တော်လှန်ရေးအင်အားစုစစ်သည်အင်အား စစ်တပ်ထက်သာကြောင်း NUG ပြော
2023.05.03

မေလ ၃ရက်နေ့ညနေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းကနေ ပြုလုပ်ခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း NUG ရဲ့ နိုင်ငံတကာဆက်ဆံရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ထူထောင်ခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တည်ထောင်တဲ့အခြေအနေ၊ ဘဏ္ဍာရေးနဲ့စီးပွားရေးအတွက် ဆောင်ရွက်ချက်၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားသူတွေအတွက် ထောက်ပံ့မှု၊ မြန်မာ ပြည်သူတွေအတွက် ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် အွန်လိုင်းကနေ ဆောင်ရွက်ပေးနေတဲ့အခြေအနေ၊ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေအရေး၊ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်မှုနဲ့ ဘက်ပြောင်းလာတဲ့ တပ်မတော်သားတွေကို လက်ခံတဲ့အခြေအနေတွေကို NUG ပြောခွင့်ရသူ ကိုနေဘုန်းလတ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
စစ်ရေးအင်အားတည်ဆောက်မှုအနေနဲ့ တစ်နိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မြို့နယ် ၂၅၀ မှာ တည်ထောင်ထားပြီး တပ်မတော်သား နဲ့ ရဲ ၁၃၀၀၀ ကျော် လာရောက်ပူးပေါင်းခဲ့ပြီး ဖြစ်တဲ့အကြောင်း၊ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ လူအင်အား man power ဟာ စစ်တပ်ရဲ့လူအင်အားထက် သာလွန်နေပြီ ဖြစ်တဲ့အကြောင်း၊ အခုအချိန်မှာ တန်ပြန် ထိုးစစ် အကြို ကာလကို ရောက်နေပြီး နောက်ဆုံးအဆင့် တန်ပြန်ထိုးစစ်ဆင်ကာလကို ရောက်နိုင်ဖို့ မဟာဗျူဟာမြောက် စစ်လက်နက်တွေကို ရှာဖွေနေတယ်လို့ ကိုနေဘုန်းလတ်က ပြောပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် နိုင်ငံတကာကတာဝန်ရှိသူအချို့ စစ်ကောင်စီနဲ့လာရောက်တွေ့ဆုံနေကြတာနဲ့ ပတ်သက်ပြီး NUG သာလျှင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ တရားဝင်အစိုးရဖြစ်တယ်ဆိုတာ သိစေချင်တဲ့အကြောင်း NUG ပြောခွင့်ရ ဦးကျော်ဇော်က ပြောသွားပါတယ်။
NUG တာဝန်ရှိသူတွေအနေနဲ့ မြေပြင်က တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေအတွက် စစ်ကြောင်းစီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ အကာအကွယ်ပေးနိုင်ဖို့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးဖော်ထားရှိတဲ့ အခြေအနေ၊ စစ်ကောင်စီလေယာဉ်တွေ လာရင် ကြိုတင် အသိပေးနိုင်မယ့် early warning system တည်ထောင်တဲ့ အခြေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုတွေ ဆောင်ရွက်ထားတဲ့အကြောင်း ကိုနေဘုန်းလတ်က ရှင်းပြပါတယ်။
NUG အနေနဲ့ အာဆီယံနဲ့ အာဆီယံကိုယ်စားလှယ်တွေနဲ့ ထိတွေ့ဆက်ဆံဆောင်ရွက်မှု ရှိမရှိ RFA ရဲ့ မေးမြန်းချက်နဲ့ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ကြောင်း ဦးကျော်ဇော်က ပြောသွားပါတယ်။
အခုအချိန်မှာ မြန်မာ့သမိုင်းမှာ အဆိုးဆုံးစစ်ပြေးဒုက္ခသည်အကျပ်အတည်းနဲ့ ကြုံနေရပြီး၊ နိုင်ငံလူဦးရေရဲ့သုံးပုံတစ်ပုံက လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့အတွက် နိုင်ငံတကာက ပေးအပ်မယ့် အကူအညီတွေ လမ်းပွင့်သွားအောင် ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံဥက္ကဋ္ဌက အင်ဒိုနီးရှားနိုင်ငံကို ပန်ကြားလိုတဲ့အကြောင်းလည်း ဦးကျော်ဇော်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်လွှတ်တော်ကနေ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီမိုကရေစီအင်အားစုတွေကို အားပေးထောက်ပံ့ဖို့ ပြဋ္ဌာန်းထားတဲ့ Burma Act ဥပဒေပါ အကူအညီအထောက်အပံ့တွေ ရရှိမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်အစိုးရရဲ့ အကောင်အထည်ဖော်မှုအပိုင်းကို ရောက်နေပြီး ဘယ်လိုအကောင်အထည်ဖော်သွားမယ်ဆိုတာ မသိရသေးတဲ့အကြောင်း ပြောသွားပါတယ်။
PDF နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့မှာ Code of Conduct စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုတွေ၊ အချင်းချင်းသတ်ဖြတ်မှု စွပ်စွဲချက်တွေ ရှိခဲ့တာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုအခြေအနေကိုလည်း နယ်မြေစိုးမိုးမှု၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တည်ထောင်နိုင်တဲ့အခါ သက်ဆိုင်ရာဥပဒေအလိုက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး၊ ကြန့်ကြာမှုတွေကို သည်းခံပေးဖို့ ကိုနေဘုန်းလတ်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့တစ်နှစ်တာ အစီအမံချမှတ်ပြီး၊ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။