နေပြည်တော်နဲ့ မြဝတီမြို့အပါအဝင် ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေ

RFA Burmese
2024.09.11
နေပြည်တော်နဲ့ မြဝတီမြို့အပါအဝင် ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကြို့ကုန်းရွာရှိ နေအိမ်များ ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရာဂီမုန်တိုင်းအရှိန်နဲ့ နေပြည်တော်၊ မြဝတီမြို့အပြင် ရှမ်းပြည်နယ်က တာချီလိတ်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းကိုင်၊ ကျိုင်းတုံနဲ့ ကလောမြို့တွေမှာ မိုးကြီးပြီး နေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။

ဒေသခံတွေ ပြောပြချက်အရ စက်တင်ဘာလ ၉ ရက်ကစပြီး ရေကြီးရေလျှံရာကနေ စက်တင်ဘာလ ၁၁ ရက် ဒီနေ့မှာတော့ နေအိမ်တွေ နစ်မြုပ်တဲ့အထိ ဖြစ်လာတာပါ။

အဲဒီဒေသတွေမှာ ဒေသခံ သောင်းနဲ့ချီ ဒုက္ခရောက်နေပြီး ပိတ်မိနေသူတွေပါ ရှိနေသေးတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာတော့ စက်တင်ဘာလ ၁၁ ရက် ဒီနေ့မနက်ကစပြီး နေအိမ်ထောင်နဲ့ချီ ရေနစ်မြုပ်နေပြီလို့ ဆိုပါတယ်။

"လျှပ်တစ်ပြက် ရေတက်လာတဲ့အခြေအနေ တောင်ပြို၊ မြေပြိုနိုင်တဲ့အခြေအနေ အခု ရေတက်နိုင်တဲ့နေရာ၊ ရေကြီးနိုင်တဲ့နေရာတွေ အကုန်သတိထားရမယ်”

တပ်ကုန်းမြို့နယ်၊ ကင်းသာအုပ်စု ကြို့ကုန်းနဲ့ သပြေကုန်းရွာမှာ အိမ်ခြေ တစ်ရာခန့် ရေနစ်မြုပ်နေပြီး လူဦးရေ ရှစ်ရာခန့် ပိတ်မိနေတယ်လို့ တပ်ကုန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်မိုးလင်းတာနဲ့ ရေက ရွာထဲကို ရုတ်တရက်ရောက်လာတယ်။ ရွာထဲမှာ တချို့အိမ်တွေပါကုန်တယ်။ တချို့ကျတော့ အမိုးလောက်ပဲ ပေါ်တော့တယ်။ ကျွန်တော်တို့ ရွာထဲမှာ လောလောဆယ် ပိတ်မိနေတယ်။ ဘယ်မှလည်း သွားလို့မရဘူး။ ကယ်ဆယ်ရေးခေါ်ထားတာလည်း မလာသေးဘူး။ လောလောဆယ်တော့ ကလေးတွေ၊ လူကြီးတွေ ဒုက္ခရောက်နေတယ်။ ရေက ရွာပေါ်မှာ ၁၅ ပေလောက်ရှိနေပြီ။ အခြေအနေက မကောင်းဘူး။ မိုးက မတိတ်သေးတော့ စိုးရိမ်နေတယ်။ လျှပ်စစ်လည်း မရတော့ဘူး။ ထင်းတွေလည်းမရှိတော့ စားသောက်ရေး အခက်အခဲဖြစ်နေပြီ ”

နေအိမ်တွေထဲကို ဒီနေ့မနက်ပိုင်းက ရေတွေစဝင်လာပြီး ရေ အမြင့် ဆယ်ပေခန့်ရှိနေတာကြောင့် တပ်ကုန်းဒေသခံတွေ အိမ်ခေါင်မိုးပေါ်မှာ တက်နေရတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

မြဝတီမြို့မှာ ရေကြီးရေလျှံမှု အဆိုးရွားဆုံးကြုံနေရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှု ထပ်ဖြစ်

မိုင်းကိုင်မြို့နယ် ရေကြီး၊ အမျိုးသမီးတစ်ဦး ရေထဲမျောပါသေဆုံး


နေပြည်တော်မှာ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ မိုးစေတနာပရဟိတအသင်း တာ၀န်ရှိသူတစ်ဦးကတော့ အရေးပေါ် ရွှေ့ပြောင်းနိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးလှေတွေ လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ရေက ဆယ်ပေလောက်ရှိတယ်။ ရွာဘက်တွေဆိုရင် အိမ်တွေမြုပ်နေပြီ။ မြို့ပေါ်မှာကတော့ သုံး လေး ငါးပေ တက်လာပြီ။ လက်ရှိ အကုန်လုံးကို မရွှေ့ပြောင်းပေးနိုင်သေးဘူး။ နိုင်သလောက် လူကို ရွှေ့ပြောင်းပေးနေတယ်။ အဓိက ဒီမှာစက်လှေတွေ လိုနေတယ်။ ရေစီးက တအားသန်တော့ တံငါလှေတွေနဲ့ မရဘူး။ ရှာဖွေကယ်ဆယ်ရေး လှေတွေနဲ့မှရမှာ။ မနက် သုံးနာရီခွဲကနေစပြီးတော့ ရေစတက်တာ။ တောင်ကျချောင်းရေက တရစပ်ကြီးလာတာ။ မိုးက လုံးလုံးကိုမရပ်သေးတာ။ မနေ့ကစပြီးတော့ရွာတာ ဒီနေ့ဆို နှစ်ရက်မြောက် လုံးလုံးမရပ်သေးဘူး။ တောက်လျှောက်ရွာနေတယ်။ လူတွေကတော့ အသေအပျောက်မကြားသေးဘူး။ ဒါပေမဲ့ (ရေစီးနဲ့) ပါသွားတယ်လို့ ပြောကြတာကတော့ သုံးလေးယောက်လောက်ရှိနေပြီ ”

လက်ရှိ တပ်ကုန်းမြို့အပြင် မန်ကျည်းပင်၊ လက်ပံပု၊ ပိန်းတော၊ သရက်ကုန်း၊ ရှောက်ကုန်း၊ ညောင်ကုန်းနဲ့ ညောင်လွန့်ရွာတွေမှာပါ ရေကြီးနေပြီး ရေဘေးဒုက္ခသည် တစ်သောင်းခန့်ရှိနေတယ်လို့ ဆိုပါတယ်။

ကျောက်ဆည်၊ ရမည်းသင်း၊ ၀မ်းတွင်း၊ ပျော်ဘွယ်စတဲ့ မြို့နယ်တွေမှာလည်း ရေကြီးနေပြီး အရေးပါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်နေသူတွေက ပြောပါတယ်။

မြဝတီမြို့ ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက် မနက်အစောပိုင်းက တွေ့ရစဉ်။ (Citizen Photo)
မြဝတီမြို့ ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက် မနက်အစောပိုင်းက တွေ့ရစဉ်။ (Citizen Photo)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာလည်း စက်တင်ဘာလ ၁ဝ ရက်မနေ့ညက သောင်ရင်းမြစ်ရေ မြင့်တက်လာပြီး နေအိမ်ခေါင်မိုးတွေမြုပ်တဲ့အထိ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒီနေ့မနက် ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ရှစ်ပေကျော်အထိ မြင့်တက်နေပြီး နောက်တစ်ရက်အတွင်း သုံးပေခန့် ထပ်မံမြင့်တက်လာနိုင်ပါတယ်။

မြဝတီမြို့ပေါ်က အမှတ် (၁)၊ အမှတ် (၂) နဲ့ အမှတ် (၅) ရပ်ကွက်တွေမှာ ရေနစ်မြုပ်နေပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရွှေ့ပြောင်းနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြ၀တီမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“မြ၀တီကတော့ အရင်ကထက်ပိုပြီး ရေတက်တာလည်း မြန်လာတယ်။ ရေစီးလည်းသန်တယ်။ အောက်ဘက် တွေကတော့ အကုန်ခေါင်မိုးပဲ ကျန်တော့တယ်။ ဘုရင့်နောင်ညစျေးဘက်အထိ ရေတွေ ရောက်လာပြီ။ အရင်တစ်ခေါက်ထက် ရေကြီးတာပိုမြန်တယ်။ ပိုများတယ်။ ရေကတော့ ဆက်တက်နေတုန်းပဲ။ ည ၂ နာရီ ကျော်လောက်ကစပြီး အရှိန်ပြင်းပြင်းနဲ့ တက်နေတာ”

မြဝတီမြို့မှာ လက်ရှိ ရေဘေးဒုက္ခသည် ငါးထောင်ထက်မနည်း ရှိနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း)
တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း)

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့မှာလည်း စက်တင်ဘာလ ၉ ရက်နေ့ကစပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာတာကြောင့် ရေကြီးနေပြီး လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရေဘေးသင့်ဒေသတွေမှာ လူသေဆုံးတာတွေနဲ့ ပတ်သက်လို့တော့ RFA က စုံစမ်းဆဲဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးအခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မိုးလေဝသအခြေအနေ လေ့လာနေသူ ဦးဝင်းနိုင်ကတော့ ရာဂီ (YAGI) မုန်တိုင်းအရှိန်နဲ့ နောက်နှစ်ရက်အတွင်း မိုးများနိုင်တာကြောင့် ဆက်ပြီးသတိထားရမယ်လို့ RFA ကို ပြောပါတယ်။

“ဧရာဝတီမြစ်ရဲ့အထက်ဘက် ပခုက္ကူ၊ မြင်းခြံ ပတ်၀န်းကျင်လောက်မှာ မိုးများပြီးတော့ အဲဒီကရေဆင်းမဲ့ အခြေအနေကြောင့် ဧရာ၀တီမြစ်ထဲမှာလည်း မြစ်၀ကျွန်းပေါ်ဒေသတွေမှာ ရေတွေပြန်တက်လာနိုင်တယ်။ ဒါပေမဲ့ စိုးရိမ်ရေအမှတ်ထိ ရောက်နိုင်မယ်လို့တော့ မတွေ့သေးဘူး။ စိုးရိမ်ရေအမှတ်ကိုရောက်နိုင်တယ်။ စိုးရိမ်ရေမှတ်ကို ကျော်သွားနိုင်တယ်ဆိုတာက လှိုင်မြစ်၊ ပဲခူးမြစ်၊ စစ်တောင်း ပဲခူးတူးမြောင်း၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်တွေနဲ့ အနီးတစ်ဝိုက်၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးရဲ့တောင်ဘက် မွေတော် ကက္ကူဘေးက ချောင်းဆိုရင်လည်း ရေတွေတက်နေတာတွေရှိတယ်။ တခြားနေရာတွေ၊ ကလောတို့လည်း ရေတက်လာတာရှိတော့ ရေကြီးလာမဲ့အခြေအနေနဲ့ တောင်ကျချောင်းရေကျမဲ့ အခြေအနေ။ လျှပ်တစ်ပြက် ရေတက်လာတဲ့အခြေအနေ တောင်ပြို၊ မြေပြိုနိုင်တဲ့အခြေအနေ အခု ရေတက်နိုင်တဲ့နေရာ၊ ရေကြီးနိုင်တဲ့နေရာတွေ အကုန်သတိထားရမယ်”

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ ပဲခူးမြစ်ရေတွေ မြင့်တက်လာနိုင်တာကြောင့် ကရင်၊ ပဲခူးနဲ့ မွန်ပြည်နယ်က မြို့ ခုနစ်မြို့မှာ မြစ်ရေကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။