အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတကာနဲ့ ချိတ်ဆက်မှု ပိုအားကောင်းလာနိုင်
2022.04.19

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့က ဧပြီလ ၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ အမေရိကန်ကို နှစ်ပတ်ကျော် ကြာလာရောက်ခဲ့ပြီး အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
“အမေရိကန်အစိုးရအနေနဲ့ သံတမန်နည်းအရ ပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်ပိုအရှိန်မြှင့်ဖို့၊ NUG၊ NUCC၊ CRPH အပါအဝင် တိုင်းရင်းသားအဖွဲ့တွေကို တိုက်ရိုက်ကူညီနိုင်တဲ့ အစီအစဉ်တွေပါဝင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့ ကျွန်တော်တို့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ပါတယ်။”
ဒီလိုတွေ့ဆုံရာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော်ပြီး တိုက်ရိုက်အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင်စစ်ကောင်စီရဲ့ မတရားမှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်နေတာတွေကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။
ခရီးစဉ်အတွင်း အမေရိကန်အစိုးရနဲ့ NUG ကြား သံတမန်နည်းအရ ဆက်ဆံမှုတွေကို ဒီထက်ပိုအရှိန်မြှင့်ဖို့ တောင်းဆိုခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ကျွန်တော်တို့ ဒီကာလအတွင်းမှာ အမေရိကန်အစိုးရနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေကို တွေ့ဆုံပြီး ငါတို့သာသည်ပြည်သူ့အစိုးရ၊ ငါတို့သာသည် တရားဝင်အစိုးရ၊ ငါတို့နဲ့သာဆက်ဆံပြီး အသိမှတ်ပြုမှုတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ သံတမန်နည်းအရ ပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်ပိုအရှိန်မြှင့်ဖို့၊ ကျွန်တော်တို့တိုင်းပြည်မှာ ဒီထက်ပိုလိုအပ်နေတဲ့ အကူအညီတွေ၊ NUG နဲ့ NUCC၊ CRPH အပါအဝင် တိုင်းရင်းသားအဖွဲ့တွေကို တိုက်ရိုက်ကူညီနိုင်တဲ့ အစီအစဉ်တွေ ပါဝင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့ ကျွန်တော်တို့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ပါတယ်။”
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာ ဒဲရစ်ချောလက် (Derek Chollet)၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စလီဆာပီတာဆန်(Lisa Peterson)၊ လိင်တူချစ်သူများဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျက်ဆီကာစတန်း (Jessica Stern)၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စလင်ဒါသောမတ်စ်ဂရင်းဖီးလ် (Linda Thomas-Greenfield)တို့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ NUG ကို အစိုးရတစ်ရပ်အနေနဲ့ လူသိရှင်ကြားအသိမှတ်ပြုဖို့ ခက်ပေမယ့် ထိတွေ့ဆက်ဆံမှုနဲ့ ထောက်ခံကူညီမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေရဲ့ တုံ့ပြန်မှုကို ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။
“နိုင်ငံတော်ကိုပဲ အသိမှတ်ပြုတာဖြစ်တယ်။ အစိုးရကို အသိမှတ်ပြုတာမဟုတ်ဘူးဆိုတဲ့ သဘောမျိုး တုံ့ပြန်တာ မျိုးတွေရှိတယ်။ လူသိရှင်ကြား ဒါမျိုးကိုပေးဖို့ရာခက်တယ်ဆိုတာမျိုးကိုပြောတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ အစိုးရအဖွဲ့ကိုကော၊ အရေးတော်ပုံအပေါ်မှာကော သူတို့ထောက်ခံမှုက အပြည့်ရှိတယ်။ အသိမှတ်ပြုရာရောက်စေမယ့် ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှု၊ ကျွန်တော်တို့ကို ထောက်ခံအားပေးမှု၊ အကူအညီတွေပေးမှု ဒီကိစ္စတွေအားလုံးကိုတော့ သူတို့ကဆောင်ရွက်ပေးမယ်။ ဒါဟာလည်း တနည်းအားဖြင့် ကျွန်တော်တို့ကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံအားပေးအသိမှတ်ပြုတာပါပဲ။”
NUG ရဲ့ အမေရိကန်ခရီးစဉ်ဟာ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ ရှိလာလိမ့်မယ်လို့ ပြည်တွင်းနိုင်ငံရေးလေ့လာသူတွေကလည်း ယူဆပါတယ်။
လူသားချင်းဆိုင်ရာအကူအညီတွေ ရလာနိုင်ပြီး ဒီအထောက်အပံ့တွေကြောင့် NUG အပေါ် လူထုထောက်ခံမှုပိုအားကောင်းလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ယူဆပါတယ်။
“ပထမဦးဆုံးတိုက်ရိုက်အကျိုးသက်ရောက်မှုကတော့ အဲ့ဒီစစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ကျန်းမာရေးကိစ္စတွေအတွက် အကူအညီတွေရနိုင်တယ်။ နည်းနည်းပိုပြီးတော့ အဆင်ပြေပြေ နေနိုင်တာပေါ့။ ဒါကတော့ တိုက်ရိုက်အကျိုးသက်ရောက်မှုပေါ့လေ။ သွယ်ဝိုက်ပြီးတော့ အကျိုးသက်ရောက်မှုက ဒီလိုတွေဆောင်ရွက်ပေးတယ်ဆိုတဲ့အဖွဲ့အစည်းက ပြည်သူတွေကြားမှာ အားကိုးယုံကြည်မှုရမှာပေါ့။ အဲ့ဒီတော့ နစက ကလုပ်ပေးတာ၊ နစက ကတဆင့်ဖြစ်တာဆိုရင်တော့ နစက ကအဲ့ဒီသြဇာ၊ ဂုဏ်သိက္ခာရမယ်။ NUG က ဆောင်ရွက်ပေးတာဆိုရင် NUG ကအဲ့ဒီသြဇာ၊ ပြည်သူလူထုရဲ့ ယုံကြည်မှုရမယ်ပေါ့။”

NUG ကို အမေရိကန်က တရားဝင်အစိုးရအဖြစ် မကြေညာနိုင်သည့်တိုင် စစ်ကောင်စီကို စီးပွားရေးအရ ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံလုပ်ဆောင်မယ်ဆိုရင် ဥရောပနိုင်ငံတွေကပါ ထပ်တိုးလုပ်ဆောင်လာပြီး တော်လှန်ရေးအတွက် အကျိုးရှိလိမ့်မယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်။
“လက်နက်အင်အားကိစ္စတွေကတော့ အမေရိကန်အစိုးရက မဖြစ်နိုင်ပါဘူး။ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး ကိုမိုးဇော်ဦးလာတယ်ဆိုတာကလည်း အစိုးရတို့၊ လွှတ်တော်တို့ကို တွေ့တဲ့အခါမှာ ဥပဒေဘောင်အတွင်းကနေ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ အဓိကထားဆွေးနွေးနေပါတယ်။ အဲ့လိုလုပ်တဲ့အခါ ပိတ်ဆို့အရေးယူနိုင်ရေးကိစ္စတွေပါသလဲ။ စစ်ကောင်စီရဲ့ ငွေမဲတွေ ကိစ္စကို ဘယ်လိုလုပ်နိုင်မလဲ။ အမေရိကန်ကနေစပြီးလုပ်ဆောင်ရင် ဥရောပနဲ့ သူရဲ့မဟာမိတ်နိုင်ငံတွေ ပူးပေါင်းပါဝင်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးက အောင်မြင်ဖို့ အနီးစပ်ဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”
ဒါကတော့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ ဦးနေတင်မြင့်ရဲ့ အမြင်ကို ကြားခဲ့ရတာပါ။ လက်ရှိတိုက်ပွဲတွေမှာ PDF တပ်တွေ သုံးတဲ့ လက်နက်တွေကိုဟာ အရင်ကထက် အဆင့်မြင့်လာတာ တွေ့ရပြီး ဒါတွေဟာ NUG နဲ့ နိုင်ငံတကာချိတ်ဆက်မှုပိုအားကောင်းလာတဲ့ သဘောလို့ ယူဆလို့ရကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မတရားမှုတွေကို လက်ပိုက်ကြည့်မနေတဲ့ အစိုးရတွေဟာ NUG ကို ပိုပြီး ထောက်ခံလာလိမ့်မယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA ကို ပြောပါတယ်။
“NUG ဆိုတာ ၂၀၂၀ ရွေးကောက်ပွဲပေါ်မှာ အခြေပြုပြီးတော့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို ကိုယ်စားပြုပြီး လက်ရှိလည်းပြည်သူက ထောက်ခံမှုကောင်းကောင်းရနေတဲ့ တရားဝင်အစိုးရတစ်ရပ်ဖြစ်တယ်ဆိုတာ နိုင်ငံတကာလည်းသိပါတယ်။ ဒီနေရာမှာ ကိုယ်တိုင်လည်း မတရားမလုပ်ဘူး။ မတရားလုပ်နေတာကိုလည်း လက်ပိုက်ပြီးမကြည့်တက်ဘူး။ တရားဝင်မှုနဲ့ ပြည်သူ့ဆန္ဒသဘောထားကိုလည်း အလေးထားရကောင်းမှန်းသိတဲ့ နိုင်ငံတကာအစိုးရတွေကတော့ NUG ကို ပိုပိုပြီးတော့ ထောက်ခံလာလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ဒီလိုပဲ မြင်ပါတယ်။”
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွားတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုဆန္ဒပြမှုတစ်ခုကို ဧပြီလ ၁၆ ရက်နေ့က အိမ်ဖြူတော်ရှေ့မှာ NUG ဝန်ကြီးတွေရဲ့ခရီးစဉ်အတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့ နိုင်ငံတကာအသိအမှတ်ပြုတွေကအရေးကြီးပြီး လက်ရှိမှာ NUG အစိုးရကို ဥရောပပါလီမန်၊ ပြင်သစ်ပါလီမန်တွေက တရားဝင်အသိမှတ်ပြုကြောင်း ဆုံးဖြတ်ထားပြီးပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီလ ၁၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။