စစ်အာဏာရှင်တော်လှန်ရေး အချိန်မကြာဖို့ နိုင်ငံရေးလေ့လာသူတွေပြော
2024.12.29

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို လက်ဗလာနဲ့ စတင်ဆန့်ကျင်တော်လှန်ခဲ့ကြရာကနေ အခုလို လေးနှစ်နီးပါးကြာလာချိန်မှာ စစ်ဌာနချုပ်ကြီးတွေအပါအဝင် နိုင်ငံတစ်ဝက်ကျော်ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ကြပါတယ်။
တကယ်တော့ နှစ်ပေါင်းများစွာ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ရတယ်ဆိုတာ မလွယ်ကူပါဘူး။
ဒါ့အပြင် ဒီနွေဦးတော်လှန်ရေးဆင်နွှဲရတဲ့ ကာလ အတော်ကြာသွားရင် ပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေပါ ထိခိုက်လာနိုင်တာကို နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
“အချိန်ကြာလာတာနဲ့အမျှ လက်နက်ကပေးတဲ့ အာဏာနဲ့ ယဉ်ပါးလာတယ်ပေါ့နော်။ အဖွဲ့အစည်းဆက်ပြီး ရပ်တည်ဖို့အတွက်လည်း ငွေကြေးရှာဖွေရတာတွေရှိတယ်ပေါ့"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ အာဏာမသိမ်းခင် ကိုဗစ်ကာလမှာကတည်းက တောင့်ခံလာရတဲ့ ပြည်သူတွေရဲ့ ခံနိုင်အားကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ပြောပါတယ်။
“အဓိက ဆုံးရှုံးထိခိုက်နစ်နာမှုတွေက ပြည်သူလူထုဆိုတာ မြင်ရလိမ့်မယ်။ အထူးသဖြင့် ကိုဗစ်အလွန် အာဏာသိမ်းယူမှု နှစ်တွေနဲ့ပေါင်းလိုက်မယ်ဆိုရင် စာမရေးတတ်၊ စာမဖတ်တတ်တဲ့ ကလေးတွေ ဘယ်လောက် များနေပြီလဲဆိုတဲ့ဟာ တကယ်စိုးရိမ်မယ်ဆို ကျွန်တော်တို့ စိုးရိမ်ရမဲ့ကိစ္စတွေ အများကြီးရှိတယ်။ ကျန်းမာရေးပိုင်းမှာလည်း လိုအပ်ချက်အများကြီးရှိတယ်။ စီးပွားရေးဆိုလည်း ဘာမှမရှိတော့ဘူးပေါ့။ ဆိုတော့ အဲလိုမျိုး အနေအထားတွေကို နောက်ထပ်ဘယ်နှနှစ်အထိ လူတွေကတောင့်ခံနိုင်မလဲ။ တောင့်ခံနိုင်ဖို့အတွက် အင်အား ဘယ်လောက်ကျန်ဦးမလဲဆိုတဲ့ဟာတွေ ကျွန်တော်တို့ ထည့်တွက်ရမယ့်ကိစ္စတွေ"
မြန်မာနိုင်ငံမှာ ၂ဝ၂ဝ မတ်လမှာ ကိုဗစ်ကပ်ရောဂါ စဖြစ်ပွားချိန်ကစလို့ အခုအာဏာသိမ်း လေးနှစ်ပြည့်ခါနီးချိန်ထိ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ကဏ္ဍအရပ်ရပ်မှာ ပြည်သူတွေ အကျပ်အတည်းကြုံနေရတာပါ။
အခုချိန်မှာ ကချင်၊ ကယား (ကရင်နီပြည်)၊ ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကရင်၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး စတဲ့တိုင်းနဲ့ပြည်နယ်က နယ်မြေအများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်တယ်ဆိုပေမဲ့ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်နေတဲ့အတွက် အုပ်ချုပ်ရေးပိုင်းတည်ဆောက်နိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
ဒီအတိုင်း ကြာလာရင် ပြည်သူတွေအတွက်ရော တော်လှန်ရေးအဖွဲ့တွေအတွက်ပါ ထိခိုက်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်က ထောက်ပြပါတယ်။
“မြို့ပေါ်တွေမှာဆိုရင်လည်း စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင် အစရှိတဲ့ဟာတွေက တော်လှန်ရေးတပ်သားတွေ တိုက်ခိုက်တာခံရမှာစိုးလို့ ဆိုပြီးတော့ အမှုအခင်းဖြစ်ရင် မသွားချင်တာ၊ မလုပ်ချင်တာမျိုးတွေ ရှိမယ်ဗျာ။ တော်လှန်ရေး အင်အားစုတွေကျတော့လည်း မြို့ပြတွေအကုန်လုံးကို ထိန်းချုပ်ထားနိုင်တာ မဟုတ်တဲ့အခါ ကျတော့ အမှုခင်းဖြစ်ရင်တောင်မှ လာပြီးတော့ တိုင်ကြားလို့ ဖြေရှင်းလို့မရတာမျိုးတွေရှိမယ်။ အုပ်ချုပ်ရေးကို အပြည့်အဝ မဖန်တီးနိုင်တာမျိုးတွေလည်း ရှိမယ်ဗျာ။ အဲတော့ ပြည်သူတွေအတွက်ကျတော့ ဘယ်သူ့ကို သွားပြီးတော့ တိုင်ကြားရမှန်းမသိတာမျိုးတွေဖြစ်လာမယ်ပေါ့။ ကာလတိုမှာတော့ လူတွေက ဒီဟာကို ကြိတ်မှတ်ပြီးတော့ ခံနိုင်တယ်ပါ့ဗျာ။ ဒါပေမဲ့ ကာလရှည်ကြာလာတဲ့အခါမှာကျတော့ ပြည်သူလူထုအတွက် လည်း နစ်နာသလို တစ်ဖက်မှာကျတော့လည်း တော်လှန်ရေးအင်အားစုတွေအတွက်လည်း တော်လှန်ရေးကို ရေရှည်လည်ပတ်ဖို့အတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုကျဆင်းလာမှာကိုလည်း စိုးရိမ်ရမှာမျိုးတွေရှိတယ်ပေါ့"
နွေဦးတော်လှန်ရေးကို ဦးဆောင်နေတယ်လို့ ပြောရမဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တော်လှန်ရေးက အချိန်အလွန်အမင်းကြာလို့မရဘူးဆိုတာ သတိမူရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က ပြောပါတယ်။
“အချိန်အားဖြင့် အများကြီးကန့်သတ်မှုတွေရှိတယ်ဆိုတာ အများကြီး သတိမမူခဲ့ကြဘူး။ အခုသုံးနှစ်အလွန်မှာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေ ဆက်ဆံရေးပုံ သိသိသာသာပြောင်းလာပြီးတော့ စစ်ကောင်စီနဲ့ သိသိသာသာ ပူးကပ်သွားတယ်ဆိုတဲ့ဟာတွေ တွေ့ရလိမ့်မယ်"
ဆက်နွှယ်သောသတင်းများ
စစ်ခေါင်းဆောင်နဲ့ ၂၀၂၄ နိုင်ငံတကာအခင်းအကျင်း
ဧရာဝတီမှာ စစ်ရေးပြင်းထန်လာနိုင်ကြောင်း လေ့လာသူတွေပြော
NUG စစ်ရေး၊ သံတမန်ရေး အပြောင်းအလဲများနဲ့ ၂၀၂၄
ဒါ့အပြင် တော်လှန်ရေးအတွက် လက်နက်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကြားမှာလည်း ရေရှည်မှာ ငွေနဲ့အာဏာက အန္တရာယ်ဖြစ်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်က ဆိုပါတယ်။
“အချိန်ကြာလာတာနဲ့အမျှ လက်နက်ကပေးတဲ့ အာဏာနဲ့ ယဉ်ပါးလာတယ်ပေါ့နော်။ အဖွဲ့အစည်းဆက်ပြီး ရပ်တည်ဖို့အတွက်လည်း ငွေကြေးရှာဖွေရတာတွေရှိတယ်ပေါ့။ အထူးသဖြင့် စစ်ကောင်စီမဟုတ်တဲ့ အဖွဲ့အစည်းတွေကျတော့ အစိုးရတစ်ရပ်လိုမျိုး ရန်ပုံငွေတွေရှာတာ၊ အခွန်ကောက်ခံတာလုပ်ဖို့က ခက်တဲ့အခါကျတော့ ခဏထိန်းချုပ်ထားတဲ့နယ်မြေတွေကနေပြီးတော့ ငွေကြေးကောက်ခံတာတွေလုပ်မယ်။ မရဘူးဆို သယံဇာတတွေ တူးရောင်းတာတွေလုပ်လာမယ်ပေါ့။ ဒါကတော့ မြန်မာပြည်မှာရှိခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ဒီဟာလုပ်ခဲ့တာကို ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါတွေ့ပြီးပြီပေါ့ဗျာ။ တော်လှန်ရေးကြာလာတာနဲ့အမျှ လူတွေရဲ့စိတ်တွေလည်း ပျက်စီးလာနိုင်တယ်ဆိုတာမျိုးကို မြန်မာနိုင်ငံ သမိုင်းမှာလည်း တွေ့ခဲ့ရပြီးပြီပေါ့နော်"
တော်လှန်ရေးဆိုတာ အချိန်ယူသင့်သလောက်တော့ ယူရမယ်လို့ တရုတ်အခြေစိုက်မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က သုံးသပ်ပါတယ်။
“တော်လှန်ရေးရှည်ကြာလာရင် ဟုတ်တာပေါ့ ဆိုးကျိုးတွေတော့ ဖြစ်တာပေါ့၊ ဒါပေမဲ့ တော်လှန်ရေးမြန်တိုင်းလည်း ကောင်းတာ မဟုတ်ဘူးဗျ။ တော်လှန်ရေးဆိုတာ တိုးလိုက် အရှိန်ကျသွားလိုက် ဒါမျိုးတွေကတော့ ဖြစ်တတ်ပါတယ်။ အခုအရှိန်က စစ်အာဏာရှင်စနစ် တိုက်ပွဲတွေ တောက်လျှောက်တိုက်လာတဲ့အခါမှာ စစ်တပ်ကို ဘယ်တုန်းကမှ ဒီလောက်အထိနာအောင် မတိုက်ခဲ့ဖူးဘူးလေ။ အချိန်က ယူသင့်သလောက် ယူရမှာပေါ့ဗျာ"
စစ်ကောင်စီဟာ လက်ရှိအချိန်မှာ တိုင်းစစ်ဌာနချုပ်ကြီးတွေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာချုပ် (ရမခ) နဲ့ ရခိုင်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အပါအဝင် နိုင်ငံတစ်ဝက်ကျော်လောက် ဆုံးရှုံးထားပြီ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်း ၂၀၂၅ မှာလုပ်ဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲမှာ မြို့နယ် ၃၃၀ ထဲက လုံခြုံရေးစိတ်ချရတဲ့ ၁၆၁ မြို့နယ်မှာပဲ ကျင်းပနိုင်မယ်လို့ပြောထားပါတယ်။