အလည်ဗီဇာနဲ့ ကာလရှည်နေတဲ့ ထိုင်းရောက် မြန်မာတွေ ဗီဇာသက်တမ်းတိုးဖို့ ခက်ခဲလာ

RFA Burmese
2024.11.27
အလည်ဗီဇာနဲ့ ကာလရှည်နေတဲ့ ထိုင်းရောက် မြန်မာတွေ ဗီဇာသက်တမ်းတိုးဖို့ ခက်ခဲလာ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြဝတီမြို့ကနေ မဲဆောက်မြို့ကို ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Myanmar Labour Attache Office Photo

ထိုင်းနိုင်ငံမှာ နှစ်လနေထိုင်ခွင့်ရှိတဲ့ အလည်အပတ်ဗီဇာရဖို့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ထိုင်းကောင်စစ်ဝန်ရုံးမှာ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါး ဗီဇာပယ်ချခံခဲ့ရပါတယ်။ နိုဝင်ဘာလ ပထမပတ်အတွင်းမှာ ဖြစ်ခဲ့တာပါ။

အဲဒီနောက် ဗီယက်နမ်ကတစ်ဆင့် ထိုင်းနိုင်ငံကိုဝင်ဖို့ ဗီဇာလျှောက်ထားတဲ့ မြန်မာတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရပါတယ်။

“ကမ္ဘောဒီးယားမှာတော့ နဂိုကဆိုရင် Tourist ဗီဇာဆိုရင် Reject ကို မရှိသလောက်ပဲပေါ့နော်"

ထိုင်းနိုင်ငံမှာ နှစ်လကြာနေထိုင်နိုင်တဲ့ အလည်အပတ်ဗီဇာဟာ ယာယီလည်ပတ်နေထိုင်ဖို့ ထုတ်ပေးတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေက အကြိမ်ကြိမ် သက်တမ်းတိုးနေထိုင်တဲ့အပေါ် သံသယရှိတာကြောင့် အခုလို ပယ်ချခံရတာ ဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဗီဇာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

“နဂိုကတည်းကလည်း အချက်အလက်ကို ဗီယက်နမ်မှာက အရမ်းစေ့စပ်တယ်။ မြန်မာပတ်စပို့စ်တွေ TR ရတာနည်းတာ အခံရှိတာရယ်။ အခုလက်ရှိ အလုံးအရင်းနဲ့ ၀င်လာတဲ့အခါမှာ အချို့ပတ်စပို့စ်တွေမှာက Officer (အရာရှိ) က စစ်ဆေးတယ်။ Counsellor က ဗီဇာပေးဖို့ ကြည့်တဲ့အခါမှာ သူတို့စာအုပ်တွေကို ကြည့်လိုက်တဲ့အခါမှာ သက်တမ်းတိုးထားတာတွေကို တွေ့တဲ့အခါ အခုလည်း ထပ်ပြီးတော့ Tourist (ခရီးသွား) လုပ်လည်ဦးမယ်ဆိုတာကို Counsellor က ယုံကြည်ဖို့ အခက်အခဲရှိလို့ မပေးတာလည်း ဖြစ်နိုင်တယ်။ တခြားနိုင်ငံရေး လွှမ်းမိုးမှုတွေလည်း ရှိနိုင်တယ်။ ထိုင်းမှာ အနေကြာလာတဲ့ အထောက်အထားတွေက ပတ်စပို့စ်မှာ ပါနေကြတဲ့အခါမှာ အခုထပ်ပြီး TR Visa လျှောက်တဲ့အခါမှာ Tour (ခရီးသွား) လုပ်မယ်လို့ သံရုံးက ယုံကြည်ဖို့ အခက်အခဲရှိလို့ မပေးဘူးလို့ပဲ သုံးသပ်တယ်”

ထိုင်းနိုင်ငံမှာ ကာလရှည်နေဖို့ ကြိုးပမ်းကြတဲ့ မြန်မာနိုင်ငံသားတချို့ဟာ နှစ်လနေထိုင်ခွင့်ရတဲ့ အလည်အပတ်ဗီဇာနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာပြီးနောက် ထိုင်းနိုင်ငံတွင်းမှာပဲ ခြောက်လပြည့်တဲ့အထိ ဗီဇာသက်တမ်းတိုးပြီး နေထိုင်ကြတာပါ။


ဆက်နွှယ်သော သတင်းများ

ထိုင်းနိုင်ငံထဲ နယ်စပ်ဂိတ်ကဝင်လာသူတွေကို ဗီဇာတိုးမပေးတော့

ထိုင်းရောက် မြန်မာလူငယ်တွေကို စစ်ကောင်စီ ထပ်တိုးကန့်သတ်

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွာမှု ပိုများလာ


ခြောက်လပြည့်ရင်တော့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုခုကို အထွက်ပြပြီး ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ပြန်ဝင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေက ထိုင်းသံရုံးတွေမှာ ပြန်လည်လျှောက်ထားကြတာဖြစ်ပါတယ်။

အရင်က ဗီယက်နမ်ကနေ ထိုင်းကိုပြန်ဝင်ဖို့ အလည်အပတ် ဗီဇာလျှောက်ထားသူက တစ်ပတ်မှာ မြန်မာ ဆယ်ဦးလောက်ပဲရှိပေမဲ့ နိုဝင်ဘာလဆန်းပိုင်းကစပြီး တစ်ပတ်ကို လူဦးရေ တစ်ရာနီးပါးအထိ ရှိလာတယ်လို့ ဗီဇာဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကတစ်ဆင့် ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့ ဗီဇာလျှောက်ထားရာမှာ ဗီယက်နမ်က ဗီဇာထုတ်ပေးတဲ့အချိန် ပိုမြန်တာကြောင့် လျှောက်ထားသူ များလာတာလို့ ဆိုပါတယ်။

ဗီဇာလျှောက်ထားသူတွေ များလာချိန် ဗီယက်နမ်မှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးက ပိုပြီးစိစစ်တင်းကျပ်လာပြီး ဗီဇာပယ်ချတာတွေလည်း ရှိလာတာပါ။

ဗီယက်နမ်အပြင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံတစ်ဆင့် ဗီဇာလျှောက်ထားရာမှာလည်း အရင်က ပယ်ချခံရတာ မရှိသလောက်နည်းပေမဲ့ အခုရက်ပိုင်းမှာတော့ ပယ်ချခံရတာတွေ များလာတယ်လို့ ဗီဇာဝန်ဆောင်ပေးနေသူ နောက်တစ်ဦးက ပြောပါတယ်။

“ကမ္ဘောဒီးယားမှာတော့ နဂိုကဆိုရင် Tourist ဗီဇာဆိုရင် Reject ကို မရှိသလောက်ပဲပေါ့နော်။ အခုဆိုရင် Reject တွေချလာတယ်။ တစ်ခုခုလိုအပ်တာရှိရင် သူတို့ထပ်ပြီး Decounment Request မလုပ်တော့ဘဲ တစ်ခါတည်း Reject ပေးလိုက်တာရှိတယ်။ ကမ္ဘောဒီးယားမှာဆိုရင် သုံးဆယ်ရာခိုင်နှုန်းလောက်ထိ Reject မိတယ်။ Reject အတွက် Reason မပေးဘူး။ ဘဏ် Statement ကြောင့်လား။ ဟိုတယ်ဒါမှ မဟုတ်ရင် လေယာဥ်လက်မှတ်ကြောင့်လားပေါ့နော်။ အဲလိုမျိုးဆိုပြီး မရှိဘူး။ စစ်ကောင်စီနဲ့ ထိုင်းနဲ့ပေါ့နော် သူတို့ အစိုးရချင်း လှုပ်ရှားနေတာ ကျွန်တော်တို့ တွေ့ရတယ်။ ပိုပြီးတော့မှလည်း ကျပ်လာဖို့ရှိတယ်။ မြန်မာတွေအတွက်ကို”

ကမ္ဘောဒီးယားမှာတော့ တစ်ပတ်ကို အလည်အပတ် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား ငါးဆယ်ကနေ တစ်ရာဝန်းကျင်ရှိပြီး လာအိုမှာတော့ ဗီဇာလျှောက်ထားသူ တစ်ပတ်ကို ငါးဆယ်ခန့်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာနိုင်ငံသား များလာသလို စစ်ကောင်စီကလည်း ပြည်ပထွက်ခွာခွင့်ကို တစ်ဆင့်ပြီးတစ်ဆင့် ကန့်သတ်တင်းကျပ်နေပါတယ်။

နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံသားတွေကတော့ နေရပ်မပြန်လိုကြတဲ့အတွက် လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံတွေက ထိုင်းသံရုံးတွေမှာ ဗီဇာသက်တမ်းတိုးပြီး ထိုင်းနိုင်ငံထဲမှာ တရား၀င်နေထိုင်နိုင်ဖို့ ကြိုးစားနေကြတာပါ။

လက်ရှိ အလည်အပတ်ဗီဇာ လျှောက်လို့ရနေပေမဲ့ ထိုင်းသံရုံးတွေက ဗီဇာလျှောက်ထားတာတွေကို တင်းကျပ်တာနဲ့ ပယ်ချတာတွေ တိုးလုပ်လာတာကြောင့် ဗီဇာသက်တမ်း ပြည့်တော့မဲ့ မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။

ဗီဇာလျှောက်ထားတာ ဒီထက်တင်းကျပ်လာရင်တော့ တရားမဝင်နေထိုင်တာတွေ ပိုများလာနိုင်တယ်လို့ အလည်အပတ် ဗီဇာသက်တမ်းပြည့်တော့မဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

“အခု ဗီဇာ ပယ်ချခံရသူတွေက ဆိုက်ရောက်ဗီဇာနဲ့ပဲ သူတို့က ထိုင်းထဲကို ၁၄ ရက်ပြန်၀င်ပြီးတော့မှ extension တွေပြန်တိုးပြီးတော့ နေရတယ်။ ပြီးသွားရင် လာအို ထွက်ရမှာလား၊ ကမ္ဘောဒီးယား ထွက်ရမလား အဲလိုထွက်ပြီးတော့မှ ပြန်တိုးပြီးရတော့ ပိုက်ဆံအကုန်အကျတွေက ပိုများသွားတယ်။ အတတ်နိုင်ဆုံးတော့ မြန်မာပြည်မပြန်ချင်တော့ တရား၀င်နေနိုင်အောင်တော့ အဓိက ကြိုးစားပြီးတော့ ဗီဇာတိုးတဲ့ကိစ္စတွေ၊ ဗီဇာကို တရား၀င်ရှိနေအောင်ပေါ့နော် အဲလိုမျိုးက လုပ်နေရတာပေါ့။ တကယ်လို့ တဖြည်းဖြည်းနဲ့ အဲဒါကို ထပ်ပြီးတင်းကျပ်လာတယ်ဆိုရင်တော့ ကုန်ကျစရိတ်တွေ မကာမိတော့ဘူး မတတ်နိုင်တဲ့အဆုံးဆိုရင်တော့ တရားမ၀င်တွေပဲ ဖြစ်သွားမယ်နဲ့ တူတယ်”

ဒီအခြေအနေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် တို့မှာရှိတဲ့ ထိုင်းသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့ခါ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာရှိတဲ့ ထိုင်းတော်ဝင်ကောင်စစ်ဝန်ချုပ်ရုံးက အကြောင်းပြန်လာပါတယ်။

ဗီယက်နမ်နိုင်ငံ ထိုင်းတော်ဝင်ကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ ဘယ်နိုင်ငံသားမဆို ဗီဇာလျှောက်ထားမှုမှာ ခွင့်ပြုတာ၊ ပယ်ဖျက်တာတွေအပေါ် မလွှမ်းမိုးနိုင်ဘဲ ဗီဇာခွင့်ပြုဖို့ ထည့်သွင်းစဉ်းစားချက်အားလုံးဟာ လျှောက်ထားသူရဲ့ တရားဝင်ဖြစ်မှု၊ စစ်မှန်မှု၊ လျှောက်ထားရာမှာ အထောက်အပံ့ဖြစ်စေမဲ့ စာရွက်စာတမ်းတွေ၊ ခရီးစဉ်ရဲ့ ဖော်ပြထားတဲ့ ရည်ရွယ်ချက်၊ ဗီဇာအမျိုးအစား တစ်ခုချင်းစီနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ အခြေခံစဉ်စားတာလို့ ထိုင်းတော်ဝင်ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ရှိသူက ပြန်လည်ဖြေဆိုပါတယ်။

ဗီဇာ အမျိုးအစားအလိုက် လိုအပ်တဲ့အချက်အလက်နဲ့ စာရွက်စာတမ်းတွေ မပြည့်စုံတာ ဒါမှမဟုတ် လျှောက်ထားတဲ့ ဗီဇာအမျိုးအစားအတွက် အရည်အချင်း မပြည့်မီရင် ငြင်းပယ်ခံရမှာဖြစ်သလို ဒါတွေပြည့်စုံရင်တော့ ဗီဇာထုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကို ထိုင်းနိုင်ငံက သိနေတာကြောင့် ဒီ့ထက် ပိုတင်းကျပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“ထိုင်းနိုင်ငံထဲ လာရောက်လည်ပတ်ပြီးတော့ ဒီလိုမျိုး တောက်လျှောက်ဆက်နေတာ ပြီးတော့ တရားမ၀င် အလုပ်အကိုင်တွေ လုပ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်ဆိုတာတွေ သူတို့ ဆွေးနွေးနေတာကြာပြီ။ နောက်တစ်ခါ မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာလည်း ဒီထက်ပိုတဲ့ လုံခြုံရေးအစီအမံတွေနဲ့ စီစဥ်ဖို့လိုတယ်ဆိုတဲ့ဟာလည်း သူတို့ စဥ်းစားနေတာတွေရှိတယ်။ မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် အစုလိုက်အပြုံလိုက် ဒီဘက်ကို ၀င်လာတဲ့ဟာရှိတယ်။ ဒီဘက်ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက် ရောက်နေကြတယ်ဆိုတာကိုလည်း သူတို့သိတယ်။ အဲလိုမျိုး အခြေအနေပေါ်မှာမူတည်ပြီး သူတို့အနေနဲ့ အခုဒီ တင်းကျပ်မှုတွေ လုပ်လာတယ်လို့ပဲ နားလည်ရတယ်။ ဒီထက်လည်းပိုလုပ်လာနိုင်မဲ့ သဘောရှိတယ်”

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ CI စင်တာကို ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (RFA Photo)
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ CI စင်တာကို ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (RFA Photo)

အင်္ဂလန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Human Rights Network (BHRN) ရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာတဲ့ မြန်မာတွေဟာ အသက်ရှင်နေထိုင်နိုင်ခွင့် အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ ရသင့်တယ်လို့ ထောက်ပြပါတယ်။

“လူ့အခွင့်အရေးအရ လူသားချင်းစာနာထောက်ထားတဲ့အရ ဒီလိုမျိုး တိုင်းပြည်တစ်ပြည်အပေါ်မှာ အရပ်သားတွေအပေါ် ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်း သတ်ဖြတ်နေတဲ့ အာဏာရှင် တစ်အုပ်စုရဲ့ ရမ်းကားမှုကို တိမ်းရှောင်ဖို့ထွက်ပြေးလာတဲ့ လူတွေကိုတော့ စာနာထောက်ထားတဲ့အနေနဲ့ နေထိုင်ခွင့်တော့ ပြုသင့်တယ်။ ဒါကတော့ အိမ်နီးချင်း နိုင်ငံအားလုံးရဲ့ တာ၀န်တစ်ခုဖြစ်တယ်။ ထိုင်းနိုင်ငံ တစ်နိုင်ငံရယ်လို့တော့ မဟုတ်ဘူး။ ဒီလိုမျိုးအနေအထားမှာ လက်ရှိတော်လှန်ရေးကို ဦးဆောင်နေတဲ့အုပ်စုတွေ အနေနဲ့လည်း ထိုင်းအစိုးရကို ချဥ်းကပ်သင့်တယ်လို ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ကတော့ တတ်နိုင်သလောက်တော့ ဒီလိုကိစ္စတွေကို သက်ဆိုင်ရာတွေကို တိုင်ကြားပြီးတော့ အထောက်အထားတွေနဲ့ လုပ်မဲ့ဟာတွေလည်းရှိတယ်”

ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဂိတ်တွေကနေ ကုန်းလမ်းကြောင်းနဲ့ ဝင်လာသူတွေကို နေထိုင်ခွင့် ဗီဇာတိုးပေးတာနဲ့ ဗီဇာပြောင်းလဲလျှောက်ထားခွင့် မပြုတော့ဘူးလို့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးက အကြောင်းကြားတာတွေ ရှိခဲ့ပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးကတော့ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းလူ၀င်မှုကြီးကြပ်ရေး ဗျူရိုကနေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အသိပေးထားပြီး ဗီဇာသက်တမ်းကျော်လွန်ရင် ဒဏ်ကြေးပေးရမယ့်အပြင် ပြည်၀င်ခွင့်ပါ ပိတ်ခံရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။