ခုခံစစ်ကနေ ထိုးစစ်အသွင် ပြောင်းလာနိုင်ပြီလို့ NUG ပြော

RFA Burmese
2023.09.07
ခုခံစစ်ကနေ ထိုးစစ်အသွင် ပြောင်းလာနိုင်ပြီလို့ NUG ပြော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့စဉ်။
Acting President Duwa Lashi La

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီး ကိုယ့်ရဲ့ ပြည်သူကို ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ကောင်စီကို နိုင်ငံတစ်ဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လက်နက်ကိုင် တော်လှန်ကြဖို့ ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့မှာ NUG က တိုက်တွန်းခဲ့ပါတယ်။

တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ အဲဒီ အာဏာရှင်ခုခံစစ်ဟာ ဒီနေ့ နှစ်နှစ်ပြည့်ချိန် မှာ ထိုးစစ်အသွင် ပြောင်းခဲ့ပြီ ဖြစ်သလို မိမိတို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ ခေတ်မီလက်နက်တွေသုံးပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

 “ကိုယ့်ဒေသကျေးရွာ ကာကွယ်ရေးအတွက် လက်လုပ်တူမီးသေနတ်များဖြင့် စတင်ခဲ့ ပေမယ့် အခုချိန်မှာတော့ မဟာဗျူဟာကျကျ တပ်ရင်း၊ တပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ထားနိုင်တဲ့ အဆင့် ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုင်ပြီး စစ်တပ်ကို တိုက်ခိုက်တွန်းလှန်လာနိုင်ပြီ ဖြစ်ပါတယ်။ ထို့အတူ GZ လို့ခေါ်တဲ့ လူငယ်များ၊ နည်းပညာရှင်များရဲ့ ဆန်းသစ် တီထွင်မှုများကြောင့် နည်းပညာဖြင့် ဒရုန်းများကို အသုံးပြုပြီး စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနေနိုင်ပြီ ဖြစ်ပါတယ်။ ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်နေပြီဖြစ်ပါတယ်”

ဒီနေ့ ခုခံစစ် နှစ်နှစ်ပြည့်ချိန်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကြေညာချက် ထုတ်ပြန်ပြီး လက်ရှိ စစ်ရေးအခြေအနေဟာ မဟာဗျူဟာထိုးစစ် အကြိုကာလကို ရောက်နေပြီလို့ ပြောပါတယ်။

ခုခံစစ် ပထမနှစ်ဖြစ်တဲ့ ၂၀၂၁ - ၂၀၂၂ အတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို တညီတညွတ်တည်းဖြစ်အောင် စုစည်းနိုင်ခဲ့ပြီး မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ PDF တပ်ရင်း ၂၉၃ ရင်းကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ပြည်နယ် ငါးခုမှာလည်း တိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့ ၂၂ ဖွဲ့ ပေါ်ပေါက်လာပြီး လက်တွဲလုပ်ဆောင်နေကြောင်း ဖော်ပြထား ပါတယ်။

ခုခံစစ် ဒုတိယနှစ်ဖြစ်တဲ့ ၂၀၂၂- ၂၀၂၃ ကာလမှာတော့ စစ်မျက်နှာအသစ်တွေ ပိုဖွင့်နိုင်ခဲ့ပြီး စစ်ကိုင်း၊ ချင်း၊ ကယား၊ ကရင်နဲ့ မကွေးတိုင်းမြောက်ပိုင်းတို့မှာ ထိန်းချုပ်နယ်မြေ ပိုများလာ ကြောင်း ဖော်ပြထားပါတယ်။

"ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်နေပြီဖြစ်ပါတယ်”

စစ်ကောင်စီတပ်နဲ့ PDF တွေအကြား တိုက်ပွဲစုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဖြစ်ခဲ့တာလို့ NUG က ဆိုပါတယ်။

နောက်ထပ် စိစစ်နေဆဲ PDF တပ်ရင်း ၆၈ ရင်း ရှိနေပြီး၊ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်သေနတ်၊ လက် နက်ကြီး၊ ဒရုန်း၊ လေယာဉ်ပစ် စက်သေနတ် (anti-aircraft guns) တွေကို အတိုင်းအတာတစ်ခုထိ တပ်ဆင်ထား နိုင်ပြီလို့  NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြပါတယ်။

အမေရိကန်စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့တဲ့ ဒေါက်တာ မီမီဝင်းဘတ် ကလည်း မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်အရေးနိမ့်ပြီး လက်နက်ကိုင်တော်လှန်ရေး တိုးတက်နေတယ်လို့ ပြောပါတယ်။

“အခုပြန်ကြည့်လိုက်ရင် တိုက်ပွဲတွေ မြန်မာနိုင်ငံထဲမှာ ဖြစ်တဲ့အခါမှာ တိုက်ပွဲတိုင်းမှာ စစ်တပ်ဘက်က ပိုပြီး ကျဆုံးတာတွေ ပိုများနေတယ်၊ တော်လှန်ရေးဘက်နဲ့ ကြည့်လိုက် လို့ ရှိရင်လေ။ ဒါကြောင့်မို့လို့ စစ်တပ်ဘက်က Air power ကိုပဲ လေယာဉ်ပျံကိုပဲ ပိုပြီးတော့ အသုံးချနေရတယ်။ အဲ့ဒီလို အသုံးချတာ ဘာကြောင့်လဲဆိုတော့ မြေပြင်မှာ မနိုင်တော့လို့၊ အဲ့ဒီအနေအထားနဲ့ ပြန်ကြည့်လိုက်ရင် တော်လှန်ရေးဘက် အများကြီး တိုးတက်နေ တယ်လို့ ပြောလို့ရတယ်”

လက်နက်ကိုင်တော်လှန်ရေး နှစ်နှစ်အတွင်း စစ်တပ်စခန်း၊ ရဲစခန်းနဲ့ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးစခန်းတွေအပါအဝင်  စုစုပေါင်း စခန်း ၁၃၅ ခုကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီနှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉၉၀၀  ဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၂၆,၁၉၄ ဦး သေဆုံးခဲ့ပြီး ၁၀,၈၀၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးမောင်မောင်ဆွေ က ပြောပါတယ်။ PDF တပ်ဖွဲ့ဝင် တွေဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ပြောပေမယ့် အရေအတွက် တိတိကျကျကို ထုတ်မပြော ပါဘူး။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ NUG ဘက်ကပြောနေတဲ့ တော်လှန်ရေးနိုင်နေပြီဆိုတာ လေလှိုင်းပေါ်မှာပဲ နိုင်နေတာလို့ RFA ကို ပြောပါတယ်။

 “လုံခြုံရေးပိုင်းအရ ကွက်ပြည့် မနင်းနိုင်သေးတဲ့ နေရာမျိုးတွေမှာတော့ လှုပ်ရှားမှုတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်က ဝါဒဖြန့်သလောက်ကြီး သူတို့ အောင်မြင်နေ တယ် ဆိုတဲ့ဟာမျိုး၊ ထိန်းချုပ်နိုင်တယ် ဆိုတဲ့ဟာမျိုး အဲဒါလောက်ကြီးတော့ မဖြစ်တာ အသေအချာပဲ။ နောက်တစ်ချက်က  တပ်မတော်သား သုံးသောင်းနီးပါးလောက် (သေဆုံးတယ်) ဆိုတဲ့ဟာက ဝါဒဖြန့်ချိမှု ပိုများနေတယ်။ မြေပြင်မှာနိုင်တာ၊ မနိုင်တာ ထက် လေလှိုင်းပေါ်မှာ နိုင်ဖို့ ကြိုးစားနေတဲ့ သဘောပေါ့”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ (Photo: NUG)
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ (Photo: NUG)

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ PDF တွေရဲ့ တိုက်ခိုက်မှု အတွင်း သူ့ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ကြောင်း အခုနှစ် ဇူလိုင် ၃၁ ရက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ အရေအတွက် အတိအကျကိုတော့ ထုတ်မပြောပါဘူး။ တိုက်ခိုက်မှုတွေဟာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ ကယား၊ ချင်း၊ မွန် စတဲ့ တိုင်းနဲ့ ပြည်နယ် ရှစ်ခုမှာ ဖြစ်ပွားနေတာလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေး လက်နက်ကိုင်တော်လှန်မှုကို ခေါင်းဆောင်မှု တစ်ခုတည်း အောက်မှာ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရင် အနှေးနဲ့အမြန် အောင်မြင်လိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

“တော်လှန်ရေး တစ်ရပ်လုံးဟာ တစုတစည်းသော ခေါင်းဆောင်မှုအောက်မှာ မရှိဘဲနဲ့ အကွဲကွဲအပြားပြား ဖြစ်နေတာမျိုး၊ အဲဒီတော့ ပိုပြီးသိပ်သည်းတဲ့ ပိုပြီးဟန်ချက်ညီတဲ့ တပ်ပေါင်းစုကို ဒီထက်ပိုပြီး ကြီးကြီးမားမား တည်ဆောက်နိုင်ရင် ကျွန်မတို့ နွေဦးတော်လှန်ရေးဟာ အနှေးနဲ့ အမြန် အောင်ပွဲရနိုင်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ လက်နက်ကိုင်ပဋိပက္ခ တွေဟာ နိုင်ငံတစ်ဝန်း တိုင်းနဲ့ ပြည်နယ် ၁၄ ခုအနက် ရန်ကုန်နဲ့ ဧရာဝတီကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ဖြစ်ပွားနေတာပါ။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာလည်း ဗုံးခွဲမှု၊ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေပါတယ်။  

တစ်ဖက်မှာတော့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သန်း ခြောက်သိန်းကျော် ရှိနေ ပါပြီ။ အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တဲ့ သုံးသိန်းကျော်နဲ့ပေါင်းရင် လက်ရှိ နိုင်ငံတစ်ဝန်းမှာ စစ်ဘေး ဒုက္ခသည်အရေအတွက် နှစ်သန်းနီးပါး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။