ဖမ်းဆီးမှုတွေရှိပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လည်ပတ်နေဆဲ
2024.12.03
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
ဖမ်းမိတဲ့ပစ္စည်းတွေထဲမှာ စတားလင့်အင်တာနက်၊ လက်ကိုင်ဖုန်းနဲ့ လက်နက်ခဲယမ်းတွေ ပါဝင်ပြီး သူတို့ကို ဘယ်လိုအရေးယူမယ်ဆိုတာမျိုးတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒါဟာ နိုဝင်ဘာလ ၁၉ ရက်နေ့က တန့်ယန်းမြို့အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ တစ်ထောင်ကျော်ကို UWSA “၀” တပ်ဖွဲ့က ဖမ်းဆီးပြီးနောက်ပိုင်း ထပ်မံဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။
“၀” တပ်ဖွဲ့ကတော့ သူတို့ဖမ်းဆီးရမိတဲ့ လူဦးရေတစ်ထောင်ကျော်ထဲက တရုတ်နိုင်ငံသား ခုနစ်ရာကျော်ကို အဲဒီနေ့မှာပဲ တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
အခုဖမ်းမိတဲ့နေရာ နောင်ဟီးကျေးရွာဟာ တန့်ယန်းမြို့ ရပ်ကွက် (၈) အတွင်းမှာပါဝင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ယန်းမှာ အခုရက်ပိုင်း ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်တိုက်ဖမ်းဆီးနေပေမဲ့ အဲဒီလုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေတုန်းပဲလို့ တန့်ယန်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"တန့်ယန်းနယ်ထဲမှာ ပြောမယ်ဆိုရင် ကျားဖြန့်တွေက အများကြီးပဲ။ သူတို့က တစ်နေရာပြီး တစ်နေရာရွှေ့တာ။ တန့်ယန်းမြို့ရဲ့ မြောက်ဘက်မှာလည်း ရှိတယ်၊ တောင်ဘက်မှာလည်း ရှိတယ်။ ဟိုတလောက ဖမ်းတယ်ဆိုတာက တစ်ရုံ၊ နှစ်ရုံစာလောက်ပဲရှိတာ။ အများကြီးကျန်သေးတယ်။ မြို့ပေါ်မှာက သူတို့တရုတ်တွေက ကားအကောင်းစားကြီးတွေနဲ့။ တရုတ်ဆိုတာလည်း သိသာတယ်လေ။ သူများနိုင်ငံကတရုတ်နဲ့ ကိုယ့်နိုင်ငံက ဒေသခံတရုတ်တွေနဲ့။ အုတ်တံတိုင်းကြီးတွေခတ်ပြီးတော့ အထဲမှာ စက်ရုံပုံစံမျိုးကြီးတွေနဲ့ လုပ်တာ။ တစ်ခုခုဆိုရင် နေရာထပ်ရွှေ့တယ်၊ အဲဒီလိုမျိုး"
အဲဒီလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်ပြီး မြန်မာနိုင်ငံသားအများစုက အလုပ်သမားတွေအဖြစ် လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။
တန့်ယန်းက အွန်လိုင်းငွေလိမ်လုပ်ငန်းအများစုဟာ UWSA “၀” ဒေသ ပန်ဆန်းမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ဖမ်းဆီးမှုတွေများလို့ တန့်ယန်းဘက်ကို ရွှေ့လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်နဲ့ မိုင်းဟပြည်သူ့စစ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အဓိက နေထိုင်ကြတာလို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
တရုတ်နယ်စပ်မှာ အွန်လိုင်းငွေလိမ်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၄၆၀ ခန့်ကို စစ်ကောင်စီ အမှုဖွင့်
ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား ၇၆၀ ကျော်ကို UWSA တရုတ်ထံ လွှဲပြောင်း
အကြီးစားအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ခဲ့ကြောင်း တရုတ်ပြော
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ပန်လုံနဲ့ ဟိုပန်မြို့က ငွေလိမ်လုပ်ငန်းတွေဟာ တန့်ယန်းမြို့နယ်ကို အလုံးအရင်းနဲ့ ထပ်မံရွှေ့ပြောင်းလာတယ်လို့လည်း တန့်ယန်းမြို့ခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တန့်ယန်းမြို့ကို UWSA “၀” တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ပူးတွဲထိန်းချုပ်ထားတာပါ။
မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့မြောက်ဘက်နဲ့ တောင်ဘက်က ရွာတွေမှာတော့ UWSA နဲ့ SSPP/SSA တပ်ဖွဲ့တွေ နေရာခွဲပြီး ထိန်းချုပ်ထားပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေရော၊ UWSA နဲ့ SSPP တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာပါ လှည့်လည်သွားလာပြီး လုပ်ကိုင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာပြည်မြောက်ပိုင်းမှာ လည်ပတ်နေတဲ့ အကြီးစား အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်နိုင်ခဲ့တာကြောင့် တန့်ယန်း၊ မြဝတီနဲ့ ဝမ်ဟိုင်းဒေသတွေဘက် ရွှေ့ပြောင်းလုပ်ကိုင်ကြတာလို့ တရုတ်သတင်းဌာနတွေမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ “၀” တပ်ဖွဲ့ တာဝန်ရှိသူနဲ့ SSPP ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေပါတယ်။
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နဲ့ မင်္ဂလာမူဆယ် ရပ်ကွက်ထဲက အဆောက်အအုံတွေမှာ လက်နက်ကိုင်အစောင့်တွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေတယ်လို့ မူဆယ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"မူဆယ်ဘက်မှာတော့ ကျားဖြန့်တွေကတော့ စကစနဲ့ လက်တွဲနေတဲ့ဟာတွေပဲဆိုတော့ အများကြီးကျန်တာပေါ့။ ဖမ်းလည်းအယောင်ပြပဲ၊ သူတို့နဲ့ အဆင်မပြေတာလေးတွေပဲ ဖမ်းပြနေတာကို။ ကျားဖြန့်ရှိနေတဲ့ နေရာအရှေ့က မိန်းလမ်းမှာတောင် အတားအဆီးတွေနဲ့ လုံခြုံရေးတွေနဲ့ပေါ့၊ သူတို့ရှိတဲ့နားဆိုရင်"
အဲဒီလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး ယူပေးထားပြီး ဘယ်သူမှ အဲဒီနေရာတွေကို ဝင်လို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ အနည်းဆုံး ၁၅ ဖွဲ့အထိ ရှိနေတာပါ။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နဲ့ မင်္ဂလာမူဆယ်ရပ်ကွက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ချိန် အဲဒီနေရာကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလက်အောက်ခံ မန့်ပိန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
အဲဒီနေရာကနေပဲ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာပါဝင်တဲ့ တရုတ်နိုင်ငံသား ၂၄၇ ဦးနဲ့ မြန်မာနိုင်ငံသား ငါးရာကျော်ကို ဖမ်းမိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလကနေ အောက်တိုဘာလအတွင်း မူဆယ်မြို့ကနေ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ပြီး ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၁၁၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
မြန်မာနယ်စပ်တစ်လျှောက်မှာ လစဉ်လိုလို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဖမ်းမိနေပေမဲ့ အမြစ်ဖြတ်ဖို့ဆိုရင် လက်နက်ကိုင်အဖွဲ့တွေ အားလုံးပူးပေါင်းမှပဲရမယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရှမ်းလူငယ် ခေါင်းဆောင်ဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။
"တရုတ်က ဖိအားပေးလာရင် စကစကလည်း ဖမ်းပြလိုက်၊ လက်နက်ကိုင်တွေကလည်း ဖမ်းပြလိုက်၊ ပြီးရင် အပ်ပေးလိုက်။ ပြီးရင် ဒိုင်ရှိုထားတဲ့ဟာလေးတွေ ခိုင်းစားလိုက်။ ဒီလိုနဲ့ပဲ လည်နေတာကြီးကို အားလုံးက သူတို့ရဲ့ ထမင်းအိုးလိုဖြစ်နေပြီ။ အမြစ်ပြတ်အောင်လုပ်မယ်ဆိုရင် အဓိကအားဖြင့် ဒီလက်နက်ကိုင်အဖွဲ့အစည်းရဲ့ စကစရယ် အားလုံးက အင်တိုက်အားတိုက်နဲ့ ပပျောက်စေချင်တယ်ဆိုတဲ့ စိတ်ရှိရင်တော့ပျောက်မှာပဲ။ အဲလိုမှ မဟုတ်ရင်တော့ အဖမ်းပြတဲ့ပုံစံဆိုရင်တော့ မူးယစ်ဆေးဝါးလိုပဲ သွားမှာပဲ။ မဖမ်းဘူးလား ဖမ်းတယ်၊ မရှိဘူးလား ရှိတယ်။ ဘာကြောင့်မို့ရှိလဲ တမင်သက်သက်ထားလို့ ရှိတယ်။ ဒါပဲနောက်ဆုံး ရှင်းရှင်းပြောရင်တော့"
စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေတွေမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေတယ်ဆိုတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြေခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
"တရုတ်က ဖိအားပေးလာရင် စကစကလည်း ဖမ်းပြလိုက်၊ လက်နက်ကိုင်တွေကလည်း ဖမ်းပြလိုက်၊ ပြီးရင် အပ်ပေးလိုက်။ ပြီးရင် ဒိုင်ရှိုထားတဲ့ဟာလေးတွေ ခိုင်းစားလိုက်"
မြန်မာနယ်စပ်ဒေသက တရုတ်နိုင်ငံသားတွေဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေတဲ့အပေါ် ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေများလာတဲ့နောက် ၂၀၂၃ ခုနှစ်ကစလို့ ဒီလုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ တရုတ်နိုင်ငံဘက်က ထိုင်း၊ လာအို၊ မြန်မာ စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးတွဲ ဆောင်ရွက်ခဲ့တာပါ။
အဲဒီလိုစတင်တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ “၀" ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ပြီးဖမ်းမိတဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို နယ်စပ်ကတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့က ချက်ချင်း လွှဲပြောင်းလက်ခံခဲ့ပါတယ်။
လက်ရှိအချိန်အထိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ တရုတ်နိုင်ငံသား ၅၃,ဝဝဝ ကျော် ဖမ်းဆီးထားတယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ တရုတ်ခရီးစဉ်မှာလည်း တရုတ်ဝန်ကြီးချုပ် လီချန်းက အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၉ ရက်နေ့ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေကနေ ထုတ်ပြန်ပြောဆိုထားပါတယ်။