ကြတာပါ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့အနေနဲ့ စစ်ကောင်စီရဲ့ လူသတ်ပြဇာတ်ကို အထူးတန်းက ဆက်ကြည့်ကြပါဆိုပြီးလည်း ဇွန်လဆန်းပိုင်း အကျဉ်းထောင်တွင်း ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ အကျဉ်းသားတွေ ထောင်ပြင်ပကိုပေးပို့တဲ့ ထုတ်ပြန်စာမှာလည်း ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၆ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ (၂၃,၃၆၁) ဦး အဖမ်းခံခဲ့ရပြီး အဲဒီထဲက (၁၉,၀၂၁) ဦးကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ အဲဒီထဲက ၆၄၂၂ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။