အာဏာသိမ်း ၁၉ လအတွင်း ကယားပြည်နယ်မှာ လူ ၃၀၀ ကျော် သေဆုံး
စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ သြဂုတ်လ ၃၁ ရက်နေ့အထိ ၁၉ လတာ ကာလအတွင်း ကယားပြည်နယ်မှာ အပြစ်မဲ့ အရပ်သား ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီအထဲက ၂၆၁ ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီး ထိမှန်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ကျန် ၆၁ ဦးကတော့ စစ်ဘေးရှောင်နေစဉ် အစာအာဟာရ ပြတ်လပ်မှု၊ ဆေးဝါး မလုံလောက်မှုတွေကြောင့် သေဆုံးခဲ့တာလို့ ကိုယ်တိုင်စာရင်းကောက်ယူပြီး မှတ်တမ်းပြုစုနေတဲ့ PKPF တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အရပ်သားသေဆုံးမှုက အဓိက က (စ.က.စ )က ဖမ်းဆီးသတ်ဖြတ်တာပါတယ်"
“အရပ်သားသေဆုံးမှုက အဓိက က (စ.က.စ )က ဖမ်းဆီးသတ်ဖြတ်တာပါတယ်။ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီး သတ်ဖြတ်ခံရတာရယ်၊ စားနပ်ရိက္ခာပြန်ယူရင်း ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ရွာတွေမှာ လုပ်ကိုင်စားသောက်ရင်း စစ်ကောင်စီက လက်နက်ကြီးရမ်းထုလို့ သေဆုံးခဲ့ရတာ အဓိက အဲအချက်တွေကြောင့် ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်က မျက်မြင်ပေါ့နော်၊ စစ်ကောင်စီသတ်ဖြတ်လို့ သေဆုံးရသူ အနည်း ဆုံး ငါးယောက်၊ ခြောက်ယောက်လောက်အထိ တွေ့ခဲ့ရတယ်။ ခေါင်းထဲပစ်သတ်ထား လို့ ဦးနှောက်ပါ ပွင့်ထွက်တာတွေ တွေ့တယ်။ ကျနော် ကိုယ်တိုင် မှတ်တမ်းသွားယူ တယ်။ တိုက်ပွဲနေရာဆိုရင် ရှေ့တန်းမှာ ရောက်နေတဲ့ ရဲဘော်တွေရဲ့ အတည်ပြုချက်ကို ယူပြီး မှတ်တမ်းတင်ထားတာပါ”
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေထဲမှာ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်ကြားအရွယ် အမျိုးသားတွေက အများဆုံးဖြစ်ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှမ်းပြည်နယ်နဲ့ ကယား ပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးဝါးမလုံလောက်မှုနဲ့ အစာအာဟာရ ပြတ်လပ်မှုကြောင့် ဆုံးသူတွေထဲမှာတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ ပါဝင်တယ်လို့ စစ်ဘေးဒုက္ခသည် အရေးကူညီပေးနေသူတွေက ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အစောဆုံး စတင်ခဲ့တဲ့ ဒေသတွေထဲက တစ်ခုဖြစ်တဲ့ ကယားပြည်နယ်မှာ စစ်ကြောင့် ပုန်းရှောင်ရတာ အချိန်ကြာလာတဲ့အခါ ရွာကိုပြန်ပြီး အစားအသောက်လေး ပြန်ယူရင်း မိုင်းနင်းမိတာ၊ လက်နက်ကြီး ထိမှန်တာတွေ ဖြစ်ခဲ့ တယ်လို့ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မမေရီ က ပြောပါတယ်။
“စစ်ရှောင်က ကြာလာတော့ ရွာပြန်ချင်တဲ့သူ ရှိတယ်။ ရိက္ခာရလိုရငြားဆိုပြီး ရွာတွေ ပြန်လာတဲ့သူတွေ ရှိတယ်ပေါ့နော်။ တချို့တွေက မိုင်းနင်းမိတာတွေ ရှိတယ်။ နောက် ပိုင်း ပိုပြီးဆိုးလာတာတွေက စစ်ကောင်စီက နေ့ ရော ညရော လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်နေတာတွေ ရှိတယ်။ ပစ်လိုက်တဲ့နေရာတွေကလည်း စစ်ရှောင်တွေ နေတဲ့နေရာတွေများတယ်ပေါ့နော်။ အဲကျတော့ ရွာသားတွေကိုထိတာများတယ်။ စစ်ရှောင်ပေါ့နော် သူတို့ကို ထိတာများတယ်”
ဖမ်းဆီးခံရတဲ့ အရပ်သား အရေအတွက်ကတော့ ၁၉ လအတွင်းမှာ ၂၆၁ ဦး ရှိပြီး၊ အဲဒီထဲမှာ သေဒဏ်ချမှတ်ခံရသူ သုံးဦးနဲ့ ထောင်တစ်သက် ချမှတ်ခံရသူ လေးဦး ရှိတယ်လို့လည်း PKPF ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွှန်ကြားရေးမှူး ကိုဗညား ကတော့ မိုဆိုရွာ အစုလိုက်အပြုံလိုက် အသတ်ခံရမှုအပါအဝင် အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံ ရတဲ့အခြေအနေတွေကို စနစ်တကျ မှတ်တမ်းပြုစုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းတွေကို ပေးပို့ဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။
“ကျနော်တို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့အတူ နောက်ထပ် ပြည်နယ်မှာရှိနေတဲ့ အမျိုးသမီးအစုအဖွဲ့နှစ်ခုရယ်၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့ တစ်ဖွဲ့ပေါ့နော် လေးဖွဲ့ကနေ လေးလနီးပါး သုတေသနတွေ အချက်အလက်တွေ ရှာဖွေ စုဆောင်းမှုတွေလုပ် နေတာရှိတယ်။ အခုကတော့ ကျနော်တို့ မြန်မာလို အကြမ်းအား ဖြင့်တော့ ပြီးသွားပြီပေါ့နော်။ အဲဒါကို ကျနော်တို့ အင်္ဂလိပ်လို ဘာပြန်ဖို့ရှိမယ်၊ ပြီးရင် လာမယ့် ကုလသမဂ္ဂညီ လာခံမှာ တင်ပြနိုင်အောင် ကြိုးစားနေတာ ရှိပါတယ်။ အချက် အလက်တွေကို အခုလိုမျိုး စုပေါင်းပြီးမှ နိုင်ငံတကာ အစိုးရအဖွဲ့တွေကို ပေးပို့သွားဖို့ တစ်ခုရှိမယ်ပေါ့နော်”
ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေကိုလည်း တွေ့ရှိချက်တွေကို အောက်တိုဘာလကုန် ပိုင်းမှာ ထုတ်ပြန် ပေးသွားမယ်လို့လည်း ကိုဗညားက ပြောပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေသုံးသိန်းကျော်သာ ရှိတဲ့ ကယားပြည်နယ်မှာ စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်နေပါပြီ။ ဒါဟာ ပြည်နယ်လူဦးရေရဲ့ သုံးပုံနှစ်ပုံဖြစ်တယ်လို့ PKPF တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်နဲ့ အနောက်ဘက် တောတောင်တွေမှာတင် လူဦးရေ ရှစ်သောင်းကျော်လောက် တိမ်းရှောင်နေပြီး သွားလာရခက်ခဲတာကြောင့် ဆေးဝါးနဲ့ အစားအစာ အရေးပေါ်လို အပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်ရတဲ့ အချိန် နှစ်နှစ်နီးပါး ရှိလာပြီး လူဦးရေများတဲ့အတွက် အခုအခါ ကလေးတွေ ရိက္ခာပြတ်၊ အာဟာရပြတ်တဲ့ အခြေအနေ ဖြစ်လာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဖရန်စစ်က ပြောပါတယ်။
“အခုဒီမှာရှိတဲ့ စစ်ရှောင်တွေက လူဦးရေများတော့ ကျနော်တို့ ဆန်တစ်ခါဝေရင် ဆန် ဆယ်ဘူး၊ ဆယ့်နှစ်ဘူးပဲ ဝေနိုင်တယ်။ ပေးတဲ့ဆန် ဆယ်ဘူး၊ ဆယ့်နှစ်ဘူးဆိုတော့ လူတစ်ဦးတွက်ကြည့်မယ်ဆိုရင် တစ်လကို ရက်သုံးဆယ် ဆိုတော့ သူတို့ တစ်ရက် နှစ်ရက်စားရင် ကုန်ပြီလေ။ ကျန်တဲ့ ရက်ပေါင်းတွေက စစ်ရှောင်တွေက သူတို့ဟာ သူတို့ ရှာဖွေပြီးတော့ ရုန်းကန်ရတယ်။ ကျနော်တို့က ဒီအချိန်မှာ ဒီဘက်မှာက အလုပ်အကိုင် မရှိသလောက် ဖြစ်နေတယ်။ ရိက္ခာခြောက်လည်း အခုက အလှူရှင်မရှိတဲ့အခါမှာ တောမှာ ထွက်တဲ့ ငှက်ပျောအူ၊ ဝါးမျှစ်တွေပဲ ခုတ်စားရပေမယ့် လည်း ဝါးမျှစ်တွေ၊ ငှက်ပျောအူတွေလည်း ရှားပါလာတဲ့အချိန် ဖြစ်လာတာပေါ့နော်။ ကလေးတွေဆို သိပ်သနားဖို့ ကောင်းတယ်။ ရှုးရှဲ လက်ဖက်တစ်ထုပ်ကို ကလေးတွေ လေးငါးယောက် ဝေစား မျှစားရတဲ့ဘဝ ဖြစ်သွားတာပေါ့နော်။ အသားတစ်တုံး ရခဲ့မယ်ဆိုရင် တစ်ယောက်နည်းနည်း မျှပြီး စားရတဲ့ အခြေအနေရောက်သွားတာပေါ့နော်”
ဒုက္ခသည်တွေကို ကူညီပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင် ရွက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က တားမြစ်ထားတာကြောင့် အကူအညီတွေ မရောက်နိုင်ဘူးလို့လည်း ကိုဖရန်စစ် က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က စက်တင်ဘာ ၈ ရက်နေ့က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အစည်းဝေးလုပ်နေတဲ့အတွက် မဖြေနိုင်သေးဘူးလို့ ငြင်းဆိုပါတယ်။
ဒီနေ့စက်တင်ဘာ ၁၄ ရက်နေ့မှာ ထပ်မံ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
တိုးတက်သောကရင်နီပြည်သူအင်အားစုရဲ့ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှာ အာဏာသိမ်း (၁၉)လအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း (၄၅၄) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီ ဘက်က လေကြောင်းတိုက်ခိုက်မှု (၁၅၈) ကြိမ်လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ဘက်က ရှမ်းပြည်တောင်ပိုင်းအခြေစိုက် ရ.ပ.ခ လက်အောက်ခံတပ်ရင်း (၁၁) ရင်း၊ ကယားပြည်နယ် ဖယ်ခုံအခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စ.က.ခ (၇) လက်အောက်ခံ တပ်ရင်း (၆) ရင်း၊အမြောက်တပ်ရင်း (၃) ရင်း၊ ရှေ့တန်းတပ်စခန်းကုန်း (၅၃) ခုနဲ့ စစ်ရေးလေ့ကျင့်ရေး ကျောင်း၊ ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်တွေမှာ အင်အား (၇၅၀၀) လောက်အထိရှိကြောင်း PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။