စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ပလက်၀နဲ့ ဆမီးမြို့ခံတွေ မြို့ကိုစွန့်ခွာ
2024.07.30
ချင်းပြည်နယ် ပလက်ဝနဲ့ ဆမီးမြို့ကို အာရက္ခတပ်တော် (AA) က အခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထိန်းချုပ်ပြီးကတည်းက လူသုံးကုန်ပစ္စည်းအပါအဝင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်လာတာကြောင့် ဒေသခံတွေဟာ မြို့ကိုစွန့်ခွာပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခိုလှုံကြသလို ရခိုင်ကတစ်ဆင့် ရန်ကုန်မြို့ကို ရွှေ့ပြောင်းအခြေချနေသူတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့ကို ရွှေ့ပြောင်းအခြေချသူတွေ စားဝတ်နေရေး ခက်ခဲနေရတယ်လို့ ပလက်ဝမြို့က ပိုင်ဆိုင်မှုတွေကိုရောင်းချပြီး ရန်ကုန်မြို့မှာ အိမ်ငှားနေတဲ့ ပလက်၀မြို့ခံတစ်ဦးက ပြောပါတယ်။
"ပလက်ဝမြို့နဲ့ ဆမီးမြို့ နှစ်မြို့ပေါင်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရွှေပြည်သာမှာရှိတယ်၊ မှော်ဘီရှိတယ်၊ ၂၉ ရှိတယ်၊ တိုက်ကြီး လေးမြို့နယ်မှာ များသောအားဖြင့် များတယ်။ ဒါပေမဲ့ မြို့နယ်တိုင်းမှာ ဆယ်အိမ်၊ အိမ် နှစ်ဆယ်လောက်ရှိတယ်။ များသောအားဖြင့် အဲဒီလေးမြို့နယ်မှာ အိမ်ခြေ သုံးရာကျော်လောက်တော့ ရှိနိုင်တယ် "
ပလက်၀မြို့နယ်မှာ ရခိုင်လူမျိုးကလွဲပြီး ကျန်တဲ့ဒေသခံတွေဟာ တောင်ယာသွားဖို့နဲ့ တစ်နေရာကနေ တစ်နေရာသွားဖို့ (AA) ဆီကနေ ခွင့်ပြုချက်တောင်းခံနေရတာကလည်း သူတို့အတွက် ခက်ခဲစေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အထောက်အပံ့နဲ့ အလုပ်အကိုင်မရှိတဲ့အခါကျတော့ စားဝတ်နေရေးအဆင်မပြေဘူးလို့ ပြောလို့ရပါတယ်။ မီဇိုရမ်ရောက်တဲ့ စစ်ဘေးဒုက္ခသည် နောက်ဆုံး Update က လေးထောင်ဝန်းကျင်ရှိတော့မယ်"
ဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးအခက်အခဲကြောင့် ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့တို့မှာ လက်ရှိ လူဦးရေဘယ်လောက်ကျန်သလဲဆိုတာ အတိအကျမသိရသေးပါဘူး။ ဒုက္ခသည်အရေး ကူညီသူတွေကတော့ မြို့ပေါ်တွေမှာ လူဦးရေ သုံးပုံ တစ်ပုံလောက်ပဲကျန်တယ်လို့ ခန့်မှန်းကြပါတယ်။ အများစုက ရွာတွေဘက်မှာ နေထိုင်သူတွေသာ ကျန်ခဲ့တာဖြစ်ပါတယ်။
မြို့ပေါ်က လူတွေက စပါးနဲ့ အသားကို လဲလှယ်ပြီး အချိန်အတော်ကြာ စားဝတ်နေရေး ဖြေရှင်းခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ပေါ်မှာနေတဲ့သူတွေက သွားလာတာတို့ လုံးဝမရတော့ဘူး။ ရှိတဲ့ဟာလေးတွေကို နယ်ကသူတွေနဲ့ ချိတ်ပြီးမှ ဝက်၊ နွားတွေနဲ့လဲပြီးမှ ရှိတဲ့ဟာကို သူတို့စားသုံးကြတယ်။ ဆား၊ ဆီတွေက ခက်ခဲတယ်၊ ငါးပိ၊ ဓာတ်ဆီတို့ ဆိုရင်တော့ တစ်လီတာကို နှစ်သောင်းခွဲလောက်ရှိတယ်။ အဲလိုမျိုးတွေ အခက်အခဲရှိတယ် သွားရေးလာရေးနဲ့ အစားအသောက်က ခက်ခဲတယ်"
စစ်လက်ကျန်ပစ္စည်းနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရတာကြောင့် အများစုက တောင်ယာလည်း မလုပ်ရဲကြတော့ဘူးလို့ ဆိုပါတယ်။ ဒီပြောဆိုချက်တွေအပေါ် တုံ့ပြန်ချက်ရဖို့ (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ပလက်၀မြို့ကို စွန့်ခွာသွားသူတွေထဲမှာ လေးထောင်လောက်က မီဇိုရမ်ဘက်က စစ်ဘေးဒုက္ခသည်စခန်း ၁၇ ခုနဲ့ တခြားနေရာတွေမှာ နေထိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
"စားဝတ်နေရေးကတော့ ခက်ခဲတယ်၊ အလုပ်အကိုင်ကတော့ ရှားပါးတယ်ဆိုတော့ ထောက်ပံ့မှုလည်းမရှိတော့ မီဇိုရမ်ပြည်နယ်ဘက်ကို ကျွန်တော်တို့လုံခြုံရေးအရ စစ်ရှောင်ရတာပေါ့။ ဒီဘက်မှာတော့ အထောက်အပံ့နဲ့ အလုပ်အကိုင်မရှိတဲ့အခါကျတော့ စားဝတ်နေရေးအဆင်မပြေဘူးလို့ ပြောလို့ရပါတယ်။ မီဇိုရမ်ရောက်တဲ့ စစ်ဘေးဒုက္ခသည် နောက်ဆုံး Update က လေးထောင်ဝန်းကျင်ရှိတော့မယ်"
ဆက်နွှယ်သောသတင်းများ
စစ်ရေးအရ အရေးပါတဲ့ ပလက်ဝမြို့ကို AA သိမ်းယူ
ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ချင်းစစ်ဘေးဒုက္ခသည်တွေ ခက်ခဲနေ
ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါးရှိလာ
၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းအရ ပလက်၀တစ်မြို့နယ်လုံးမှာ လူဦးရေ တစ်သိန်းကျော် (၁၀၃,၃၅၄ ဦး) ရှိပြီး မြို့ပေါ်မှာ ရှစ်ထောင်ကျော် (၈,၀၂၇ ဦး) နေထိုင်သလို ဆမီးတစ်မြို့နယ်လုံးမှာတော့ လေးထောင်ခန့် (၃,၇၆၅ ဦး) ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ နိုဝင်ဘာလက စတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ချင်းပြည်နယ် ပလက်ဝ မြို့နယ်အပါအဝင် AA သိမ်းပိုက်ထားတဲ့ မြို့တွေဟာ ပြည်မနဲ့ ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတာ ဖြစ်ပါတယ်။
ဒေသတွင်းမှာ လိုအပ်နေတဲ့ စက်သုံးဆီနဲ့ အခြေခံစားသုံးကုန် ပြဿနာအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းအတိုင်း သယ်ယူပြီး ဖြေရှင်းခဲ့ကြတာ ခုနစ်လကျော်လာပါပြီ။
ဒါပေမဲ့ မီဇိုရမ်ပြည်နယ်မှာ ဩဇာရှိတဲ့ ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) က ဇွန်လကုန်လောက်ကစပြီး သယ်ယူခွင့် တားမြစ်လိုက်တာကြောင့် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်ပြတ်လပ်တဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ကြုံနေရတာဖြစ်ပါတယ်။
ချင်းအရပ်ဘက်အဖွဲ့တွေရဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ပြည်နယ်လူဦးရေရဲ့ တစ်၀က်ဖြစ်တဲ့ လူဦးရေ နှစ်သိန်းခွဲခန့် ဘေးလွတ်ရာထွက်ပြေးနေရပြီး အဲဒီထဲက မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေရသူ ခြောက်သောင်းကျော် ရှိပါတယ်။