NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်ရေး ဆက်လက်ဆွေးနွေးဖို့ရှိ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.11.30
NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်ရေး ဆက်လက်ဆွေးနွေးဖို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကို ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က PDF ရှေ့တန်းစခန်းတစ်နေရာတွင် တွေ့ရစဉ်။
National Unity Government

တရုတ်ဖိအားအပါအဝင် နိုင်ငံရေးအခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရဟာ အဝေးရောက်အစိုးရအဖြစ် ရပ်တည်လို့မရတော့ဘဲ ပြည်တွင်းမှာ အင်အားပြန်လည်တည်ဆောက်ဖို့လိုပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်တဲ့အပေါ် အစိုးရအဖွဲ့ဝင်တွေကြား အမြင်မတူတာတွေ ရှိနေပါတယ်။

ဒါကြောင့် လာမယ့်သီတင်းပတ်အတွင်း ဒီကိစ္စကို ဆက်ဆွေးနွေးသွားဖို့ရှိတယ်လို့ NUG ဝန်ကြီးတွေက ပြောပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက…

“တော်လှန်ရေး အားကောင်းဖို့၊ တော်လှန်ရေး အမြန်ပြီးဖို့ ပြည်သူတွေ ဒုက္ခကနေ အမြန်လွတ်မြောက်ဖို့ ဆိုတာကိုပဲ ဦးတည်ပြီး အကုန်လုံးက စဉ်းစားနေကြတာပဲ။ အဲ့ဒီအတွက်ကို အဖြေထွက်လာမှာပါ။ တစ်ဦးတစ်ယောက်ချင်းလည်း အခြေအနေက မတူကြဘူး။ တော်လှန်ရေးအားကောင်းဖို့ အားလုံးက ကြိုးစားနေကြတာပါပဲ။ ဒါကတော့ ပကတိအမှန်တရားပါပဲ”

ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလ ၂၆ ရက်နေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ မြေပြင်မှာ အင်အား တည်ဆောက်ဖို့ အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းမှာပြန်စုပြီး လက်တွေ့ကျကျ လုံလထုတ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝန်းမှာ အချိန်ပေးသင့်တာထက် ပိုပေးခဲ့ပြီးပြီလို့ သူရဲ့ သဘောထားကို ပြောလာတာပါ။ RFA က ပြည်ပရောက်နေတဲ့ NUG အစိုးရအဖွဲ့ဝင် ၁၀ ဦးကျော်ကို ဆက်သွယ်ခဲ့ပါတယ်။ အများစုက ဒီကိစ္စနဲ့ပတ်သက်လို့ သဘောထားထုတ်မပြောလိုကြောင်း ပြောကြပါတယ်။

လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးရဲ့ သဘောထားကတော့…

“သမ္မတကတော့ အစိုးရအဖွဲ့ဝင်တွေကို သူဖြစ်စေချင်တဲ့ ပုံစံပြောတယ်။ ကျွန်တော်တို့ကလည်း အစိုးရအဖွဲ့ကို အဲ့လိုပဲ မြင်ချင်တာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့အစိုးရအဖွဲ့က အစိုးရတစ်ရပ်က လည်ပတ်သင့်တဲ့ အခြေခံအဆောက်အအုံတွေနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းမဟုတ်တော့ စိန်ခေါ်မှုတွေ၊ ခက်ခဲမှုတွေရှိတယ်။ ပြည်တွင်းမှာလည်း ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေအများကြီးပါပဲ။ အပြင်ရောက်နေတဲ့ မနက်ဖြန်ပြန်လို့ရတဲ့ အနေအထားဖြစ်ရင် မနက်ဖန်ပြန်မဲ့သူတွေချည်းပဲ။ ကျွန်တော်တို့ကိုယ်တိုင်လည်း မနက်ဖန်ရရင် မနက်ဖန်ပြန်မယ်။ ဒါပေမဲ့ လက်တလော လုပ်ရတဲ့အလုပ်က ပြည်ပမှာပိုများပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ယောက်ရှိ ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလလို ပြည်တွင်းမှာနေပြီး အစိုးရတာဝန်ထမ်းဆောင်နေသူတွေရှိသလို ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိ လုပ်ဆောင်နေသူတွေလည်း များပါတယ်။


ဆက်နွှယ်သောသတင်းများ

ပြည်ပရောက် NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာဖို့ ယာယီသမ္မတပြော

တရုတ်အကျိုးစီးပွားအတွက် မှန်ကန်တဲ့ ပူးပေါင်းမှုလိုကြောင်း NUG ပြော

မြေပြန့်မဟာဗျူဟာထိုးစစ်အတွက် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဖို့ NUG ပြော


နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ယာယီသမ္မတရဲ့ သဘောထားနဲ့ ထပ်တူကျတယ်လို့ ပြောပါတယ်။

“ပြည်သူတွေ အရမ်းပင်ပန်းနေပြီ။ မအလကလည်း တရုတ်ရဲ့ထိုးဆေးနဲ့ အရမ်းအားတွေတက်ပြီးတော့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ သူက ရာသက်ပန်အုပ်ချုပ်မဲ့ သဘောထားတွေရှိနေတယ်။ ကာကွယ်ရေးနဲ့ ပြည်ထဲရေးကတော့ Zoom Meeting နဲ့ ညွန်ကြားနေလို့မရဘူး။ ပြည်တွင်းမှာ ကြီးကြပ်ပြီး အညာဒေသမှာ လွတ်မြောက်နယ်မြေ ရအောင် ဖန်တီးသင့်တယ်။ တစ်ပြည်လုံးကိုလည်း အဲ့ဒီကနေ ကြီးကြပ်သင့်တယ်။ လုံခြုံမှုပေးနိုင်လာတဲ့ အခြေအနေမှာ ကျန်တဲ့ဝန်ကြီးဌာနတွေ၊ လိုအပ်တဲ့ဝန်ကြီးဌာနတွေ ပြန်လာပြီး ထဲထဲဝင်ဝင် ပြည်သူနဲ့ လက်တွဲဆောင်ရွက်သင့်တယ်”

ယာယီသမ္မတ ဒူဝါလရှီးလက လက်ရှိနိုင်ငံရေးအခြေအနေအရ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထားကို လျစ်လျူရှုလို့မရဘဲ တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိအောင် ဘယ်လိုလုပ်မလဲစဉ်းစားကြဖို့ လိုတယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းကလည်း ၂၀၂၅ ဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်းတွေများမဲ့နှစ်ဖြစ်လို့ ဝန်ကြီးတွေအားလုံး စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် ထိရောက်မယ့်လုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ဖို့ တိုက်တွန်းပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။