မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ သဘောထား


2019.01.31
myitsone-622.jpg ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ်
Photo: Zarni Htun/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရတို့ သဘောတူထားတဲ့ မြစ်ဆုံဆည်စီမံကိန်းကို စီမံကိန်းပမာဏ အရွယ်အစား လျှော့ချဖို့ ဒါမှမဟုတ် နေရာရွှေ့ဖို့၊ ဒီစီမံကိန်းအစား နောက်တစ်ခြားစီမံကိန်း တစ်ခုခုနဲ့ အစားထိုးပေးမလားဆိုပြီး ရွေးချယ်စရာ နည်းလမ်းတွေကို အစိုးရက စဉ်းစားနေတယ်လို့ သိရပါတယ်။

နေပြည်တော် MICC-2 မှာ မနေ့က ကျင်းပခဲ့တဲ့ Invest Myanmar Summit 2019 ဆွေးနွေးပွဲ အခမ်းအနား သတင်းစာရှင်းလင်းပွဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီး တခြားနည်းလမ်းတွေကို စဉ်းစားနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုစဉ်းစားပုံမျိုးကို ပြည်သူတွေနဲ့ ပညာရှင်တွေက လက်ခံနိုင်ပါ့မလားဆိုတာကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းထားပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

~~~~~~~~~~


မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ သဘောထား

(ကျော်ထွန်းနိုင်)

■ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေနဲ့ ပြည်သူအများစုတို့က မြစ်ဆုံဒေသမှာ ရေအား လျှပ်စစ်စီမံကိန်းကို တောက်လျှောက်ကန့်ကွက်နေကြသလို တရုတ်နိုင်ငံကလည်း စီမံကိန်းပြည်လည် စတင်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဖိအားတွေပေးနေတာ တွေ့ရပါတယ်။

အရင်စစ်အစိုးရလက်ထက်ကတည်းက ပြည်သူတွေကို အသိပေးတာမျိုးမရှိခဲ့ပဲ ၃.၆ ဘီလီယံတန်ဖိုးရှိတဲ့ ဆည်ကြီးကို တည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ကန့်ကွက်တာတွေ ရှိခဲ့တဲအတွက် ပြည်သူတွေရဲ့ သဘောထားလို့ဆိုပြီး ၂၀၁၁ ခုနှစ်ကတည်းက ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြသူတွေဟာ နိုင်ငံ့လူဦးရေရဲ့ ၈၀ % ရှိနေပြီး လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးကြသူတွေဖြစ်ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ နောက်ထပ်ရွေးချယ်စရာ တခြားနည်းလမ်းတွေကို စဉ်းစားဖို့အတွက် ဆည်တည်ဆောက် မယ့်နေရာဟာ ငလျင်ကြောရှိနေတာ၊ ဒေသခံကျေးရွာအမြောက်အမြား ရွှေ့ပြောင်းရမှာတွေရှိနေတာမို့ အစိုးရက အခုလိုစဉ်းစားနေရတာဖြစ်တယ်လို့ ရင်းနှီးမြှပ်နံှမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း က မနေ့က ပြောခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့စီမံချက်နဲ့ မြန်မာနိုင်ငံက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ တရုတ် CPI ကုမ္ပဏီတို့က တာဝန်ရှိသူတွေပါဝင်ပြီး လေ့လာစမ်းစစ်ခဲ့တဲ့ International Finance Committee အဖွဲ့ရဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာပါတဲ့အချက်တွေကို အစိုးရဘက်က ထည့်သွင်းစဉ်းစားလာတာမျိုး ဖြစ်နိုင်တယ်လို့ ပညာရှင်တချို့က ယူဆကြပါတယ်။

အဲဒီအစီရင်ခံစာကို လေ့လာဖတ်ရှုထားသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးသိမ်းမော် က အခုလိုရှင်းပြပါတယ်။

‘’မြစ်တွေရဲ့ မြစ်ဝှမ်းတစ်ခုချင်းအလိုက် ဇုန်တွေခွဲပြီးတော့ ဘယ်ဇုန်ထဲမှာ လုပ်သင့်တယ်ဆိုတာမျိုးပေါ့နော်၊ သူကိုယ်တိုင်ကလည်း ခွဲထားပြီးသားပါ report ထဲမှာ၊ အဲထဲမှာမြစ်ဆုံက မလုပ်သင့်တဲ့အထဲမှာပါနေ တယ်ပေါ့နော်၊ ဒါကတော့ report ထဲမှာဆိုတော့ အစိုးရကလက်ခံဖို့လည်း လိုသေးတာပေါ့နော်၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ မြစ်လက်တက်တွေမှာပေါ့နော်၊ ထိခိုက်မှုနည်းတယ် ရေအားလျှပ်စစ်လည်း ထုတ်လို့ရနိုင်မယ်၊ အားလုံးပေါင်း မဂ္ဂါဝပ် ၁၁၀၀၀ ကျော် ထုတ်လို့ရနိုင်မယ်လို့ အဲထဲမှာရေးထားတယ်၊ အဲဒီနေရာတွေမှာ အဓိကထားပြီး လုပ်လိုက်မယ်ဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာလည်းမရှိဘူး၊ ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးအတွက်လည်း ပိုပြီးတော့ အဆင်ပြေနိုင်တယ်ပေါ့ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေနိုင်မယ့် ရွေးချယ်မှုရမယ်ပေါ့နော်’’

မေခနဲ့မလိခမြစ်လက်တက် နှစ်သွယ်ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံဒေသကိုတော့ သဘာဝအတိုင်းသာ ထားသင့်တယ်လို့ စာရေးဆရာ ဒေါက်တာခင်မောင်ညို က အခုလိုပြောပါတယ်။

‘’မြစ်လက်တက်တွေမှာလုပ်ရင်တော့ သဘောတူပါတယ်၊ မြစ်ဆုံဧရာဝတီတောက်လျှောက်ပေါ့လေ မေခ မလိခ အထိနဲ့ပေါ့လေ ကျန်တဲ့ဒုဌဝတီတို့ ဇော်ဂျီ၊ ပေါင်းလောင်းတို့ ရှိပါတယ်၊ အဲဒီမြစ်တွေမှာ လုပ်လို့ရမယ်လို့လည်း ထင်ပါတယ်၊ ဒီဘက်ကိုပြောင်းမယ်ဆိုရင် ချက်ခြင်းချက်ခြင်း စဉ်းစားဆုံးဖြတ်တာမျိုးထက်ကို ဆာဗေးလုပ်ပြီး ကိုယ့်ဟာကို ဒီနေတော့လုပ်ရင် ကောင်းမယ်ဆိုတာလုပ်လိုက်ရင် မြစ်ဆုံနဲ့ အစားထိုးလုပ်တယ်ဆိုတာမျိုး ပြောစရာမလိုပါဘူး စာချုပ်အသစ်ထပ်ချုပ်လို့ရတာပဲ’’

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ အစိုးရရဲ့စဉ်းစားချက်အပေါ် အခုလိုပြောပါတယ်။

‘’ကျွန်တော်တို့ကတော့ ဒီနည်းလမ်းတွေအားလုံးရဲ့ ဆိုးကျိုးကောင်းကျိုးကို ပြည်သူကို ပွင့်ပွင့်လင်းလင်းချပြမယ် ပြီးရင် ပြည်သူအများစုရဲ့ဆန္ဒနဲ့အညီ လုပ်တာအသင့်တော်ဆုံးလို့ ကျွန်တော်တို့ပါတီက ယူဆပါတယ်၊ ပညာရှင်တွေပြောတာ တစ်ကမ္ဘာလုံးလက်ခံထားတဲ့အချက်ပါ၊ ဒီမြစ်ပြင်မှာ ဆည်အကြီးတွေဆောက်မယ့်အစား လက်တက်ခွဲတွေမှာ အသေးလေးတွေဆောက်တာ သဘာဝဘေးအန္တရာယ် လျော့ကျစေတာ ကမ္ဘာကလက်ခံ ထားတာပါ၊ စိတ်ခံစားချက်ကြောင့် မဟုတ်ဘဲနဲ့ နိုင်ငံနဲ့လူမျိုးရေရှည် အကျိုးစီးပွားအတွက်ကြည့်ပြီးတော့ ဆုံးဖြတ်ချက်မျိုးဖြစ်ရင် အကောင်းဆုံးလို့ထင်ပါတယ်’’

မြစ်ဆုံဒေသမှာ အဲဒီစီမံကိန်းလုပ်ဆောင်မယ်ဆိုရင် စတုရန်းမိုင် ၂၀၀ လောက်က ရေတွေလွှမ်းသွားမှာ ဖြစ်တယ်လို့ ပညာရှင်တွေကယူဆကြသလို ဒေသခံကချင်လူထုကလည်း မြစ်ဆုံအလှသဘာဝကို ဒီအတိုင်းသာတွေ့ လိုကြတယ်လို့ ဆိုကြပါတယ်။

ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းကတော့ အစိုးရအနေနဲ့ ဘယ်စီမံကိန်း လုပ်ငန်းတွေမဆို ပြည်သူကို ချပြအသိပေးတာ ပိုကောင်းမယ်လို့ ပြောပါတယ်။

‘’ဒီဧရာဝတီမြစ်ရဲ့ မြစ်လက်တက် မေခနဲ့မလိခ ဘယ်လောက်ထိကြမ်းတယ် ဘယ်လောက်ထိဆိုးရွားတယ် ဘယ်လောက်ထိ ညင်သာတယ်ဆိုတာ ကျွန်တော်တို့ပဲသိတယ်၊ ဒါကြောင့် ဘာပဲလုပ်လုပ် ပြည်သူလူထု သဘောဆန္ဒအတိုင်းပဲ လုပ်ပေးသင့်တယ်၊ ကျွန်တော်တို့မလုပ်ပါနဲ့လို့ မပြောလိုပါဘူး၊ ဘာပဲဖြစ်ဖြစ်ဆွေးနွေးပြီးမှ လုပ်သင့်တယ်လို့ပြောလိုပါတယ်၊ မြစ်လက်တက်တွေမှာ လုပ်တယ်ဆိုရင်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးတာတို့ သိပ်တော့ထူးခြားမှာမဟုတ်ဘူး၊ ဘယ်လိုမျိုးလုပ်ရင်ကောင်းမယ်ဆိုတာကို တစ်ဖြည်းဖြည်းနဲ့ ဆွေးနွေးအဖြေရှာတာကောင်းမယ် ’’

မြန်မာပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် သုံးစွဲဖို့ လိုအပ်နေတာမို့ တရုတ်ဘက် ကလည်း စီမံကိန်းကို စတင်ချင်နေတဲ့အခြေအနေမှာ အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းအတွက် အကောင်းဆုံးအဖြေကို ဘယ်လိုရှာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။