တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နဲ့ NUG ပူးပေါင်းဆောင်ရွက်နေကြောင်းပြော
2024.11.05
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ တို့ချိတ် ဆက်ဆောင်ရွက်နေတယ်လို့ အဖွဲ့တာဝန်ရှိပုဂ္ဂိုလ်တွေက မနေ့ကကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းတိုင်းရင်း သားလက်နက်ကိုင်တွေကတော့ တိုက်ပွဲတွေရပ်ဖို့ တရုတ်နိုင်ငံရဲ့ဖိအားပေးခံနေရပါတယ်။
တရုတ်ရဲ့ဖိအားကြောင့် မြန်မာပြည်ရဲ့ တော်လှန်ရေးလမ်းကြောင်း ပြောင်းသွားစရာမရှိဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"စစ်တပ်နိုင်ငံရေးမှာမပါတဲ့ စနစ်ပြောင်းတော်လှန်ရေးဖြစ်ရမယ်။ တိုင်းရင်းသားတွေအတွက်ဆိုလည်း ဖက်ဒရယ်စနစ်ကို အာမခံနိုင်တာမျိုး ဖြစ်ရမယ်။ ဒီအဖြေကိုရဖို့ ဟိုကဖိအားပေးဒီကဖိအားပေးဆိုရုံနဲ့တော့ တရုတ်အတွက်လည်း အကျိုးရှိမှာမဟုတ်ဘူး"
မြန်မာ့အရေးဟာ ဆေးမြီးတိုနဲ့ ကုလို့မရဘူးဆိုတာ သမိုင်းကြောင်းကို ပြန်ကြည့်စေချင်တယ်လို့လည်း သူက ထောက်ပြလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုစောတာဒိုမူးကတော့ မြန်မာ့အရေးဖြေရှင်းဖို့ အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတကာဖိအားတွေ ဟန်ချက်ညီဖို့လိုတယ်လို့ ပြောပါတယ်။
"မြန်မာပြည်ပြဿနာပြေလည်ရေး ပုံစံအမျိုးမျိုးနဲ့ ချည်းကပ်နေတာက စစ်တပ်အတွက် loose hole လို့ခေါ်တဲ့ နိုင်ငံတကာရဲ့ချည်းကပ်မှုမတူတဲ့အပေါ်မှာ အခွင့်အရေးရပြီး တစ်နိုင်ငံလုံးကို အခုထက်ထိ ဗြောင်းဆန်အောင် သောင်းကျန်းနေတယ်"
ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် စစ်လက်နက်တွေ အမြန်ပိတ်ဆို့ဖို့လိုတယ်လို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက်မှာပါတဲ့ တွေ့ဆုံဆွေးနွေးရေးက အရေးကြီးပေမဲ့ အားလုံးလည်းမပါ၊ ရေရှည်ပြေလည်မယ့် အဖြေလည်းမရနိုင်တဲ့ ဆွေးနွေးပွဲတွေကို ထောက်ခံကူညီတာ မလုပ်သင့်ဘူးလို့လည်း KNU ကဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
မြန်မာပြည်အရေး အမေရိကန်၊ NUG နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဆွေးနွေး
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ကိုယ်စားလှယ်များနဲ့ ဂျပန်တွေ့ဆုံ
NUG နဲ့ တိုင်းရင်းသားသုံးဖွဲ့ခေါင်းဆောင်တွေ ဂျပန်ကို အကူအညီတောင်း
ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရှိသူ ဆလိုင်းထက်နီကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"လက်ရှိကျွန်တော်တို့က ဘုံသဘောထားရပ်တည်ချက်အတိုင်း ပြတ်ပြတ်သားသားရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ CNF တစ်ဖွဲ့တည်းနဲ့၊ KNPP တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရဘူး။ စစ်ကောင်စီရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်တာမှန်သမျှ ငြင်းပယ်တယ်။ ဆွေးနွေးစရာအကြောင်းမရှိဘူး"
ကရင်နီတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့တွေကြား ဒီထက်မက ပိုညီညွတ်ကြဖို့ ပြောပါတယ်။
"ကျွန်တော်တို့အားလုံးသာ တက်ညီလက်ညီနဲ့ ညီညွတ်ရေးကို ဒီထက်တစ်ဆလောက်ထပ်တိုးလိုက်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ဒီနေ့နဲ့ မနက်ဖြန် ကျဆုံးသွားဖို့ရှိပါတယ်"
(NUG)၊ (KNU)၊ (KNPP)၊ (CNF) တို့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေး စတဲ့အချက်တွေ ပါဝင်တဲ့ ဘုံသဘောတူညီချက်ကို ဒီနှစ် ဇန်နဝါရီမှာ ကြေညာခဲ့တာဖြစ်ပြီး အခုဆိုရင် ပူးပေါင်းဆောင်ရွက်လာတာ ဆယ်လ ရှိပါပြီ။