ပလက်ဝမြို့နယ်မှာ တိုက်ပွဲကြောင့် လူဦးရေထက်ဝက်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.01.19
ပလက်ဝမြို့နယ်မှာ တိုက်ပွဲကြောင့် လူဦးရေထက်ဝက်ခန့် ထွက်ပြေးနေရ ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉)၊ စကခ (၁၉) စခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်ထားစဥ်။
AA Info Desk

ချင်းပြည်နယ်၊ တောင်ပိုင်းက လူဦးရေ တစ်သိန်းတစ်သောင်းခန့် နေထိုင်တဲ့ ပလက်ဝ မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် လူပေါင်း ငါးသောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိမှာ အဲဒီဒုက္ခသည်တွေ အတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့လည်း ပြောကြပါတယ်။

ထွက်ပြေးနေရသူတွေထဲမှာ ပလက်ဝမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေက ဒေသခံတွေ အများဆုံးဖြစ်ပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အစားအသောက် တစ်ခုတည်းတော့ မဟုတ်ဘူး။ အအေးဒဏ်ကိုခံနိုင်အောင် စောင်အနွေးထည်တွေ၊ အမိုးအကာတွေ လိုအပ်မယ်။ အိန္ဒိယဘက် ရောက်နေတဲ့ သူတွေကလည်း ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက အကူအညီ ပေးကြတယ်လို့ သိရတယ်။ ဒါပေမဲ့ လူဦးရေက ဘယ်လောက်ရှိလဲ မသိနိုင်သေးဘူး”

စစ်ဘေးဒုက္ခသည် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ ကြသူတွေလည်း အခုမကြာသေးခင်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထပ်မံ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွေကြောင့် ပလက်ဝဒေသခံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အမှန်တကယ်လိုအပ်နေတယ်”

တိုက်ပွဲဖြစ်ပွားချိန်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ချက်ချင်း ထွက်ပြေးခဲ့ရတာကြောင့် တကွဲတပြားစီဖြစ်သွားကြတဲ့ မိသားစုဝင်တွေလည်း ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရလို့ အချင်းချင်း အဆက်အသွယ် မရကြသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုကတော့ တချို့မိသားစုတွေက သူတို့ အချင်းချင်းတောင်မှ ဗုံးသံ၊ ကျည်သံတွေက မိုးလို ရွာတော့ အဲဒီချိန်မှာ တကွဲတပြားတွေ ဖြစ်ရတယ်။ တကွဲတပြားတွေဖြစ်တော့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရတဲ့ မိသားစုတွေလည်းရှိတယ်။ ပြောရမယ်ဆိုတော့ သွားလို့ရမယ် ထင်တဲ့နေရာကနေ သွားကြတာဆိုတော့ တစ်ယောက်တစ်ပေါက်တွေ ဖြစ်ကြတာပေါ့”

ရက္ခိုင့်တပ်တော် (AA) က ချင်းပြည်နယ်မှာ စစ်ရေးအရ အရေးပါတဲ့ ပလက်ဝဒေသ တစ်ခုလုံးကို အပြီးသိမ်းပိုက်ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

အဲဒီလိုကြေညာအပြီး ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပလက်ဝမြို့နယ် ကျီးလေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုကြောက်လို့ အိမ်မပြန်ရဲကြသေးဘူးလို့ အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီအဖွဲ့ တာဝန်ရှိသူ ဆလိုင်းမျိုးထိုက်က RFA ကိုပြောပါတယ်။

“လက်ရှိ အနေအထားနဲ့ဆိုရင်တော့ မြို့ပေါ်ကိုပြန်တဲ့သူက နည်းဦးမယ် ထင်ပါတယ်။ ကျွန်တော်သုံးသပ်တာက လေကြောင်းက အချိန်မရွေး လာနိုင်တယ်ပေါ့နော်။ မြို့ပေါ်မှာ နေတာထက်ပေါ့၊ အခုလို စစ်ရှောင်နေရတာက အသက်လုံခြုံမယ်။ ကုန်စီးဆင်းမှုက အခုအနေအထားမှာ ပြတ်တောက်နိုင်တဲ့ အနေအထားမှာ ရှိနေတာပေါ့လေ။ ဘယ်လောက်ထိ ပြတ်တောက်မယ်၊ ဘယ်အချိန် ပြန်ရမလဲဆိုတာ မသိနိုင်ဘူး။ ကျွန်တော်တို့ ပလက်ဝရဲ့ အနေအထားက မြို့ပေါ်ပဲနေနေ၊ ပလက်ဝမှာပဲနေနေ အခုအချိန်မှာ အငတ်ဘေးကြုံနိုင်တဲ့ အနေအထားက ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင် နှုန်းလောက်ရှိတယ်ဆိုတာ သုံးသပ်လို့ရပါတယ်”

ပလက်ဝမြို့နယ်တစ်ခုလုံးမှာ ဆက်သွယ်ရေးဖုန်းလိုင်းရော၊ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေတာကြောင့် RFA က ဒေသတွင်းက လက်ရှိအခြေအနေ အသေးစိတ် ကိုစုံစမ်းဖို့ ခက်ခဲနေပါတယ်။

တိုက်ပွဲတွေကြောင့် ပလက်ဝဒေသခံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အမှန်တကယ် လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းတေရက ပြောပါတယ်။

“ချင်းပြည်နယ် ပြင်ပမှာလည်းရှိတယ်၊ တချို့ဆိုရင် ချင်းပြည်နယ်အတွင်းမှာ တောတောင်မှာပဲ နေတဲ့သူတွေရှိတာပေါ့နော်။ ပြီးတော့ လက်ရှိအခြေအနေထိတော့ ကျွန်တော် လူသားချင်းစာနာမှုတွေ ထောက်ပံ့တဲ့အကူအညီတွေလည်း မရသေးဘူး။ ထောက်ပံ့မှုကို အင်မတန်လိုအပ်မယ်”

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉)၊ စကခ (၁၉) စခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်ထားစဥ်။ (Photo: AA Info Desk)
ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉)၊ စကခ (၁၉) စခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်ထားစဥ်။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာပါ။

ရက္ခိုင့်တပ်တော် (AA) က ပလက်ဝမြို့နယ်မှာရှိတဲ့ တရွန်အိုင်၊ နှုံးဘူး၊ ရှင်းလက်ဝ၊ မီးဝ အစရှိတဲ့ ဗျူဟာစခန်းတွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ စခန်းကြီး၊ စခန်းငယ် ၂၄ ခုစလုံးကို ဇန်နဝါရီ ၁၃ ရက်နေ့က အပြီးသိမ်းပိုက်ခဲ့သလို လက်ရှိမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ လက်နက် ငယ်တွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၈၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၆၀ လောက်အထိရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ ULA အဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။