မြစ်ဆုံစီမံကိန်း ပြဿနာမြန်မာအစိုးရဘယ်လိုကိုင်တွယ်မလဲ


2019.03.07
myitsone-dam-622.jpg မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ ယူနန်ပြည်နယ်အစိုးရဘက်ကနေ ပြောဆိုတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ခလမ် ဆမ်ဆွန်က ပြောပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ယူနန်ပြည်နယ်အစိုးရဘက်က ခုလိုပြောဆိုသလို မြန်မာအစိုးရပိုင်းကလည်း စီမံကိန်းကို မဖျက်သိမ်းသေးဘူးဆိုတဲ့ စကားသံတွေ ထွက်ပေါ်နေပါတယ်။  RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် သုံးသပ်တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြစ်ဆုံစီမံကိန်း ပြဿနာ မြန်မာအစိုးရဘယ်လိုကိုင်တွယ်မလဲ

( ဦးတင်အောင်ခိုင်)

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ရင် ပြည်သူတေ ွသဘောမတူရင် ဆက်လက်လုပ်ဆောင်မှာ မဟုတ်ဘူးလို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဘူးသလို  NLD ပါတီကလည်း ပြည်သူ့ဆန္ဒမပါရင် ဆက်လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အလားတူ အစိုးရဖွဲ့စည်းပေးတဲ့  မြစ်ဆုံစီမံကိန်း လေ့လာဆန်းစစ်ရေး အဖွဲ့အနေနဲ့လည်း ဒီစီမံကိန်း ဆက်လုပ်ဖို့  ပြည်သူတွေရဲ့ သဘောထားဟာ အဓိကပါလို့  လေ့လာဆန်းစစ်ရေး အဖွဲ့ဝင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကလည်းပြောခဲ့ဘူးပါတယ်။

တကယ်တော့ မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူတွေ ဘယ်လိုသဘောထားသလဲဆိုတဲ့ မေးခွန်းဟာ အခုချိန်မှာ  ပြန်မေးရမယ့် အချိန်မဟုတ်တော့ပေမဲ့  ပြည်သူ့ဆန္ဒမပါရင် ဆက်လုပ်မှာ မဟုတ်ဆိုတဲ့ အာမခံချက်အပေါ် ပြည်သူတွေ သံသယဝင် နေပါတယ်။ ဒီအခြေအနေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့က မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း က မြစ်ဆုံရေကာတာ စီမံကိန်းကို အရွယ်အစား လျှော့ချမလား၊ တခြားနေရာတခုခုကို ပြောင်းရွှေ့ဆောင်ရွက်မလား၊ တခြားစီမံကိန်း တခုခုနဲ့ အစားထိုးမလားလို့  မြန်မာအစိုးရက အဆိုပြုခဲ့တယ်ဆိုတဲ့ စကားကို ထုတ်ဖော် ပြောခဲ့တာကြောင့်  ပြည်သူတွေကြား စိုးရိမ်စိတ်တွေ ပိုပြီးဝင်လာပါတယ်။

တချိန်တည်းမှာပဲ တရုတ်သံရုံးက မြစ်ဆုံ စီမံကိန်းအပေါ် ဒေသခံပြည်သူတွေ၊ ကချင်ပါတီတွေက လက်ခံတယ်ဆိုတဲ့ ပုံစံမျိုး ပြောလာသလို မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ယူနန်ပြည်နယ် အစိုးရဘက်ကလည်း ပြောဆိုလာပြန်ပါတယ်။ ယူနန်အစိုးရဘက်က ပြောတဲ့အထဲမှာတော့ ခြိမ်းခြောက်သံတွေပါ ပါဝင်နေပါတယ်။ ဒီစီမံကိန်းအတွက် လက်ရှိ တရုတ်သမ္မတနဲ့ ပါတီဥက္ကဋ္ဌကြီး ရှီကျင်းဖျင် ပါတီ ဒု-ဥက္ကဌ ဘဝက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ် ဆိုတာကို ထောက်ပြပြီး စီမံကိန်း မဖြစ်ဖြစ်အောင် လုပ်တော့မယ် ဆိုတာမျိုး ပြောဆိုနေပါတယ်။

ဒီနေရာမှာ မြစ်ဆုံစီမံကိန်း စာချုပ်နဲ့ ပတ်သက်ပြီး အထဲမှာ ဘာတွေရေးထားသလဲဆိုတဲ့ အချက်ကို တိတိပပ သိသူ မရှိသလောက်ဖြစ်နေတာကလည်း နောက်ပြဿနာတခုပါ။

ဒီစာချုပ်နဲ့ပတ်သက်ပြီး  မြစ်ဆုံစီမံကိန်း လေ့လာဆန်းစစ်ရေး အဖွဲ့ဝင်တွေကိုယ်တိုင် စာချုပ်ကို တကြိမ်သာ မြင်ခဲ့ဖူးပြီး အသေအချာ ဖတ်ခွင့်မရ ဆိုတဲ့သတင်း စကားတွေလည်း ထွက်ပေါ်နေပါတယ်။  ဒါပေမယ့် တရုတ်အစိုးရ အာဘော် Global Times သတင်းစာမှာတော့  ဒီစီမံကိန်း မလုပ်ဖြစ်ရင် မြန်မာအစိုးရက ဒေါ်လာ သန်း ၈ဝဝ ပြန်ပေးရမယ်လို့ ရေးသားသလို မြန်မာအစိုးရအပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ အယုံအကြည်ကင်းမဲ့စရာ ဖြစ်သွားလိမ့်မယ်လို့ ရေးသားထားပါတယ်။

လက်ရှိ အခြေအနေမှာလည်း မြန်မာနိုင်ငံအပေါ်ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ပျက်မှုတွေနဲ့ ပတ်သက်ပြီး တကမ္ဘာလုံးက ဖိအားတွေ ဝင်ရောက်နေတဲ့အချိန်ဖြစ်ပြီး မြန်မာနိုင်ငံဘက်က မားမားရပ်တည်နေတာလည်း တရုတ်ဖြစ်နေတာ အထင်အရှားတွေ့မြင်နေရပါတယ်။ ဒီအခင်းအကျင်းတွေအရ မြန်မာနိုင်ငံအနေနဲ့ တရုတ်အပေါ် မျက်နှာထောက်ထားရမယ့် အခြေအနေ ရှိနေတယ် ဆိုတာလည်း အသေအချာပါ။ ဒါပေမယ့် တဖက်က မြန်မာပြည်သူတွေရဲ့ မျက်နှာကိုလည်း ကြည့်ဖို့လိုပါလိမ့်မယ်။

ဒါကြောင့် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ အမြင်ရှင်းအောင် ပြတ်သားတဲ့ ထုတ်ပြန်ချက်တစ်ခု အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။