စစ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလှုပ်ရှားမှု ပိုဆိုးလာ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.10.01
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလှုပ်ရှားမှု ပိုဆိုးလာ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနေစဉ်။
WSTV

မြန်မာနိုင်ငံမှာ စနစ်တကျဖွဲ့စည်းထားတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အရင်ကတည်းက ကျင်လည်လှုပ်ရှားနေခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က စလို့ ပိုဆိုးဝါးလာတဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြုစုတဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြပါတယ်။

ဒီအွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ အရှေ့တောင်အာရှဒေသက ကာစီနိုလောင်းကစားရုံတွေနဲ့ အွန်လိုင်းလောင်းကစားက အစပျိုးလာတာလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာနယ်စပ်တွေမှာ လောင်းကစားသမားတွေ ကျက်စားကြပြီး ကရင်ပြည်နယ် မြဝတီမြို့ မြောက်ဘက် ၁၀ မိုင်လောက်အကွာက သောင်းရင်းမြစ်ကမ်းပါးမှာရှိတဲ့ ရွှေကုက္ကိုအထူးစီးပွားရေးဇုန်ဟာ လောင်းကစားသမားတွေ ကျက်စားရာနေရာလို့လည်း အသိများပါတယ်။

ရွှေကုက္ကိုစီမံကိန်းကို တရုတ်နိုင်ငံက ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု Yatai International Holding Group နဲ့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်ပြီး မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ၂၀၁၇ မှာ မှတ်ပုံတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံလို တရုတ်နိုင်ငံ သြဇာမကင်းတဲ့ ကမ္ဘောဒီးယားနဲ့ လာအိုမှာလည်း ဒီလိုစီမံကိန်းမျိုးရှိပြီး ကာစီနို လောင်းကစားရုံတွေလည်း ရှိတာပါ။

ဒီနှစ် စက်တင်ဘာက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ၂၀၁၄ ကနေ ၂၀၁၉ အတွင်း ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုလောင်းကစားမှုက ၁၆၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ဖော်ပြပါတယ်။ ဖိလစ်ပိုင်နိုင်ငံကလည်း သူ့ပြည်ပကနေ အွန်လိုင်းကလောင်းကစားတဲ့စနစ်ကို၂၀၁၆ မှာ စတင်တယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းအတွက် ဖိလစ်ပိုင်နိုင်ငံသား အနည်းအကျဉ်းနဲ့ ရွှေ့ပြောင်းလုပ်သား ထောင်သောင်းချီ အလုပ်ခန့်တဲ့အတွက် ဒီအွန်လိုင်းရာဇဝတ်ဂိုဏ်းလုပ်ငန်းတွေဟာ ပြန်ပေးဆွဲမှုနဲ့ အလုပ်သမားတွေကို တရားလက်မဲ့ဖမ်းဆီးမှုနဲ့ ဆက်စပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းမသမာမှုလုပ်ငန်းတွေ ကြီးထွားလာဖို့ ကိုဗစ်ကပ်ရောဂါက တစ်နည်းတစ်ဖုံ အားပေးပြန်ပါတယ်။ လူက လူကို ကူးတဲ့ ဗိုင်းရပ်စ်မကူးစက်စေဖို့ ကာစီနိုလောင်းကစားရုံတွေ ပိတ်လိုက်တဲ့အခါ အွန်လိုင်းလောင်းကစားလုပ်ငန်းက အားကောင်းလာပါတယ်။ တစ်ချိန်တည်းမှာ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်လာရပါတယ်။

ဒီအကြောင်းတွေနဲ့ ဆက်စပ်လို့ USIP အမေရိကန် အစိုးရ ငြိမ်းချမ်းရေးဌာန မြန်မာ့ရေးရာ ညွှန်ကြားရေးမှူး ဂျေဆန် တာဝါ (Jason Tower) က ....

“ပထမဆုံး တရားမဝင် အွန်လိုင်းလောင်းကစားတဲ့ လုပ်ငန်းတွေ လုပ်ပါတယ်။ အဲဒီနောက် ကာစီနို လောင်းကစားရုံတွေ၊ လောင်းကစားမြို့ကြီးတွေ တည်ထောင်ပြီး လုပ်သားတွေပါ တရုတ်နိုင်ငံကနေ ခေါ်ယူလာပါတယ်။ ဒီလိုနည်းလမ်းနဲ့ ထိုင်းမြန်မာနယ်စပ်က ရွှေကုက္ကိုလို လောင်းကစားမြို့တွေကို တည်ဆောက်ခဲ့ကြတာပါ။ ကိုဗစ်ကပ်ရောဂါ ဖြစ်လာချိန်မှာတော့ တရုတ်နိုင်ငံရဲ့တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် ဒီ ကာစီနိုလောင်းကစားရုံတွေမှာ လောင်းကစားမယ့်သူရော၊ အလုပ်လုပ်ပေးမယ့်သူပါ မရှိတော့တဲ့အတွက် ငွေရှာတဲ့ပုံစံ ပြောင်းရပါတယ်။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ အလုပ်သမား မငှားရမ်းတော့ဘဲ လူကုန်ကူးပြီး လူကုန်ကူးခံရသူတွေကို အတင်းအကျပ် ခိုင်းစေလာပါတယ်။ အွန်လိုင်းကနေ လောင်းကစားဝိုင်းလုပ်ပြီး ငွေရှာတဲ့အစား လုံးဝလိမ်လည်တဲ့ပုံစံ ဖြစ်လာပါတယ်။”

shwekokko.jpeg
လောင်းကစားရုံများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လက တွေ့ရစဉ်။ (Photo: RFA)

ဒီအွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေဟာ အလုပ်အကိုင်ရှာဖွေနေသူတွေကို ကျုံးသွင်းနိုင်ပြီး အွန်လိုင်းကနေ လိမ်လည်ဖို့ အဓမ္မခိုင်းစေနိုင်အောင် ဘယ်လိုဆောင်ရွက်ပါသလဲ။

“ဒီရာဇဝတ်ဂိုဏ်းတွေဟာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ BGF တွေနဲ့ ပူးပေါင်းပြီး နယ်မြေတိုးချဲ့လှုပ်ရှားပါတယ်။ အခုဆိုရင် ဒီရာဇဝတ်ဂိုဏ်းတွေဟာ ထိုင်းမြန်မာနယ်စပ် မိုးရေးမြစ်တစ်လျှောက်မှာ အထူးစီးပွားရေးဇုန်အမည်ခံပြီး လူကုန်ကူး ကျွန်ပြုခိုင်းစေပြီး လိမ်ညာမှုမျိုးစုံ ကျူးလွန်နေပါတယ်။ အဲဒီအထူးစီးပွားရေးဇုန်တွေထဲ လိမ်ညာခေါ်ဆောင်သွားခံရပြီးတဲ့နောက် အွန်လိုင်းကနေ ငွေလိမ်ပေးရတဲ့အလုပ်ကို အတင်းအကျပ် စေခိုင်းခံရသူတွေလည်း ရှိပါတယ်။ ဒီ အထူးစီးပွားရေးဇုန်တွေကို အိမ်နီးချင်းနိုင်ငံတွေက ရဲတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီး အရေးမယူနိုင်ပါဘူး။ ဒီရာဇဝတ်ဂိုဏ်းတွေက လိမ်လည်တဲ့တွက် အာရှနိုင်ငံတွေတင်မကဘဲ အမေရိကန်၊ ကနေဒါ၊ အာဖရိကနိုင်ငံတွေနဲ့ သြစတြေးလျအထိ တစ်ကမ္ဘာလုံး ထိခိုက်နစ်နာရပါတယ်။”

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တစ်ဝန်း ဒီနှစ်ဖေဖော်ဝါရီမှာ ရဲတပ်ဖွဲ့ဝင်တွေ ဆက်တိုက်စီးနင်းပြီး ရာဇဝတ်ဂိုဏ်းတွေအတွက် နောက်ကွယ်ကနေ ဘဏ်လုပ်ငန်းဆောင်ရွက်ပေးနေတဲ့ တရုတ်နိုင်ငံသား ကိုးယောက်ကို ဖမ်းဆီးလိုက်တယ်လို့လည်း စင်ကာပူ Strait Times က စက်တင်ဘာ ၂၅ ရက်က ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ Steven Xin ဆိုသူလည်း ပါဝင်ပါတယ်။ သူဟာ မကာအိုလောင်းကစားရာဇာ Alvin Chau ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် ဖြစ်ပြီး သြစတြေးလျမှာ အခြေစိုက်လှုပ်ရှားနေသူဖြစ်ပါတယ်။ Alvin Chau ကို အွန်လိုင်းလောင်းကစားမှုအပြင် တခြားပြစ်မှုတွေနဲ့ မကာအို တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်လိုက်တဲ့အကြောင်း သြစတြေးလျနိုင်ငံထုတ် Sydney Morning Herald သတင်းက ဒီနှစ် ဇန်နဝါရီ ၁၈ ရက်က ဖော်ပြပါတယ်။

စင်ကာပူ Strait Times သတင်းမှာတော့ မြန်မာစစ်တပ်လက်အောက်ခံ မြန်မာနယ်ခြားစောင့်တပ်နဲ့ တခြားပြည်သူ့စစ်တွေ ထိန်းချုပ်မြေကနေ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ကမ္ဘောဒီးယားနဲ့ လာအိုမှာလည်း လုပ်ငန်းလည်ပတ်နေပြီး လန်ဒန်၊ ဒူဘိုင်းနဲ့ စင်ကာအပါအဝင် ကမ္ဘာတစ်ဝန်းကို ပစ်မှတ်ထားနေတယ်လို့ USIP အမေရိကန်အစိုးရငြိမ်းချမ်းရေးဌာန မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆန် တာဝါ (Jason Tower)က ပြောကြားတဲ့အကြောင်း ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။