ဧရာမ ရေကာတာကြီးတွေ ဆောက်လုပ်တိုင်း အကျိုးရှိနိုင်မလား
2019.06.26
တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံတို့က ရေကာတာကြီးတွေ ကျိုးပေါက်မှုအကြောင်းတွေနဲ့ ဆက်စပ်ပြီး ဧရာဝတီမြစ်ဆုံ စီမံကိန်းအရေးကို တင်ပြထားပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အခုတလောသတင်းတွေ ဆက်တိုက်ဆိုသလို ကြားလာရပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က တရုတ် CPI ကုမ္ပဏီက ပညာရှင်လေးဦးက ကချင်ပြည်နယ်လွှတ်တော်မှာ Dam & Safety ခေါင်းစဉ်နဲ့ မြစ်ဆုံစီမံကိန်း ဆက်လုပ်ဖို့ ဟောပြောဆွေးနွေးခဲ့ကြပြီး မြစ်ဆုံစီမံကိန်းကြောင့် ငလျင်ဒဏ်စိုးရိမ်စရာမရှိဘူးလို့ ပြောခဲ့ကြပါတယ်။ သူတို့က စိုးရိမ်စရာ မရှိဘူးလို့ ပြောကြပေမယ့် ဘယ်နှစ်နှစ် အာမခံနိုင်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ နောက် ၁ဝ နှစ် ၁၅ နှစ် ကြာလာရင်ကော အာမခံချက်ရှိဦးမလားဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ လို့ မေးခွန်းထုတ်သူတွေလည်း ရှိကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ဘာသာရေးခေါင်းဆောင်တွေ၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေ တက်ရောက်ကြပြီး လက်ရှိရာသီဥတုဖောက်ပြန်မှုတွေ၊ မြစ်ဆုံစီမံကိန်း ဆောက်လုပ်မယ်ဆိုရင် ဖြစ်လာမယ့်ဆိုးကျိုးတွေနဲ့ အနာဂတ်အတွက် သူတို့ စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတုန်းက မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဦးဇော်ရမ်း က
“ ပြီးခဲ့တဲ့အပတ်က ကျနော်တို့က အစိုးရကို သတင်းစကား သေသေချာချာပါးထားပါတယ်။ တောင်းဆိုချက် ထုတ်ထားပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့စာချုပ်ကို ပြည်သူကိုချပြပါလို့။ ပြည်သူတွေ ပါဝင်ကူညီခွင့် ရအောင်ပေါ့နော်။ အဲလိုစောင့်ဆိုင်းနေချိန်မှာ ခုကချင်လွှတ်တော်မှာ ကုမ္ပဏီပညာရှင်တွေက မြစ်ဆုံစီမံကိန်း ဆက်လုပ်လို့ရပါတယ်။ ငလျင်လှှုပ်ရင် ဘာမှမဖြစ်ပါဘူး ပြောဆိုတာတွေဟာ ဒါ lobby သက်သက်လုပ်တာ။ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ သဘောထားကိုဆန့်ကျင်ပြီးတော့။ ဒီကုမ္ပဏီလုပ်ခွင့်ရတယ်ဆိုတာတော့ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ ယူဆတယ်။ ကျနော်တို့ အများကြီးစိုးရိမ်တယ်”
အဲဒါမတိုင်ခင်တရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ခရစ္စရှန်-ရှမစ် က
ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလိုစီမံကိန်းမျိုးဟာ သန်းနဲ့ချီပြီးရှိတဲ့ လူတွေရဲ့ ဘဝတွေအပေါ် အများကြီး အကျိုး သက်ရောက်နိုင်တာမို့လို့ လူထုရဲ့ အသံကိုနားထောင်ဖို့ လိုအပ်ကြောင်း၊ ဒီစီမံကိန်းကရလာမယ့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျိုးဆက်တွေကို အထူးအလေးအနက်ထား စဉ်းစားရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားပါတယ်။
ရေကာတာတွေကို ကမ္ဘာအရပ်ရပ်မှာ အရွယ်အစားစား ပုံစံ အမျိုးမျိုး ဆောက်လုပ်ခဲ့ကြတာ မှန်ပါတယ်။ အဲဒီထဲက တချို့တွေက ကောင်းကျိုးထက် ဆိုးကျိုးပိုပြီးပေးခဲ့တာ သာဓကတွေ ရှိပါတယ်။
တရုတ်ပြည် ဟေနန်ပြည်နယ်မှာ ဆိုဗီယက်ရုရှား ပညာရှင်တွေ အကူအညီနဲ့ ဆောက်ခဲ့တဲ့ Banqiao ဘန်ကျောင်း ဆိုတဲ့ရေကာတာ ကြီးတခုဟာ ၁၉၇၅ ခုနှစ် သြဂုတ်လက တိုင်ဖုန်းမုန်တိုင်းကျရောက် လို့ အတောမသတ် မိုးရွာတဲ့အခါ၊ တိုးသထက်တိုးလာတဲ့ ရေထုကို မထိန်းနိုင်တော့ဘဲ ကျိုးပေါက်ခဲ့ပါတယ်။ တရုတ်အစိုးရက ဒီကိစ္စကို သတင်းမထုတ်ပြန် မကြေညာခဲ့ပါဘးူ။ နောက်ပိုင်း ၁၄ နှစ်ကြာမှ ထွက်လာတဲ့ အစိုးရအစီရင်ခံစာတစောင်အရ အဲဒီနေ့က လူပေါင်း ၈၅ဝဝဝ ပွဲချင်းပြီး သေဆုံးကြရတယ်လို့ သိလာရပါတယ်။ ရေကာတာက ပေါက်ထွက်လာတဲ့ ရေတွေကြောင့် ကျေးရွာတွေ ထောင်နဲ့ချီ ရေနစ်မြုပ်ပြီး လူတွေ နှစ်သိန်းလောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ရေကာတာတွေ ထောင်သောင်းချီပြီးရှိတဲ့ တရုတ်ပြည်မှာ ရေကာတာကျိုးတာတွေ အများကြီး ရှိခဲ့ပါတယ်။ အလားတူပဲ လတ်တလော နမူနာတခုက လာအိုနိုင်ငံ Attapeu ခရိုင်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တောင်ကိုရီးယား ကုမ္ပဏီတခုက ဆောက်နေတဲ့ ပတ်ဆွမ် Paksong ရေကာတာဟာ လုပ်ငန်း မပြီးခင် မိုးရွာသွန်းမှုများတဲ့ဒဏ်ကို မခံနိုင်လို့ ကျိုးပေါက်ပြီး နာရီပိုင်းအတွင်း ရွာအမြောက်အများ ရေလွှမ်းသွားခဲ့ပါတယ်။ လူတွေ ရာပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပြီး လာအိုအစိုးရက သတင်းမထုတ်ပြန်လို့ ဘယ်လောက်သေတယ်ဆိုတာ အတိအကျ မသိခဲ့ရပါဘူး။
ဆင်းရဲတဲ့ လာအိုနိုင်ငံဟာ ရေကာတာတွေဆောက်ပြီး ပြည်ပကို လျှပ်စစ်အားရောင်းစားဖို့ စီမံကိန်းတွေ အများကြီး ချမှတ်လုပ်ကိုင်နေပါတယ်။ ရေကာတာ အများစုကို တရုတ် ကုမ္ပဏီတွေက ဆောက်နေကြတာပါ။ အစိုးရက ဓာတ်အားရောင်းချလို့ လောလောဆယ် နိုင်ငံခြားငွေရရှိမှာကိုသာကြည့်ပြီး အန္တရာယ်ဆိုးကျိုးတွေကို လျှော့တွက် ထားပုံရပါတယ်။ ဒေါ်လာသန်းချီပြီး အခိုင်အခံလုပ်ပါတယ်ဆိုပေမယ့် နှစ်ကြာလာတဲ့အခါ ရာသီဥတုဆိုးဝါးမှုကို မခံနိုင်တဲ့အဆုံး ဒေသခံတွေပဲ သေကြေဒုက္ခရောက်ကြရပါတယ်။ ဒါ့အပြင် မြစ်အထက်ပိုင်းက ရေတွေ ပိတ်လှောင် ထားလိုက်လို့ အောက်အရပ်တွေမှာ ရေစီးရေလာပျက်ပြီး လူတွေစားဝတ်နေရေး အခက်တွေ့နိုင်တဲ့ ပြဿနာ ကလည်း ရှိပါသေးတယ်။
ဒါတွေကို ဆင်ခြင်မိကြလို့လဲ မြန်မာနိုင်ငံမှာ အမိ ဧရာဝတီ ကယ်တင်ရေး၊ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး ဆိုတဲ့ ဆန္ဒဖော်ထုတ်မှုတွေ မကြာခဏဆိုသလို ပေါ်ထွက်နေတာပါ။ တရုတ်အစိုးရနဲ့ ဟိုအရင် စစ်အစိုးရတို့ ချုပ်ဆို ခဲ့တဲ့ စာချုပ်ကို ပြည်သူတွေကို ချပြပါလို့ အခါခါ တောင်းဆိုကြပါတယ်။ အစိုးရဘက်ကတော့ အချိန်မတန်သေးလို့ အသေးစိတ်ကို မပြောနိုင်သေးတာပါ။ အချိန်တန်ရင် ပြောပါမယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်တန်ရင် ဆိုတာက ဘယ်လောက်ကြာကြာ စောင့်ရအုံးမှာလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဘယ်သူမှ မဖြေနိုင်သေးပါဘူး။
အရင်အစိုးရက စာချုပ်ချုပ်ထားတာကို နောက်အစိုးရက ပြန်ဖျက်ဖို့ အင်မတန်ခက်ခဲပါတယ်။ တဖက်က ငွေ အမြောက်အများ ကုန်ကျထားပြီမို့ လက်ရှိအစိုးရအနေနဲ့ တရုတ်ကုမ္ပဏီကို ငွေအလျော် ပြန်ပေးပြီး ဖျက်သိမ်းဖို့က ပိုပြီးခက်ခဲတယ် ဆိုတာကိုလည်း သိကြပါတယ်။ ဒါပေမယ့် အစိုးရကောင်းတရပ်ဆိုတာ ပြည်သူတွေ အကျိုးကို အမြဲရှေ့တန်းတင်ရတဲ့ ထုံးစံရှိတာမို့ ဆိုးကျိုးတွေ ပေါ်ထွက်လာနိုင်မယ့် စီမံကိန်းမျိုးတွေ ကိစ္စရပ်မျိုးတွေကို အသေအချာ စဉ်းစားပြီး အလေးထား ထွက်ပေါက်ရှာသင့်ပါတယ်လို့ တင်ပြလိုက်ပါရစေ။
(RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်း စုစည်းတင်ပြသည်)