NUG စစ်ရေး၊ သံတမန်ရေး အပြောင်းအလဲများနဲ့ ၂၀၂၄

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.12.27
NUG စစ်ရေး၊ သံတမန်ရေး အပြောင်းအလဲများနဲ့ ၂၀၂၄ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ခဲ့သည့် NUG နိုင်ငံခြားရေးရုံးဖွင့်ပွဲတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း (ဝဲမှယာ) တို့အား တွေ့ရစဉ်။
ဓာတ်ပုံ - NUG နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနဲ့ လူမှုရေးရာ စတဲ့မဟာဗျူဟာ ၆ ရပ်ကို ချမှတ်ခဲ့ကြပါတယ်။

ဒီ ၂၀၂၄ ခုနှစ်မှာ NUG ရဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးအပိုင်းမှာတော့ နှစ်စ ဇန်နဝါရီလမှာ ၂ဝ၂၄ အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်သစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ၂၀၂၄ နှစ်ဆန်းပိုင်းတွေမှာ အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေကို NUG အနေနဲ့ သံတမန်ရေးအရ သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဥ်တွေမှာ နိုင်ငံတကာက သံတမန်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာ၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံတာတွေကို လုပ်ခဲ့ပါတယ်။

၂၀၂၄ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ဦးဆောင်ပြီး မြန်မာ့အရေးအတွက် နိုင်ငံတကာထိပ်တန်းသံတမန်တွေပါတဲ့ လျှို့ဝှက်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ မြန်မာအတိုက်အခံ အင်အားစုတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ NUG ကို နိုင်ငံတကာက အရပ်ဘက်အဖွဲ့တစ်ခုအနေနဲ့ ဆက်ဆံတာမျိုးသာ တွေ့ရသေးတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“ဥရောပသမဂ္ဂအနေနဲ့လည်း ၁၉ သန်းလောက်အထိ ထောက်ပံ့ကူညီခဲ့တယ်၊ ဒါက လူသားချင်းစာနာမှုဆိုင်ရာ (Humanitarian Aid) အဖြစ် သူတို့ထောက်ပံ့ကူညီဆိုတဲ့ဟာမျိုးနဲ့ ရှိထားတယ်၊ အဲသဘောတွေအရဆိုရင် သူတို့ရဲ့ ဆက်ဆံရေးက NUG ကို NGO ဆန်ဆန် အဖွဲ့တစ်ဖွဲ့ပုံစံမျိုး ဆက်ဆံနေတာလားဆိုတဲ့ မေးခွန်းမျိုးတော့ ရှိနေတယ်”

သံတမန်ရေးဟာ ပြည်တွင်းက စစ်ရေးအောင်မြင်မှုတွေပေါ်မှာ မူတည်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုပါတယ်။

“သံတမန်ရေးဘက်မှာတော့ NUG က အားနည်းတယ်ဆိုတာ မတွေ့ပါဘူး၊ အားကောင်းပါတယ်၊ သို့သော်လည်း တစ်ခုရှိတာက သံတမန်ရေးချည်း လုပ်လို့မရဘူး၊ နိုင်ငံရေးလည်း တွဲပြီးတော့ ပြည်တွင်းက အောင်မြင်မှုတွေနဲ့ တွဲပြီးတော့မှ သံတမန်ရေးက အရောင်တောက်တာကိုး၊ ပြည်တွင်းရဲ့အောင်မြင်မှုတွေ စစ်ရေးနိုင်မှုတွေပေါ် မူတည်ပြီးတော့ နိုင်ငံတကာကလည်း ကြည့်ဆက်ဆံတာကိုး၊ ဒါကြောင့်မို့ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ မရဘူးပေါ့”

အရှေ့တီမောအစိုးရတာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် NUG အစိုးရက ထုတ်ပြန်ထားစဉ်။ (Photo: Facebook/NUG)
အရှေ့တီမောအစိုးရတာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် NUG အစိုးရက ထုတ်ပြန်ထားစဉ်။ (Photo: Facebook/NUG)

NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် မေလ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ စက်တင်ဘာ ၇ ရက်မှာတော့ စစ်အာဏာရှင်ဖြုတ်ချရေး တစ်နိုင်ငံလုံး ခုခံတွန်းလှန်စစ်ကို စတင်ခဲ့ပါတယ်။

အဲဒီနောက် ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖော်ရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ NUG လက်အောက်ခံ PDF တွေရော၊ တခြား PDF တွေပါ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြပြီး အောင်မြင်မှုတွေနဲ့အတူ စစ်ရေးအရှိန်ရခဲ့ပါတယ်။

၂၀၂၄ ဟာ NUG အနေနဲ့ စစ်ရေးအပိုင်းမှာ အောင်မြင်မှုရလာတဲ့နှစ်တစ်နှစ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောပါတယ်။

“စခန်းသိမ်းရုံတင် မဟုတ်ဘူးနော်၊ စစ်ဌာနချုပ်ကြီးတွေကိုပါ သိမ်းနိုင်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်တယ်၊ စစ်ကောင်စီရဲ့ အသည်းနှလုံးလို့ ပြောရမယ့် မေမြို့လို ပြင်ဦးလွင်လိုနေရာတွေကို ကျွန်မတို့ ခြိမ်းခြောက်လာနိုင်တယ်၊ လားရှိုးမှာရှိတဲ့ စစ်ဌာနချုပ်ကြီးတွေကို သိမ်းပိုက်လာနိုင်တယ်"

ဒါပေမဲ့ ဒီလိုသိမ်းပိုက်လာနိုင်တာတွေဟာ NUG ရဲ့ သီးသန့်အောင်မြင်မှုလို့ ပြောဖို့ခက်တဲ့အကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

“၂ဝ၂၄ ခုနှစ်အတွင်းမှာ သိသိသာသာ တိုးတက်ပြီးတော့ အောင်မြင်တယ်လို့ ပြောဖို့ခက်တဲ့အနေအထားမျိုး ရှိတယ်၊ စစ်ရေးအားဖြင့် ကျယ်လာတယ်ဆိုတဲ့ဟာ NUG တစ်စုတစ်ဖွဲ့တည်းကြောင့်တော့ မဟုတ်ဘဲနဲ့ စစ်ရေးအရ အောင်မြင်မှုတွေမှာ သူတို့ရဲ့သက်ဆိုင်ရာ အစုအဖွဲ့တွေရဲ့ စဥ်းစားမှု၊ သူတို့ရဲ့ အကျိုးစီးပွား စဥ်းစားတွက်ချက်မှုတွေနဲ့ ဖော်ဆောင်လာတယ်"

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ မေလအတွင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့စဉ်။ (Photo: Twitter/ Acting President Duwa Lashi La)
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ မေလအတွင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့စဉ်။ (Photo: Twitter/ Acting President Duwa Lashi La)

NUG အနေနဲ့ စစ်ရေးမှာ ပိုပြီးအောင်မြင်ဖို့ အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။

“အောင်မြင်မှုတွေ အများကြီးရှိပါတယ်၊ ဒီထက်အောင်မြင်အောင် လုပ်စေချင်တာကတော့ ပြည်မကြီး က EAO တွေလောက် စစ်မနိုင်ဘူး ဖြစ်နေတယ်၊ လူထုတစ်ခဲနက် ထောက်ခံသလောက် စစ်မနိုင်ဘူးဖြစ်နေတယ်၊ အဲဒါကတော့ ခေါင်းဆောင်ပိုင်း ပြုပြင်ပြောင်းလဲဖို့ လိုမယ်၊ စစ်ပရိယာယ်တွေ နည်းပရိယာယ်တွေ ပြောင်းလဲဖို့ ပြုပြင်ဖို့လိုမယ်၊ နောက်ပြီး အစိုးရအဖွဲ့ကြီးက အရမ်းကြီးလွန်းအားကြီးတယ် အကြီးကြီးဖြစ်နေတယ်၊ အဲအသုံးစရိတ်တွေကိုလည်း စစ်ရေးဘက်မှာပဲ အဓိက ထားစေချင်တယ်ပေါ့" 

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဝန်ကြီးဌာန ၁၇ ခု ရှိပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ယောက်နဲ့ လည်ပတ်နေတာပါ။

တော်လှန်ရေးမြန်မြန်ရှေ့ရောက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ မတူဖို့ သတိထားရမယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“MOD အနေနဲ့ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့ စစ်တပ်တစ်တပ်ဆိုပေမဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေတိုင်းရဲ့ ခေါင်းဆောင်တွေက ခေါင်းဆောင်မှု အရည်အချင်းနဲ့ ကိုက်ညီဖို့တွေ၊ Leadership သင်တန်းတွေ များများ ထပ်ပြီးတော့ ပေးရမယ်ပေါ့နော်၊ ဘာလို့လဲဆို စစ်တပ်နဲ့သွားတူလို့မရဘူးပေါ့နော်၊ စစ်တပ်မှာက ငါပြောသလို လုပ် ငါလုပ်သလိုမလုပ်နဲ့ အဲစကားရှိတယ်၊ စစ်တပ်ရဲ့ အဲစကားအတိုင်းလိုက်လို့မရဘူး မြေပြင်မှာ၊ ဒါကြောင့် လည်း စစ်တပ်ကို စွန့်ခွာလာတယ်၊ စစ်တပ်လည်း ပျက်သုန်းခြင်းအနေအထားကို ‌ရောက်တာပေါ့နော်၊ အဓိကက အနစ်နာခံပြီး မှန်ကန်စွာ ခေါင်းဆောင်နိုင်တဲ့ မြေပြင်ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့လိုပါတယ်"

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဆောက်အဦတွင် ကျင်းပတဲ့ သံတမန်ရေးရာဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: National Unity Government)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဆောက်အဦတွင် ကျင်းပတဲ့ သံတမန်ရေးရာဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: National Unity Government)

၁၀၂၇ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ ဖိအားတွေကြောင့် မဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆံရေးဖြတ်လိုက်သလို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း စစ်ကောင်စီနဲ့ အပစ်ရပ်ဆွေးနွေးမယ်လို့ ကြေညာခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) က‌တော့ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီအချိန်မှာ NUG အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်း‌ဆောင်ရွက်မှုတွေကို စနစ်တကျလုပ်သင့်ပြီလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဆိုပါတယ်။

“အလုံးစုံတော့ တူချင်မှ တူနိုင်ပါလိမ့်မယ်၊ အကုန်လုံးတူမှ အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်တော့မှ အလုပ် လုပ်လို့ရတော့မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ဘယ်လိုအလုပ်တွေကို ကျွန်မတို့က အတူတကွလက်တွဲပြီးတော့ လုပ်နိုင်မလဲ၊ ဘယ်လိုကိစ္စမှာတော့ ဘယ်အဆင့်ထိပဲလုပ်နိုင်မလဲဆိုတဲ့ဟာကို သေသေချာချာဆွေးနွေး တိုင်ပင် ကြပြီးတော့ လုပ်နိုင်တဲ့အလုပ်က စပြီးလုပ်ကြမယ်၊ ဆွေးနွေးတိုင်ပင်ကြရင်းနဲ့ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ဒီထက်ပိုပြီး မြန်မြန်‌ရှေ့ကို ရောက်နိုင်မယ်ထင်ပါတယ်”

တစ်ဖက်မှာလည်း တော်လှန်ရေး အချိန်ကြာလာရင် ပြည်သူတွေအနေနဲ့ တောင့်ခံနိုင်စွမ်းတွေ လျော့နည်း လာနိုင်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။


ဆက်နွှယ်သောသတင်းများ

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲ NUG တက်ရောက်

AA နဲ့အတူ စစ်အာဏာရှင် အဆုံးသတ်ရေး လက်တွဲပူးပေါင်းမည်ဖြစ်ကြောင်း NUG ပြော

NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်ရေး ဆက်လက်ဆွေးနွေးဖို့ရှိ


တော်လှန်ရေး အမြန်အောင်မြင်ဖို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအနေနဲ့ အဆုံးသတ်ရလဒ် ဘာကိုမျှော်မှန်းလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုတယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

“တစ်ဖက်မှာ ကြည့်ရမှာလည်း ဆီးရီးယားအကြောင်းပဲ ဥပမာပြန်ပေးရင် သူတို့ ၁၄ နှစ်လောက်ကြာခဲ့တယ် ဆိုတော့ ကျွန်တော်တို့ အဲ ၁၄ နှစ်လောက်အတွက်ကို ပြင်ဆင်မှာလား၊ စစ်တပ်ကို ဒီလိုမျိုး အာဆတ်ထွက်ပြေး သလို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ထွက်ပြေးတဲ့အထိ လုပ်မှာလား၊ နေပြည်တော်ကြီးကို ကျွန်တော်တို့က သိမ်းပိုက်လိုက်မှာလား၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံထက် သာလွန်ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်နဲ့ ညှိနှိုင်းဆွေးနွေးမှုကို ဖော်ဆောင်ဖို့အတွက် ကြိုးစားမှာလား၊ ဒါမှမဟုတ် ၂၀၀၈ အောက်မှာပဲ ရှိရင်းစွဲ စစ်အာဏာသိမ်းယူမှုကို ပယ်ဖျက်ပြီးတော့ ‌ရွေးကောက်ပွဲနိုင်ထားတဲ့သူတွေကို အာဏာပြန်ပေးအပ်တဲ့ အခြေအနေမျိုးကို ရအောင်ပြန်ဖော်ဆောင်မှာလား အဲတာတွေက ကျွန်တော်တို့ အဆုံးသတ်စဥ်းစားရမယ်"

မြန်မာပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် အာရက္ခတပ်တော် (AA) နဲ့အတူ လက်တွဲပူးပေါင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက နိုင်ငံတစ်ဝန်းလုံးက မြို့ပေါင်း ၉၃ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။