မြစ်ဆုံစီမံကိန်း ပြန်စမှာ ပြည်သူတွေစိုးရိမ်

ခင်မောင်စိုး
2020.08.25

မြန်မာပြည်သူတွေအကြားမှာ အင်မတန်ထိလွယ်ရှလွယ်တဲ့ ကိစ္စတခုကတော့ လက်ရှိရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းဖြစ်ပါတယ်။  ဒီရက်ပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတချို့ကြောင့် ဒီ စီမံကိန်းကို ပြန်လည် စတင်တော့မှာလားဆိုပြီး  ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့ မြန်မာအစိုးရအချင်းချင်း ညှိနှိုင်းပြီး ပြန်လည်စတင်သင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးက ပြည်ထောင်စုလွှတ်တော်မှာ မကြာခင်က တင်ပြခဲ့ပါတယ်။  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သား ဆရာဝန်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်စွမ်းအားကို သဘာဝ အရင်းအမြစ်တွေကနေ ထုတ်ယူနိုင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မထုတ်ယူနိုင်သေးတာကို ပြည်သူတွေ နားလည်အောင် ရှင်းပြရမယ်လို့ မကြာခင်က ပြောကြားခဲ့တာကိုလည်း ဝေဖန်သူတချို့က မြစ်ဆုံစီမံကိန်းနဲ့ ဆက်စပ်ပြောဆိုတာတွေ ရှိပါတယ်။ ဒီရက်ပိုင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်လို့ သူပြောဆိုခဲ့တယ်ဆိုပြီး မီဒီယာတချို့ ဖော်ပြတာတွေဟာ မဟုတ်မမှန်ကြောင်းနဲ့ ဒါဟာ မီဒီယာ ကျင့်ဝတ်နဲ့ မကိုက်ညီကြောင်း ပြောဆိုခဲ့ပါတယ်။  

မြန်မာပြည်သူတွေကတော့ မြစ်ဆုံစီမံကိန်းပြန်စမယ်ဆိုရင် လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ မြစ်ဆုံစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေးလှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဇော်ရမ်း က ပြောပါတယ်။

“ရေအားလျှပ်စစ်ချည်းပဲ မမှီခိုဘဲနဲ့ တခြားနည်းလမ်းတွေသာသုံးမယ်ဆိုရင် အလျှံပယ်ပဲဗျ။ ရေအားလျှပ်စစ်နဲ့ ပတ်သက်ရင် ဧရာဝတီမြစ်ကြီး အမျိုးသားအကျိုးစီးပွားနဲ့ မဟာဗျူဟာ အကျိုးစီးပွားအတွက် သိပ်အရေးကြီးပြီးတော့ သဘာဝပတ်ဝန်းကျင်လို ထိလွယ်ရှလွယ် အဲလို စီမံကိန်းမလုပ်ဘဲနဲ့ အသေးစားရေအားလျှပ်စစ်တွေ တည်မယ်။ ချင်းတွင်းရှိတယ်။သံလွင်ရှိတယ်။ စစ်တောင်းရှိတယ်။ အဲလို သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲနဲ့ ထုတ်နိုင်တာရှိတယ်။ နောက် ကျတော်တို့ နိုင်ငံအနေနဲ့ နေရောင်ခြည်စွမ်းအင်ကထုတ်တာ မကွေးမှာဆိုရင် မဂ္ဂါဝပ်နဲ့ချီ နေစွမ်းအင်တွေကနေ ထုတ်တာတွေရှိတယ်။ ပင်လယ်ကမ်းရိုးတန်းတွေရှိတဲ့အတွက်လည်း လျှပ်စစ်ဓာတ်ကို  ပင်လယ်ဒီရေကနေ ထုတ်လို့ရတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းက တကယ်တမ်းလုပ်မယ်ဆိုရင် ပင်လယ်ရေက အပေါ်ထိ ဆန်တက်လာမယ်ဆိုရင် ဧရာဝတီတိုင်းက စပါးခင်းတွေ ရေငန်ဖုံးလွှမ်းပြီးတော့ ထိခိုက်မှာတွေရှိတယ်။ ဧရာဝတီမြစ်တောက်လျှောက် ရေချိုတွေ ရေငန်တွေ အပြောင်းအလဲဖြစ်သွားမှာတွေရှိတယ်။ နောက်တခုကလည်း  မြစ်ဆုံစီမံကိန်းစာချုပ်ကို အခုထိ ချမပြသေးဘူး။ တိုင်းသူပြည်သားတွေက ဘာဆုံးဖြတ်ခွင့်မရှိဘဲနဲ့ ဂက်စ်တွေ ရောင်းစားတာတွေ သစ်တောတွေပြုန်းတာတွေ ဖြစ်ခဲ့ပြီးသွားပြီ။ လက်ပံတောင်းတောင်လည်း ပါပြီးသွားပြီ။ ဒီမြစ်ဆုံတခုပဲ ကျန်တဲ့အခါကျတော့ ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကို မဖြစ်မနေယူပါ ဒါပြောချင်တယ်။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု- ဥက္ကဌ ဒေါ်ဒွဲဘူကလည်း သူတို့ဒေသက ပြည်သူတွေအနေနဲ့ ဒီစီမံကိန်း ပြန်စမှာကို အမြဲစိုးရိမ်နေတယ်လို့ ဆိုပါတယ်။

“ခုတလော လွှတ်တော်ကနေ မြစ်ဆုံနဲ့ပတ်သက်ပြီး ပြန်လုပ်သင့်တယ်ဆိုပြီး ကြံ့ခိုင်ရေးကိုယ်စားလှယ်ပေါ့နော်။ ဆွေးနွေးလိုက်တာ ကြားတဲ့အခါကျတော့ ပြည်သူတွေက တော်တော်စိုးရိမ်တယ်။ လွှတ်တော်ကနေ ဒီမြစ်ဆုံပြန်စဖို့ လုပ်နေပြီဆိုပြီး ကျမတို့ကို လာပြောတာရှိတယ်။ ပါတီအနေနဲ့ ကန့်ကွက်ကြပါလား ဒီလိုလွှတ်တော်မှာလည်း  ပြောနေပြီ။ ဆုံးဖြတ်ဖို့လုပ်တာလား ဆိုတာပေါ့။ အဲလိုမျိုးတွေလုပ်တဲ့အခါကျတော့ ကျမတို့က ဒီလွှတ်တော်ရဲ့ အစီအစဉ်ဘယ်လိုလဲဆိုပြီး ကျမတို့ကိုယ်စားလှယ်ကို လှမ်းမေးလိုက်တဲ့အခါကျတော့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ချေးငွေကိစ္စပေါ့နော်။ အဲဒါဝန်ကြီးဌာနက လာတင်တဲ့အခါ ဒီကိုယ်စားလှယ်က ထည့်ဆွေးနွေးတာပေါ့၊ မြစ်ဆုံလည်း ပြန်လည်တည်ဆောက်သင့်တယ် လျှပ်စစ်လိုတဲ့အတွက်ပေါ့။ အဲလိုသိရတော့ ကျမတို့က ပါတီအနေနဲ့ ကန့်ကွက်တာမရှိပေမဲ့ လူထုကို ချပြတာပေါ့။ ကျမတို့က မြစ်ဆုံနဲ့ပတ်သက်ပြီး လျှပ်စစ်စီမံကိန်းအကြီးကြီး ဒီမှာ မလုပ်အောင်တော့ အမြဲတမ်းကာကွယ်သွားမယ်”

မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီကိုယ်စားလှယ်တွေက ကချင်ပြည်နယ်ကို အရင်က မကြာခဏလာပြီး စည်းရုံးပြောကြားလေ့ရှိပေမယ့် အဲဒီလို လာရောက်ခြင်းမရှိတာ တနှစ်လောက်ရှိပြီလို့လည်း ဒေါ်ဒွဲဘူ က ပြောပါတယ်။

ရန်ကုန်မြို့ရှိ NLD အဖွဲ့ဝင် ဦးစိုးမြင့် ကလည်း ….

“ကျနော်တို့ဆီမှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဒီရက်ပိုင်းအတွင်း ကိုဗစ် ၁၉ အပါအဝင် ကောလာဟလ သတင်းပေါင်းစုံ နေ့စဉ်ကြားရတယ်။ မြစ်ဆုံကိစ္စရော မပြောဘဲနဲ့ ပြောတယ်ဆိုပြီး ဖြန့်တာတွေရှိတယ်။ ပြည်သူတွေ အနေနဲ့ အဲဒီ မမှန်မကန်သတင်းတွေကို  အထူးသတိထားဖို့လိုပါတယ်”
လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။