ပုသိမ်ထောင် အဓိကရုဏ်းဖြိုခွင်းမှု စစ်ရာဇဝတ်မှုအဖြစ် အရေးယူဖို့ NUG ကြိုးစားနေ

RFA Burmese
2023.01.11
Share on WhatsApp
Share on WhatsApp
ပုသိမ်ထောင် အဓိကရုဏ်းဖြိုခွင်းမှု စစ်ရာဇဝတ်မှုအဖြစ် အရေးယူဖို့ NUG ကြိုးစားနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က တွေ့ရသည့် ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းမြင်ကွင်း။
Myanmar Military

နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးပြီး နောက်ထပ် လူ ၇၀ နီးပါး ဒဏ်ရာရခဲ့တဲ့ ပုသိမ် ထောင် အဓိကရုဏ်း ပစ်ခတ်ဖြိုခွင်းမှုဟာ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် အကျဉ်းဦးစီး တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့တန်းတူ အရေးယူနိုင်အောင် ကြိုးစားနေ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးထံက လက်ကိုင်ဖုန်း တွေ့တဲ့ကိစ္စအပေါ် ရိုက်နှက်စစ်ဆေးမှု၊ ဟင်္သာတထောင်က သေဒဏ်ကျ ကျောင်းဆရာ တစ်ဦးကို ပုသိမ်ထောင်မှာ ကြိုးပေး ကွပ်မျက်ဖို့ ပြင်ဆင်နေမှုတွေကြောင့် ဇန်နဝါရီ ၆ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကို ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၃၃ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ကိုရာစု သေဆုံးပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

လက်ကိုင်ဖုန်းတွေ့လို့ဆိုပြီး ဇန်နဝါရီ ၅ ရက်နေ့ကတည်းက အချုပ်ခန်းထဲကနေ ခေါ်ထုတ်ရိုက်နှက်ခံရတဲ့ အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက် (ခ) ကိုမဲကြီးလည်း နောက်ပိုင်း ဆေးရုံမှာ သေဆုံးသွားတယ်လို့ ပုသိမ်ထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတချို့က ပြောပါတယ်။

“လူတစ်ယောက် အသက်သေတဲ့အထိကို မဖြစ်သင့်တာ။ အကျဉ်းသားတွေဆိုတာ ဘာပဲပြောပြော အကျဉ်းထောင်တွေထဲမှာ နေရတဲ့အတွက် ကြက်ခြင်းထဲမှာ ရှိသလိုပဲ အချိန်မရွေး သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ အခြေအနေပဲ"

ဇန်နဝါရီ ၆ ရက်နေ့က ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ကိုဝေယံဖြိုး (ခ) ကိုရာစု ရဲ့ ရုပ်အလောင်းကို ဇနီးဖြစ်သူတောင် ကြည့်ခွင့်မရဘဲ မိခင်ကိုသာ ခေါ်ပြပြီး ထောင်အာဏာ ပိုင်တွေကပဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ မိသားစုတစ်ဦးက RFA ကို ပြောပါတယ်။

“ထုရိုက်ထားတဲ့ ဒဏ်ရာမျိုးနဲ့ သေတယ်ဆိုတာကို ပြတာမျိုးပဲ ရှိတယ်။ သုသာန်ကို ရောက်တော့ သူ့အမေကို ခေါ်ပြတယ်။ သေနတ်ဒဏ်ရာ မရှိပါဘူးဆိုတာကို ပြတယ်။ မိဘနှစ်ပါးပဲ ကြည့်လို့ရတယ် မောင်လေးရယ်။ အစ်မတို့က အနားကိုကပ်လို့ မရဘူး။ ကိုယ်မမြင်လိုက်ရပေမယ့် သူ့မိဘနှစ်ပါးက မြင်လိုက်ရတယ်။ ဘာပဲပြောပြော အရိုးပြာ လေးလည်း ပြန်ရလိုက်တယ်ဆိုတော့ အဆိုးထဲက နည်းနည်းလေးအကောင်း၊ အရိုးပြာ လေး ပြန်ရတယ်ဆိုတော့လည်း တချို့ဆိုရင်လည်း သိပါတယ်၊ ဒီလိုမျိုးတွေ ဖြစ်နေတာ အနှံ့အပြားမှာဆိုတော့ စိတ်ထဲတော့ မကောင်းပါဘူး၊ အကုန်လုံး။ ခံစားရတာတော့ တော်တော် ခံစားရတာပေါ့”

ကိုဝေယံဖြိုး (ခ) ကိုရာစု ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတာကြောင့် အဖမ်း ခံရပြီး ပုသိမ်ထောင်မှာ ထောင် ၂၈ နှစ် ချမှတ်ခံထားရတာပါ။

324728489_694059108923858_7747625957262639483_n.jpg
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ပုသိမ်အကျဉ်းထောင် ပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ကိုရာစု။ (Photo: Citizen Journalist)

ထောင်အာဏာပိုင်တွေဟာ အကျဉ်းသားတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာမှု မရှိဘဲ ခြင်းထဲက ကြက် သဖွယ် အကျဉ်းသားတွေကို အချိန်မရွေး ရိုက်သတ်၊ ပစ်သတ်တာမျိုးက လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ ပုသိမ် ထောင်မှာ နေခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောပါတယ်။

“ဒါမဖြစ်သင့်ဘူး။ လူတစ်ယောက် အသက်သေတဲ့အထိကို မဖြစ်သင့်တာ။ အကျဉ်းသားတွေဆိုတာ ဘာပဲ ပြောပြော အကျဉ်းထောင်တွေထဲမှာ နေရတဲ့အတွက် ကြက်ခြင်းထဲမှာ ရှိသလိုပဲ အချိန်မရွေး သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ အခြေအနေပဲ၊ ဒါပေမဲ့ အကျဉ်းထောင်တွေမှာ နံပါတ် (၁) ကတော့ အကျဉ်းသားတွေရဲ့လုံခြုံရေးကို အဓိက တာဝန်ယူပေးရမယ်။ အဲဒါ သူတို့ ရည်မှန်းချက်မှာလည်း ပါတယ်။ အဓိက လုံခြုံရေးပဲ။ အကျဉ်းသား တွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကတော့ သူတို့မှာလည်း အဓိက တာဝန်ရှိတယ်”

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ ပေမယ့် အကြောင်းမပြန်ပါဘူး။

ဇန်နဝါရီလ ၆ ရက် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ဇန်နဝါရီလ ၅ ရက်နေ့က အကျဉ်းသားတစ်ဦးထံ ကနေ လက်ကိုင်ဖုန်းတစ်လုံး ရှာဖွေသိမ်းဆည်းခဲ့မှုအပေါ် အရေးယူဆောင်ရွက်ဖို့ လုပ်နေစဉ် အကျဉ်းသားတွေဘက်က မကျေနပ်တာ၊ အချင်းချင်း မြောက်ထိုးပင့်ကော် လုပ်တာတွေကြောင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့တယ် လို့ ပြောပါ တယ်။

ဇန်နဝါရီလ ၆ ရက်နေ့မှာ အိပ်ဆောင်တစ်ခုက အကျဉ်းသား ၇၀ ခန့်ဟာ အိပ်ဆောင် ဝင်းတံခါးတွေကို ချိုးဖဲ့ ဖျက်ဆီးတာ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေကို ဆဲဆိုတာ၊ ရန်မူဖို့ ကြိုးပမ်းလာတာကြောင့် ထိန်းသိမ်းခဲ့ရပြီး ရဲနှစ်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း ကိုးဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အချုပ်သားတစ်ဦးကတော့ အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ပြီး အကျဉ်းသား ၆၃ ဦး ဒဏ်ရာ ရသွားတယ်လို့ ဖော်ပြ ထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်မှူးကြီးဟောင်းတစ်ဦးကတော့ အကျဉ်းထောင် ထဲက သာမန်ပြဿနာ ကို တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ မဖြေရှင်းတာကြောင့် အခုလို လူသေဆုံးတဲ့အထိ အခြေအနေ ဆိုးသွားခဲ့တာလို့ RFA ကို ပြောပါတယ်။

“ပြန်ခြုံငုံသုံးသပ်လိုက်ရင်တော့ မူလပင်မအရင်းခံဖြစ်တဲ့ လက်ကိုင်ဖုန်းတွေ့ရှိတာကို ဥပဒေနဲ့အညီ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဥပဒေနဲ့ ညီညွတ်စွာ ကိုယ်တွယ်ဆောင်ရွက်လာ နိုင်မယ်ဆိုရင် ဒီပြဿနာက ဖြစ်ပေါ်လာစရာ အကြောင်းမရှိဘူး၊ သို့သော် အဲဒီ ကိုင်တွယ်ပုံ အမှားအယွင်းကနေတစ်ဆင့် ပိုပြီးတော့ တဖြည်းဖြည်း တစ်စတစ်စနဲ့ အပြန်အလှန်ဆောင်ရွက်ပုံတွေ မှားလာကြရင်းက ပိုပြီးကြီးထွားသွားတယ်လို့ မြင်ပါတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦး ကတော့ ပုသိမ်ထောင်လို ဖြစ်စဉ်မျိုးက တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ ဖြစ်ပွား နေပြီး စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို အငြိုးတကြီးနဲ့ ပစ်မှတ်ထား ဖိနှိပ်နေ တာလို့ ပြောပါတယ်။

ထွက်လည်းမပြေးနိုင်၊ ပြန်လည်း မခုခံနိုင်တဲ့ ထောင်ထဲက အကျဉ်းသားတွေကို ရိုက်နှက်သတ်ဖြတ်တာ၊ ပစ်ခတ်သတ်ဖြတ်တာဟာ ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ်၊ လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်တယ်၊ ဒီကိစ္စအတွက် အကျဉ်းဦးစီးတာဝန်ရှိသူ အားလုံး တစ်နေ့မှာ ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း သူက သတိပေးသွားပါတယ်။

ပုသိမ်ထောင်ကိစ္စနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ အကျဉ်းဦးစီးတာဝန်ရှိသူတွေကို စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ တန်းတူအရေးယူနိုင်အောင် လုပ်ဆောင် သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ဒီသတင်းကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့တွေ အားလုံးကို တိတိကျကျ ပေးပို့ပြီးပါပြီ။ ဒီနေရာမှာ အကြမ်းဖက် စစ်ကောင်စီတင် မကတော့ဘဲနဲ့ အကျဉ်းဦးစီးဌာနက တာဝန်ရှိတဲ့သူတွေပါ ပါဝင် ပတ်သက်နေတာ တွေ့တယ်။ ဘယ်လိုပဲ ပါဝင်ပတ်သက် ဒါက ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။ အပြစ်ပေးအရေးယူမှုလည်း မရှိသေးတဲ့အတွက် ကျူးလွန်တဲ့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူ တွေကိုလည်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့တန်းတူ ဒီအမှုနဲ့ ပတ်သက်လို့ တာဝန်ယူမှုရရှိအောင် ဆက်လက် လုပ်ဆောင်သွားပါ့မယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန် ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူ ၁၃,၃၆၀ ဦး ရှိနေပြီး သူတို့အထဲက ၁၉၃၇ ဦးဟာ ထောင်ဒဏ်တွေ ချမှတ် ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။