NUG ရဲ့ ပဲခူးတိုင်းစစ်ရေးစီမံချက်နဲ့ ပြင်းထန်လာတဲ့တိုက်ပွဲများ

RFA Burmese
2024.09.11
NUG ရဲ့ ပဲခူးတိုင်းစစ်ရေးစီမံချက်နဲ့ ပြင်းထန်လာတဲ့တိုက်ပွဲများ ပဲခူးခရိုင် အမှတ်(၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
NUG- Ministry of Defense

ပဲခူးတိုင်းမှာ မနှစ်ကထက် ဒီနှစ်မှာ တိုက်ပွဲတွေ ပိုများလာပါတယ်။ အနောက်ခြမ်းမှာ မနှစ်က တိုက်ပွဲ ဆယ်ကြိမ်လောက်ပဲဖြစ်ခဲ့ပေမဲ့ ဒီနှစ် အခု ၉ လပိုင်းလောက်အထိမှာ တိုက်ပွဲပေါင်း အကြိမ်သုံးဆယ် ထက်မနည်း ဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီဒေသရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဖြစ်တဲ့ ၃၈၀၁ နဲ့ ၃၈၀၂ က အင်အားကောင်းလာပြီး အရင်က မိုင်းဆွဲတိုက်ခိုက်တဲ့အဆင့်ကနေ လက်ရှိမှာ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။

စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေးနဲ့ ပဲခူးရိုးမထိုးဖောက်ရေးဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

"ပဲခူးတိုင်းဟာ မဟာဗျူဟာအရ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့နဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ကို ဆက်သွယ်ထားတဲ့ ချိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက် မဟာဗျူဟာအရ အင်မတန် အရေးပါ ပါတယ်"

ပဲခူးတိုင်းဟာ ရန်ကုန်နဲ့ နေပြည်တော်ကို ဆက်သွယ်ထားတာကြောင့် အရေးပါတဲ့ ဒေသတစ်ခု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က RFA ကို ပြောပါတယ်။

"စစ်တောင်းမြစ်ဝှမ်းဒေသစိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်နိုင်ရေး စစ်ဆင်ရေးလှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဟန်ချက်ညီ စစ်ဆင်ရေးကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားဖို့ ရှိတယ်။ ပဲခူးတိုင်းဟာဆိုရင်ဖြင့် မဟာဗျူဟာအရ စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်တိုင်း ရန်ကုန်မြို့နဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ကို ဆက်သွယ်ထားတဲ့ ချိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက် မဟာဗျူဟာအရ အင်မတန် အရေးပါ ပါတယ်၊"

ပြီးခဲ့တဲ့လ ဩဂုတ်လ ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို "Rain of Fire" စစ်ဆင်ရေးနဲ့ 114 mm ရှော့တိုက်ဒုံးတွေ၊ Kamikaze drone တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လေတပ်စခန်းထဲမှာ ထိခိုက်၊ သေဆုံးတာ၊ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သာယာဝတီခရိုင်မှာ မနှစ်ကထက် လူအင်အား၊ လက်နက်အင်အား ခိုင်မာအားကောင်းလာတာကြောင့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်လာနိုင်တဲ့အထိ အောင်မြင်မှုတွေ ရှိလာတယ်လို့ သာယာဝတီ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလူအေးက ပြောပါတယ်။

"နောက် ဒီဘက်မှာက တော်လှန်ရေးအင်အားတွေက အရမ်းကောင်းလာတယ်၊၊ ဆိုတော့ အုတ်ဖို၊ မင်းလှ နောက် ဒီသာယာဝတီအင်အားစုတွေ သာယာဝတီဂဠုန်တပ်ဖွဲ့၊ နောက် လက်ပံတန်း ရှေ့တန်းမြေအဖွဲ့၊ ဆိုတော့ အဲဒီလို အဖွဲ့တွေအားလုံးက ပထမတုန်းက ကိုယ်စီ ကိုယ်စီတိုက်နေတဲ့ သဘောမျိုး ရံဖန်ရံခါမှ နှစ်ဖွဲ့၊ သုံးဖွဲ့လောက်ပဲ ပေါင်းတိုက်တဲ့အချိန်မှာ အခုအချိန်က အင်နဲ့ အားနဲ့ တိုက်ကြတယ်ပေါ့နော်၊၊ တပ်ရင်းအသစ်ဖြစ်တဲ့ ၃၈၀၃ ဘက်က ဝင်ကူတာမျိုးရှိတော့ ကျွန်တော်တို့မှာ လက်နက်အင်အား၊ လူအင်အား အသာစီးနဲ့ ရန်သူ့စစ်ကြောင်းကို ခါးဖြတ်ပြီး တိုက်ခိုက်နိုင်တယ်။ ဒါက ၈ လပိုင်းမှာ ပထမဦးဆုံး ကျွန်တော်တို့ အောင်ပွဲရခဲ့တဲ့ တိုက်ပွဲဖြစ်တယ်ပေါ့နော်"

ဩဂုတ်လ ၂၄ ရက်နေ့က လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာနားမှာ အင်အား တစ်ရာလောက်ရှိတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် နှစ်ဆယ်ခန့် သေဆုံးပြီး စစ်သုံ့ပန်း ဆယ်ဦး ဖမ်းဆီးရရှိခဲ့တယ်လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁) တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်)
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁) တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်)

အဲဒီနောက် စစ်ကောင်စီတပ်က သြဂုတ်လ ၂၇ ရက်နေ့ ထပ်ပြီးစစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး ရေငံနဲ့ အုတ်ဖိုစုရွာတွေကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့ဘက်က တစ်ဦးဟာ စစ်ကောင်စီတပ်သားတွေ ရွာကို မီးရှို့ချိန်မှာ ဒေသခံတွေကို ကယ်ထုတ်ဖို့ ကြိုးစားရင်း ဖမ်းမိသွားပြီး အသတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။

မင်းလှ-စိန်ကန့်လန့်လမ်းဖြစ်တဲ့ ပဲခူးတိုင်းအနောက်နဲ့ အရှေ့ကို ဖြတ်တဲ့ ရိုးမဖြတ်လမ်လမ်းပေါ်မှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။

ပြည်ခရိုင်မှာလည်း စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာ၊ ထိပ်တိုက်ရင်ဆိုင် တိုက်တာတွေရှိခဲ့တယ်လို့ ပြည်ခရိုင်တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်တွေက ပြည်ခရိုင်အတွင်းက မြို့နယ်တွေကို လက်ရှိအချိန်မှာ ပစ်မှတ်ထား စစ်ကြောင်းထိုးနေတယ်လို့ ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ကိုရှယ်ဒိုးက ပြောပါတယ်။

"ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ နတ္တလင်း ကျွန်တော်တို့ အခုဆိုရင် ပန်းတောင်းဘက်တို့၊ ဘာတို့မှာပါ စစ်ကြောင်းတွေ ထိုးနေတာ ရှိပါတယ်ဗျ။ မနှစ်က ဖြစ်ခဲ့တဲ့ တိုက်ပွဲ အရေအတွက်ထက် အခုနှစ်မကုန်ခင်မှာ လက်ရှိအချိန်ထိ ဖြစ်ပွားတဲ့ တိုက်ပွဲအရေအတွက်က ပိုများပြားလာပါတယ်ဗျ။ စစ်ရေးအရှိန်မြှင့်တင်လာနဲ့အမျှ တိုက်ပွဲတွေဟာ တဖြည်းဖြည်း ခပ်စိပ်စိပ် တိုးလာမှာ ဖြစ်ပါတယ်ဗျ"

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုတွေ ရှိခဲ့သလို PDF တွေဘက်ကလည်း ဒီနှစ်ထဲမှာ နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အညာဒေသ မဟာဗျူဟာထိုးစစ် အရှိန်မြင့်လာ

ပဲခူးရိုးမတိုက်ပွဲမှာ စစ်သုံ့ပန်း ဆယ်ဦး ဖမ်းမိကြောင်း NUG ပြော

သုံးနှစ်အတွင်း အညာဒေသမှာ တိုက်ပွဲ နှစ်သောင်းကျော် ဖြစ်ပွား


ပေါင်းတည်မြို့နယ် နတ်ရေတွင်းရွာကို စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ် အင်အား ခုနစ်ဆယ်နီးပါး ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပေါင်းတည်ဒေသခံ တစ်ဦးက ပြောပါတယ်။

"ပထမထဲက ရွာထဲမှာ မနေကြပါဘူး။ နေတဲ့လူက သုံးချိုးတစ်ချိုးလောက်တော့ ရှိမယ်။ အဲဒီလူတွေက လည်း သူတို့လာမှန်းသိရင် အကုန်လုံး ဘေးထွက်နေရတာလေ။ အခုလောလောဆယ်တော့ အပြင်တွေက တောထဲ တောင်ထဲတွေမှာ အဲလိုပဲ နေရတာပေါ့"

ဒီနှစ်အတွင်းမှာပဲ အိမ်ခြေ ၂၇၀ လောက်ရှိတဲ့ နတ်ရေတွင်းရွာကို စစ်ကောင်စီတပ်သားတွေက မီးသုံးကြိမ် ရှို့ခဲ့တာကြောင့် အိမ် ငါးဆယ်ဝန်းကျင် ပျက်စီးသွားတယ်လို့ ပြောပါတယ်။

နေပြည်တော်နဲ့ နယ်မြေချင်းနီးတဲ့ ပဲခူးတိုင်း အရှေ့ပိုင်းမှာတော့ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိုင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"သူတို့ဘက်က စစ်ရေးအင်အား တိုးချဲ့တာတချို့ ရှိတယ်။ စစ်ရေးပြင်ဆင်တာတချို့ရှိတယ်၊၊ ဒါပေမဲ့လို့ ထိထိရောက်ရောက်တော့ ထိုးဖောက်နိုင်စွမ်းတော့ မရှိသေးဘူးပေါ့နော်၊၊ စစ်တောင်းမြစ်ဝှမ်းဒေသကို ကျွန်တော်တို့ ဘယ်လောက်စိုးမိုးထားနိုင်လဲဆိုတော့ စစ်တောင်းမြစ်ဝှမ်း တစ်ကြောလုံးမှာတော့ စစ်ကောင်စီကတော့ သူတို့က မြို့ပေါ်နဲ့ မြို့ခြေတွေလောက်ပဲ သူတို့ စိုးမိုးထားနိုင်တာရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ၊ PDF တွေ၊ EAO တွေ၊ ပကဖတွေကတော့ ကျွန်တော်တို့ မြို့နဲ့ တစ်မိုင်အကွာ၊ နှစ်မိုင်အကွာ၊ သုံးမိုင် အကွာ ဒီလောက်ထိ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ပြီလို့တော့ ပြောလို့ရပါတယ်"

ပဲခူးတိုင်း အရှေ့ခြမ်းတိုက်ပွဲတွေမှာ စစ်ရေးအရ အားသာနေတယ်လို့ ဆိုပါတယ်။

ပဲခူးရိုးမကို အခြေပြုပြီး လက်နက်ကိုင်အဖွဲ့တွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာ ဝန်ကြီး ဦးတင်ဦး က ပြောပါတယ်။

"တိုက်ပွဲရယ်လို့ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အကြမ်းဖက်အဖွဲ့အစည်းတွေပေါ့ နော်။ အကြမ်းဖက်အဖွဲ့အစည်းတွေ အနေနဲ့ ကျွန်တော်တို့ ဒီဘက်ကို စိမ့်ဝင်တဲ့သဘော ကြားသိရတဲ့အတွက်ကြောင့်မို့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးအဖွဲ့တွေကနေပြီးတော့ နယ်မြေ ရှင်းလင်းတာပါ၊၊ သူတို့အဖွဲ့တွေကတော့ဗျာ အစောကပြောသလိုပေါ့ ရိုးမကို ဖြတ်မယ်ဆိုတဲ့ သဘောရှိတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့တွေကနေပြီးတော့မှ နယ်မြေရှင်းလင်းတာပါ"

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ KNU က တပ်မဟာသုံးခုပေါင်းပြီး ပဲခူးတိုင်း အရှေ့ခြမ်း စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲဖော်ဖို့ ကြိုးပမ်းနေတယ်လို့ သြဂုတ်လ ၅ ရက်နေ့မှာ နိုင်ငံပိုင် မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။