နိုင်ငံတစ်ဝန်းက ပြည်ပထွက်ခွာရေးကြိုးပမ်းမှုတွေ စစ်ကောင်စီကြောင့် ရပ်တန့်နေ

RFA Burmese
2023.01.24
နိုင်ငံတစ်ဝန်းက ပြည်ပထွက်ခွာရေးကြိုးပမ်းမှုတွေ စစ်ကောင်စီကြောင့် ရပ်တန့်နေ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ နိုင်ငံကူးလက်မှတ်ရုံးတွင် ပတ်စ်ပို့လျှောက်ထားသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံတစ်ဝန်းမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေအားလုံးကို ဇန်နဝါရီလ ၁၇ ရက်နေ့ကစလို့ စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ရပ်နားလိုက် တာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အလည်အပတ် စတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ ပြည်ပကိုထွက်ခွာဖို့ ကြိုးပမ်းမှုတွေဟာလည်း ရပ်ဆိုင်းသွားပါတယ်။

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းမှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ၁၅ ခုက လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ရပ်နားခဲ့တာပါ။ အဲဒီနောက် ဇန်နဝါရီလ ၁၇ ရက်နေ့မှာလည်း ရက်အကန့်အသတ်မရှိ ဆက်လက်ရပ်နားထားမှာ ဖြစ်ကြောင်း ပြည်ပခရီးသွား အေဂျင်စီတွေနဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေထံ စစ်ကောင်စီက ဖုန်းနဲ့အကြောင်းကြားလာခဲ့တာလို့ အဲဒီအေဂျင်စီတချို့က RFA ကို ပြောပါတယ်။

"ပတ်စ်ပို့ မလုပ်ရသေးတဲ့ ကလေးတွေဆို ကျောင်းသွားဖို့ အခွင့်ရေးပါ ဆုံးရှုံးပြီး ငွေဆိုလည်း သိန်းရာနဲ့ချီ ဆုံးရှုံးတယ်"

ကွန်ပျူတာစနစ် အဆင့်မြှင်တင်ရေးအတွက် ရပ်နားထားကြောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ကြေညာထားပေမယ့် ဘယ်နေ့မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ဒီနေ့အထိ တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်ပထွက်ခွာဖို့အတွက် နိုင်ငံကူးလက်မှက် လာရောက် လျှောက်ထားသူဟာ တစ်နေ့ကို လူတစ်ထောင်ကျော်ခန့်ရှိနေခဲ့တာပါ။ အခုတော့ နိုင်ငံကူးလက်မှတ် အသစ်လျှောက်မယ့်သူတွေအတွက်ရော၊ သက်တမ်းတိုးမယ့် သူတွေအတွက်ပါ လုပ်ငန်းစဉ်တွေအားလုံး ရပ်တန့်နေတာလို့ နိုင်ငံကူးလက်မှတ် အကျိုးဆောင်တွေက ပြောပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများလာတာကြောင့် လွန်ခဲ့တဲ့ ငါးလလောက် ကတည်းက ကြိုးစားနေပေမယ့် အခု လုပ်ငန်းစဉ်တွေအားလုံး ရပ်ဆိုင်းလိုက်တာကြောင့် နစ်နာရတယ်လို့ ထိုင်းနိုင်ငံမှာ သူနာပြုသင်တန်း တက်ရောက်ဖို့ပြင်ဆင်နေတဲ့ ရန်ကုန်မြို့ခံ မသွယ်က RFA ကို ပြောပါတယ်။

"ပတ်စ်ပို့က အပြင်မှာလုပ်တာလည်း မရဘူး။ အခုက သင်တန်းကတစ်ခါတည်း လုပ်ပေးတယ်ဆိုတော့ အဆင်ပြေပြီထင်တာ။ ကြာတာတော့ ကြာနေပြီ လေးငါး၊ ခြောက်လလောက်ရှိနေပြီ ပတ်စ်ပို့လုပ်နေတာ။ ဒီသင်တန်း မတက်ခင်ကတည်းက အပြင်မှာ လုပ်နေတာ။ သင်တန်းက ပတ်စ်ပို့လုပ်ပေးတယ်ဆိုတော့ ပျော်နေတာ။ အခုက ဒီလိုဖြစ်တယ်ဆိုတော့ ဘယ်လိုပြောလို့ ပြောရမလဲ မသိတော့ဘူး"

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေရုံးမှာ နေ့စဉ် လူ ၅၀၀ နီးပါးဟာ မနက် ၄ နာရီ ကနေ တိုးဝှေ့တန်းစီပြီး နိုင်ငံကူးလက်မှတ်ရရှိဖို့ စောင့်ဆိုင်းလေ့ ရှိတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကို ရပ်နားထားတာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဂျပန်ဆိုရင် ကျောင်းသားဗီဇာတင်ရင်၊ COE တင်ရင် ပတ်စ်ပို့ မလိုဘူးလေ၊ ဒီအတိုင်း တင်လို့ရတယ်။ အလုပ်လည်း အဲလိုပဲ COE တင်ရင် ပတ်စ်ပို့ မလိုဘူး။ ပတ်စ်ပို့က ဘယ်ချိန်လိုလဲဆိုတော့ COE ကျလို့ ဗီဇာဝင်တဲ့ အချိန်မှလိုတာ။ အခုက COE ကျပါပြီ။ ဗီဇာဝင်ဖို့ အခက်ခဲဖြစ်တာပေါ့။ တချို့ကလေးတွေဆိုရင် တချို့ဆို သက်တမ်းတိုးရမယ်။ တချို့ဆို ပတ်စ်ပို့ကို PV အမျိုးအစားကနေ PJ အမျိုးအစားကို ပြောင်းရမယ်။ ကျောင်းဆိုရင် PJ ကနေ PE ပြောင်းတာတို့ အဲလိုမျိုးတွေပေါ့။ ကျောင်းဗီဇာက ပိုဒုက္ခရောက်တယ်။ ၂ လပိုင်းအကုန်ဆို ကျောင်းဗီဇာတွေကကျပြီ။ အဲချိန်မှာမှ ပတ်စ်ပို့ မလုပ်ရသေးတဲ့ ကလေးတွေဆို ကျောင်းသွားဖို့ အခွင့်ရေးပါ ဆုံးရှုံးပြီး ငွေဆိုလည်း သိန်းရာနဲ့ချီ ဆုံးရှုံးတယ်။ အဲလို ပြဿနာတွေရှိတယ်”

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီကတော့ အာဏာသိမ်းစစ်ကောင်စီက စီးပွားရေးပိတ်ဆို့ခံရမှုတွေကြောင့် နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်တဲ့ စက္ကူတွေကို ဂျာမဏီနိုင်ငံကနေ ဝယ်ယူလို့ မရတော့တဲ့အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေ အခုလို ရပ်ဆိုင်းသွားတာလို့ ပြောပါတယ်။

"စစ်ကောင်စီကို စီးပွားရေး ပိတ်ဆို့မှု လုပ်ထားကြတယ်ပေါ့။ အဓိကတော့ ဥရောပပေါ့။ ဥရောပကနေပြီး စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတာများတယ်။ စစ်ကောင်စီကို တိုက်ရိုက် ဒီအစိုးရနဲ့ ပတ်သက်တဲ့ဟာ သူတို့ တစ်ဦးချင်းနဲ့ ပတ်သက်တာ သူတို့ အုပ်စုထဲက ကုမ္ပဏီတွေနဲ့ ပတ်သက်တာတွေ မျိုးစုံစီးပွားရေး ပိတ်ဆို့မှု လုပ်ထားတယ်။ စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတော့ စစ်ကောင်စီမှာ တချို့လက်နက်ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ ကုန်ကြမ်းတွေ သူတို့ ဥရောပက ဝယ်တယ်။ စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတဲ့ နိုင်ငံတွေက ဝယ်တာတွေ မရဘူး။ အဲလိုမျိုးပဲ အခု ပတ်စ်ပို့ လုပ်တဲ့ စက္ကူ ဥရောပက ဂျာမနီဘက်က ဝယ်တယ်လို့ ကြားထားတာ ရှိတယ်။ နောက် ငွေထုတ်တဲ့ စက္ကူပေါ့နော် ဒီလိုမျိုးကအစ စီးပွားရေး ပိတ်ဆို့မှု ထဲပါတယ်လို့ သိရတယ်ပေါ့"

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကတော့ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်ဖို့အတွက် ရုံးတွေကို ခေတ္တရပ်နားထားရတာသာဖြစ်ပြီး မကြာခင်ပြန်ဖွင့်ဖို့ စီစဉ်နေကြတယ်လို့ RFA ကို ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာကြတဲ့ အလုပ်အကိုင် ရှားပါးမှုပြဿနာတွေကြောင့် ပြည်ပကိုထွက်ခွာပြီး အလုပ်လုပ်ဖို့ကြိုးစားတာတွေ များလာတယ်လို့ အလုပ်သမားအရေးလေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

arrival-terminal-ygn.jpg
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပဆိုက်ရောက်နေရာအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေအားလုံးကို ရပ်ဆိုင်းထားတာကြောင့် အလုပ်အကိုင်အတွက် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်ထွက်ခွာတာတွေ ပိုများလာနိုင် တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က သုံးသပ်ပါတယ်။

"မြန်မာနိုင်ငံထဲမှာ ပတ်စ်ပို့လုပ်တာတွေကို ပိတ်ထားတဲ့ကိစ္စက ရေရှည်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းနိုင်ငံရော၊ တခြားနိုင်ငံတွေကို သွားလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေသည် တရားမဝင်တဲ့ လမ်းကြောင်းပေါ့ အဲပေါ်ကို တွန်းပို့လိုက်သလိုဖြစ်တယ်။ ဆိုတော့ ဒီပတ်စ်ပို့တွေကို အဲလိုမျိုး ပိတ်ထားမယ်၊ လွယ်လွယ်ကူကူ မထုတ်ပေးဘူးဆိုရင် ရေရှည်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ နိုင်ငံတကာမှာ တရားမဝင် သွားလုပ်တဲ့လူတွေ ပိုဖြစ်လာမယ်။ အလုပ်သမား အခွင့်ရေးတွေ ပိုချိုးဖောက်ခံရမယ်။ လူကုန်ကူးမှုပြဿနာတွေနဲ့ ပိုပြီးရင်ဆိုင်ရမယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်"

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံကနေ တစ်လကို လူလေးသောင်းနီးပါး ပြည်ပကို ထွက်ခွာနေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီက အခုလို နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်တဲ့နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက် တစ်ခုခုရှိနိုင်တယ်လို့လည်း မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ဝေဖန်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။