ပုလဲမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ

RFA Burmese
2024.11.14
ပုလဲမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်းမရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Facebook/ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အပါအဝင် ကာကွယ်ရေးတပ်အချို့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်သားတွေရှိတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အင်အား လေးဆယ်ကျော်သာရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဆက်ပြင်းထန်နေပေမဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို သိမ်းနိုင်တာမရှိသေးဘူးလို့ ကျားသစ်နက်တပ်မတော်ရဲ့ စခန်းမှူး ဆရာနိုင်က RFA ကိုပြောပါတယ်။

"၁၁ ရက်နေ့ညက ၂ နာရီလောက်ကနေ တိုက်ပွဲစတာပေါ့။ ဒီနေ့အထိတော့ ရဲစခန်းလည်း သိမ်းနိုင်ခြင်း မရှိသေးဘူး။ ထွေအုပ်လည်း သိမ်းနိုင်ခြင်း မရှိသေးဘူးပေါ့။ ဦးဆောင်ပြီးလုပ်တာကတော့ ဆရာနဂါးလို့ ပြောလို့ရတယ်။ Mi-35 တွေရော အကုန်လုံးပေါ့ လာတယ်။ တစ်နေ့ကို လေး ငါးစင်း ခြောက်စင်းလောက် လာလာပြီးမှ ချတယ်။ ဒီနေ့ဆိုရင်တော့ မနက်ပိုင်းအထိကို ခုနစ်စင်း၊ ရှစ်စင်းလောက်ရှိပြီပေါ့ဗျာ။ အခုဆိုရင် လူလည်းချနေတယ်ဗျ။ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေကတော့ သူတို့ကို အပြင်ကဟာတွေကို ဝိုင်းပေးထားတာတော့ရှိတယ်ဗျ။ Mi-35 က ပစ်လိုက်တဲ့ဥစ္စာကတော့ မြို့ဦးရပ်ကွက်ကိုတော့ မီးလောင်နေတယ်ဗျ၊ မနက်ကတော့။ လောလောဆယ် မြို့ထဲမှာ အိမ်ခြေ ငါးဆယ်လောက်ကတော့ ပျက်စီးနေပြီဗျ"

"လောလောဆယ် မြို့ထဲမှာ အိမ်ခြေ ငါးဆယ်လောက်ကတော့ ပျက်စီးနေပြီဗျ"

တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းနီးပါး ဘေးလွတ်ရာထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"ကျေးရွာ ၁၁ ရွာနဲ့ ပုလဲမြို့၊ စုစုပေါင်း နေရာ ၁၂ ခုကနေ အိမ်ထောင်စု ၂၁၀၀ ကျော်လောက်က စစ်ရှောင်နေရတယ်။ ပြည်သူဦးရေအားဖြင့် မနေ့ကအထိ ၉၅၀၀ ကျော်ရှိတယ်။ ရာသီအကူးအပြောင်းနဲ့ ဖျားကြနာကြတာတွေ၊ တခြား စစ်ရှောင်ပြည်သူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေပါတယ်။ ကလေးမွေးဖွားပြီးစ လသားကလေးရဲ့ မိခင်တွေပါတယ်။ နောက်တစ်ခု သက်ကြီးရွယ်အိုတွေလည်း အများစု ပါတာဖြစ်တဲ့အတွက် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျွန်တော်တို့ နိုင်သလောက်လေးတွေ လက်ရှိမှာတော့ ကျန်တဲ့အဖွဲ့အစည်းတွေရော လက်ရှိ မြေပြင်မှာ လူစာနာကိစ္စတွေ လုပ်ဆောင်နေတဲ့ မြို့နယ်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်ခင်ဗျ"

ပုလဲမြို့ပေါ်အပါအဝင် အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး၊ ညောင်ကန်၊ ညောင်ကုန်း၊ မန်ကျီးခွ၊ ဇောင်ချမ်းကုန်း၊ မြကုန်းနဲ့ ရိုးရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း တွေ့ရစဉ်။ (Photo: Facebook/ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း တွေ့ရစဉ်။ (Photo: Facebook/ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

တိုက်ပွဲလေးရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့အကြိမ် နှစ်ဆယ်ထက်မနည်း ပစ်ခဲ့တာကြောင့် မြို့ခံအချို့ သေဆုံးမှုရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"လက်ရှိအခြေအနေကတော့ တော်လှန်ရေးရဲဘော်တွေနဲ့ စကစတွေနဲ့ကတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်နေတုန်းပဲ ခင်ဗျ။ လေကြောင်းပစ်မှုကလည်း ၁၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိက အကြိမ် နှစ်ဆယ်ကျော်ပြီ ခင်ဗျ။ မြို့ပေါ်မှာနေတဲ့ ပြည်သူတွေကို ကျွန်တော်တို့ ကယ်ထုတ်လို့ရနိုင်သမျှ ကယ်ထုတ်ထားပါတယ်။ နှစ်ရာကျော်လောက်တော့ ထုတ်ထားတယ် ခင်ဗျ။ ခုလက်ရှိလည်း ကျွန်တော့ကို ဆက်သွယ်နေတာတွေ ရှိတယ် ခင်ဗျ။ မျက်စိမမြင်တဲ့ သက်ကြီးရွယ်အိုတွေတို့၊ နောက်တစ်ခါ လေဖြတ်နေတဲ့လူကြီးတွေတို့ အဲဒါတွေ ပစ်ထားခဲ့ကြတာ ဖြစ်နေတယ်။ မြို့ပေါ်မှာလည်း အဆောက်အအုံတွေ တော်တော်များများ ပျက်စီးကုန်ပြီ ခင်ဗျ။ လောလောဆယ် ကျွန်တော်တို့ သိသလောက်ကတော့ သုံးယောက် သေဆုံးထားတာရှိတယ် ခင်ဗျ။ ဒီထက်မကနိုင်ပါဘူး ခင်ဗျ။ အများကြီး သေဆုံးနိုင်ပါတယ် ခင်ဗျ"

မြို့ပေါ်အပြင် အနီးတစ်ဝိုက်ရွာတွေပါ လေကြောင်းနဲ့ပစ်ခတ်ခံနေရတာကြောင့် အဲဒီမှာရှိတဲ့ ဒေသခံတွေပါ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲဒေသခံ အမျိုးသမီးတစ်ဦးကလည်း မြို့ပေါ်မှာ တိုက်ပွဲစဖြစ်ကတည်းက ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

"အခြေအနေကတော့ ၁၁ ရက်နေ့ကတည်းက ရှောင်ရပါတယ်ရှင့်။ ဗုံးတွေ ခဏခဏ လာကြဲလို့ ရှောင်နေရပါတယ်ရှင့်။ ရွာစဥ်ပတ်ချာလည်ကတော့ ကြဲနေတာ။ တစ်ရွာလုံး ရှောင်ကြတယ်ရှင့်။ လှည်းရှိတဲ့သူက လှည်းနဲ့ပေါ့။ လှည်းမရှိတဲ့သူက ခြေလျင်ပေါ့။ ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ်နဲ့ပေါ့။ အခက်အခဲကတော့ စားနပ်ရိက္ခာတော့ နည်းနည်း အခက်အခဲဖြစ်တာပေါ့"

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ပုလဲမြို့တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဗိုလ်နဂါး ဦးဆောင်တဲ့ (BNRA) အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က အကျအဆုံးများနိုင်တယ်လို့ ပြောပါတယ်။

"ဗိုလ်နဂါးက သင်းကွဲငှက်ဖြစ်နေတာပေါ့နော်။ NUG နဲ့သူနဲ့ကလည်း အဆင်မပြေဘူး။ အဲဒီအချိန်မှာပဲ မောင်ဆောင်းခတို့ BPLA ကလည်း ဝင်လာတော့မယ်ဆိုတဲ့အခါကျတော့ သူ့အနေနဲ့ကလည်း ဒါကို လုပ်ပြတာပေါ့နော်။ သူက လုပ်ပြတဲ့အဆင့်ထက်တော့ မပိုပါဘူး။ နမခနဲ့လည်း နီးတယ်ဆိုတော့ဗျာ၊ လေကြောင်းပစ်ကူ ဘာညာနဲ့ဆိုတဲ့အခါကျတော့ အခုလောလောဆယ်အထိကတော့ အကုန်သိမ်းလို့ မရသေးဘူးလို့တော့ ကြားပါတယ်။ သူတို့လည်း တော်တော်လေးတော့ ထိတယ်တော့ ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က Unwritten Agreement တွေပေါ့ဗျာ။ ရေးမထားသော သဘောတူညီချက် ပုံစံမျိုးလေးတွေက အဲဒီဘက်မှာ တွေ့တွေ့နေရတယ်။ လူထုကို ညှာရင်းနဲ့ပေါ့နော်။ အဲလိုယူဆတဲ့အခါမျိုးကျတော့ တပ်က ပြင်ဆင်မထားဘူးဆိုလို့ရှိရင်တော့ ထွေအုပ်ရုံးလိုနေရာမျိုးမှာ နေရာယူပြီး တိုက်ပွဲဝင်ရတာက အထိအခိုက် အကျအဆုံးက ရှိနိုင်တယ်။ တကယ်လို့သာ သေသေချာချာ စခန်းကုန်းနဲ့ ဘာနဲ့မျိုးဆိုလို့ရှိရင်တော့ ကျဖို့ အင်မတန်ခက်တာပေါ့နော်။ အဲလို ထွေအုပ်ရုံးထဲ နေတယ်ဆိုရင်တော့ ပြောမရဘူးဗျ၊ အဲဒါဆိုရင်တော့လေ"


ဆက်နွှယ်သောသတင်းများ

ပုလဲမြို့ပေါ် နေရာအများစုကို ကာကွယ်ရေးတပ်တွေ ထိန်းချုပ်

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့နယ်က အရပ်သားလေးဦး သေဆုံး

ပုလဲမှာ လူနှစ်ဆယ်ကျော် ဖမ်းဆီးခံရပြီး လေးဦး သတ်ဖြတ်ခံရ


တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက်အကျအဆုံးကိုတော့ မသိရသေးဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေ အတိအကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာခံလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။