အညာဒေသမှာ မဟာဗျူဟာထိုးစစ် စတော့မယ်လို့ NUG ပြော

RFA Burmese
2024.06.11
အညာဒေသမှာ မဟာဗျူဟာထိုးစစ် စတော့မယ်လို့ NUG ပြော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ရောက်ရှိခဲ့စဉ်။
Ministry of Defence NUG

ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေက တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မြို့တွေအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဟာ တပ်စခန်းတွေ၊ မြို့တွေနဲ့ နယ်မြေတချို့ကိုပါ လက်လွှတ်ဆုံးရှုံးလာရပါတယ်။

အလားတူပဲ စစ်ကိုင်း၊ မကွေး အပါအဝင် မြေပြန့်ဒေသမှာပါ မဟာဗျူဟာထိုးစစ်တွေ မကြာခင်စတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မေလ ၁၄ ရက်နေ့မှာ မကွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ စစ်သင်တန်းဆင်းပွဲကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"လက်နက်ခဲယမ်း ပြည့်စုံရင်တော့ ဝန်ကြီးဦးရည်မွန် ပြောတဲ့အတိုင်း ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်နိုင်ပါတယ်”

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက ဒီနှစ်ထဲမှာ ထိုးစစ် စတင်တော့မယ်လို့ RFA ကို ပြောပါတယ်။

“တိုင်းရင်းသားတွေက သူတို့ရဲ့နယ်မြေ တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ကြပြီဖြစ်တယ်။ အခုအချိန်မှာဆိုရင် နောက်ဆုံးခံတပ်ဖြစ်တဲ့ မြေပြန့်ဒေသတွေကိုတော့ ဆက်လက်ပြီး ထိုးစစ်ဆင်သွားဖို့ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့စုဖွဲ့မှုတွေ၊ တည်ဆောက်မှုတွေကို ထပ်မံပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေရင်းနဲ့ပဲ စုဆောင်းမှုတွေကို ရသမျှအရင်းအမြစ်တွေကနေ စုဆောင်းရင်းနဲ့ပဲ မဟာဗျူဟာ ထိုးစစ်တစ်ရပ်ကို မဟာမိတ်တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားညီနောင်တွေနဲ့အတူတူ ထိုးစစ်ဆင်သွားဖို့ ရှိတယ်လို့ ပြောလိုပါတယ်”

စစ်ကောင်စီကတော့ ပြည်နယ်တွေမှာလို ကြီးမားတဲ့ထိုးစစ်တွေ အညာဒေသတွေမှာ ဖြစ်မလာဖို့အတွက် လက်နက်ကြီးနဲ့ လေကြောင်းအလွန်အကျွံသုံးပြီး တိုက်ခိုက်တာအပြင် ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မြေပြန့်ဒေသက ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ၂ဝ၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်က လက်နက်ခဲယမ်း၊ လူအင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်လာတဲ့အချိန် ဒေသကာကွယ်ရေးတပ်တွေမှာ လက်နက်ခဲယမ်းမလုံလောက်တာကြောင့် သိမ်းထားတဲ့ စခန်းတွေ မြို့တွေကနေ ပြန်ဆုတ်ခွာပေးခဲ့ရတဲ့အခြေအနေတွေ ရှိခဲ့ပါတယ်။

မြေပြန့်ဒေသမှာ ထိုးစစ်ဆင်နိုင်ဖို့ဆိုရင် လက်နက်ခဲယမ်း အဓိက လိုအပ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့ဝင် ကိုမြတ်ကိုက RFA ကို ပြောပါတယ်။

“ထိုးစစ်ကတော့ ဆင်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ဆင်မယ်ဆိုရင် လက်နက်ခဲယမ်း ပြည့်စုံမှ ဖြစ်မှာ။ ကျွန်တော်တို့ ဒေသတွေဆို ဘယ်အရာမှ လက်နက်ပြည့်စုံတာ မရှိဘူး။ ကျွန်တော်တို့က ရဲဘော်တွေ ရှိတယ်။ စိတ်ဓာတ်ရှိတယ်။ လိုတာကတော့ လက်နက်ခဲယမ်းပဲ။ လက်နက်ခဲယမ်း ပြည့်စုံရင်တော့ ဝန်ကြီးဦးရည်မွန် ပြောတဲ့အတိုင်း ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်နိုင်ပါတယ်”

ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကိုင်းတိုင်းက ကနီမြို့သိမ်းတိုက်ပွဲမှာဆိုရင် ကာကွယ်ရေးတပ်တွေက မြို့ကို ဆယ်ရက်ကြာ ထိန်းချုပ်ခဲ့ပြီးနောက် စစ်တပ်ရဲ့ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်မှုကြောင့် မြို့ကို ပြန်လက်လွှတ်ခဲ့ရပါတယ်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာလကစတင်ခဲ့တဲ့ ၂၀၂၇ စစ်ဆင်ရေးအတွင်းမှာလည်း စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လူး၊ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးမြို့တို့ကို ကာကွယ်ရေးတပ်ဖွဲ့က သိမ်းယူခဲ့ပြီး ကောလင်းမြို့ကိုတော့ သိမ်းယူပြီး သုံးလအကြာမှာ ပြန်လည်လက်လွတ်ခဲ့ရပါတယ်။

အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) မှ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Ministry of Defence NUG)
အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) မှ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Ministry of Defence NUG)

အညာဒေသက တော်လှန်ရေးအားကောင်းတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေက မြို့တွေနဲ့ တပ်စခန်း ချထားတဲ့ နေရာတစ်ဝိုက်ကိုသာ စိုးမိုးနိုင်ပြီး ရွာတွေဘက် နေရာအများစုကို ကာကွယ်ရေးတပ်တွေက စိုးမိုးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက စစ်တပ်ကို တော်လှန်တိုက်ခိုက်မဲ့ အညာဒေသက ထိုးစစ်ဟာ အောင်မြင်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ပါတယ်။

"ဒီ NUG က အညာဒေသမှာ ထိုးစစ်ဆင်လာတာနဲ့ ပတ်သက်ပြီး အောင်မြင်စရာ ရှိလားလို့ မေးလာရင် ဘယ်လိုလုပ် အောင်မြင်မှာလဲ။ အောင်မြင်စရာ မရှိဘူး၊ အနှောင့်အယှက် ဖြစ်ရုံပဲဖြစ်မယ်။ အင်စတီကျူးရှင်း (ဖွဲ့စည်းပုံ) ကောင်းကောင်းနဲ့ စစ်တပ်တစ်ခုကို NUG က တိုက်နိုင်တယ်ဆိုတာ လုံးဝအခွင့်အလမ်း မရှိဘူး"

အညာဒေသဟာ စစ်ကောင်စီအတွက် အရေးပါတာကြောင့် တိုင်းရင်းသားဒေသတွေမှာလို စစ်တပ်က လွယ်လွယ်နဲ့ လက်လွတ်ခံမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အညာဒေသမှာရှိနေတဲ့ စစ်တပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်နိုင်ဖို့ NUG လက်အောက်ခံတပ်ရင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအားလုံး စစ်ရေးအရ ပူးပေါင်းမှုတွေ အရင်ဆုံးလုပ်သင့်တယ်လို့ ထောက်ပြပါတယ်။

“တိုက်ပွဲအတွင်းမှာ ပိုပြီးတော့ စည်းလုံးညီညွတ်နိုင်ပါတယ်။ အဲဒါကြောင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာက ပိုပြီးတော့ သဘာဝကျတယ်။ ဒါကြောင့် စစ်ရေးအရ စစ်ကောင်စီစခန်းတွေကို နောက်ပြီးတော့ စစ်ကြောင်းတွေကို တိုက်ခိုက်နိုင်အောင် တားဆီးကာကွယ်နိုင်အောင် အရင်ဆုံးပူးပေါင်းဆောင်ရွက်ကြတာက ပိုပြီး အရေးကြီးတယ်လို့ မြင်ပါတယ်”

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ မြေပြန့်ဒေသ စစ်ဆင်ရေးအတွက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။