စစ်ကိုင်းနဲ့ မကွေးက PDF စခန်းတွေ ဆက်တိုက်စီးနင်းခံနေရ

RFA Burmese
2023.06.14
စစ်ကိုင်းနဲ့ မကွေးက PDF စခန်းတွေ ဆက်တိုက်စီးနင်းခံနေရ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့က စီးနင်းခံရသည့် Youth Guerrilla Counter Revolution ၏ ယာယီအထိုင်စခန်းအား တွေ့ရစဉ်။
Youth Guerrilla Counter Revolution

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ မေလကုန်ပိုင်းကနေ အခု ဇွန်လ ဒုတိယပတ်အတွင်းမှာ PDF စခန်း ၁၄ ခု ဆက်တိုက်စီးနင်းခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ စခန်း ၁၁ ခု၊ မကွေးတိုင်းမှာ စခန်းသုံးခု ဖြစ်ပါတယ်။ စစ်ကိုင်းကစခန်းတွေမှာ စီးနင်းခံရတဲ့အချိန်က PDF တပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးပြီး မကွေးတိုင်းမှာတော့ PDF တပ်ဖွဲ့ဝင် ၆ ဦး စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့က မုံရွာမြို့နယ်၊ ရေကန်စုရွာက PDF စခန်းတစ်ခုကို အင်အား ၈၀ လောက်ပါတဲ့ စစ် ကောင်စီတပ်က ရုတ်တရက်ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် လေးဦးနဲ့ အရပ်သား နှစ်ဦးကို  သတ်ဖြတ် မီးရှို့သွားတယ်လို့ မုံရွာခရိုင်၊ PDF တပ်ရင်း ၂၇ ရဲ့ အမည်မဖော်လိုတဲ့ ယာယီတပ်ရင်းမှူးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ လူ ၂၀၀ လောက် စုပြီးတော့ ရွာထဲပြန်ဝင်သွားတာ၊ ရောက်သွားတော့ ရုပ်အလောင်း တွေက အပိုင်းအစတွေ တော်တော်ကျန်သေးတယ်ဗျ။ မီးထဲမှာလေ။ သွေးအိုင်တွေနဲ့ ထွက်နေတဲ့ အသားစတွေကို တွေ့ခဲ့တယ်။ ပြီးတော့ မီးပုံထဲမှာ ဘယ်နှယောက်ရှိနေလဲဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ပစ်သတ်ပြီးမှ မီးထဲထည့်သွားတာထင်တယ်ဗျ။ သေတာ မသေတာကတော့ မသိဘူး ပေါ့လေ။ အရင်ဆုံးတော့ ပစ်တယ်ဗျ။ ဘာလို့လဲ ဆိုတော့ သွေးအိုင်အကြီးကြီးတစ်ခုနားလေးမှာ ကျည်ဆန်ခွံတွေ တွေ့တယ်။ ကပစကျည်ခွံသုံးခုနဲ့ အတိုကျည် နှစ်ခုတွေ့တယ်”

အသတ်ခံရတဲ့တပ်ဖွဲ့ဝင် လေးဦးဟာ အသက် ၁၇ နှစ်ကနေ ၂၀ ကျော် အရွယ်တွေဖြစ်ပြီး အဲဒီအထဲမှာ မိန်းကလေးနှစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။

"တော်လှန်ရေး အင်အားစုအစုအဖွဲ့တစ်ခုအနေနဲ့ ထိခိုက်နစ်နာမှုတွေ ရှိပေမယ့် တော်လှန်ရေးတစ်ခုလုံးရဲ့ လှုပ်ရှားမှုတွေကို ဘာမှ ထိရောက်မယ့်ဆိုးကျိုးတွေမဟုတ်ပါဘူး”

မေလ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း အရာတော်မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကမ်းဖြူနဲ့ ကျောက်ပျောက်ရွာ ကြားက ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရပါတယ်။ အဲဒီအချိန်မှာ PDF တပ်ဖွဲ့ဝင်တွေ လွတ်မြောက် ခဲ့ပေမယ့် အသက် ၄၀ အရွယ် ထမင်းချက်အမျိုးသမီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းကို စခန်းနဲ့အတူ မီးရှို့သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ အရာတော်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါ တယ်။

 “စခန်းကိုဝင်စီးတာ အင်အားက ၄၀၊ ၅၀ လောက် ရှိတယ်။ တဲတစ်လုံးလည်း မီးရှို့သွားတယ်။ PDF တွေရဲ့ ကားတစ်စီးနဲ့ ဆိုင်ကယ်လေးစီးလည်း မီးထဲပါသွားတယ်။ မိုင်းတွေရော။ အဲဒီမှာ PDF တွေကို ထမင်းချက်ကျွေးနေတဲ့ အစ်မကြီးတစ်ယောက်ကို သတ်ထားခဲ့ပြီး မီးထဲထည့်သွားတယ်။ စခန်းဝင်စီးတဲ့အချိန် အဖမ်းခံရတာ။ ဖမ်းပြီးပစ်သတ်လိုက်တာ”

ဖမ်းမိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို စစ်သုံ့ပန်းဥပဒေနဲ့ အညီ မဆောင်ရွက်ဘဲ သတ်ဖြတ် မီးရှို့ ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မေလ ၃၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာအနီးက Area 71 People Defense Force Monywa  လို့ အမည်ပေးထားတဲ့ PDF တပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရပြီး လက်နက် ခဲယမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ အမည်မဖော်လိုတဲ့ ခေါင်းဆောင်က RFA ကို ပြောပါတယ်။

 “မနက်ငါးနာရီခွဲလောက်မှာ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက ခင်မွန်ဘက်စုံခြံ၊ အရှေ့ဘက် တောခြံတွေကနေပြီး သေသေချာချာ ပိုက်စိပ်တိုက် ရှာတော့ ကျွန်တော်တို့စခန်းကို တွေ့သွားတာ၊ ရုတ်တရက် လည်း ဖြစ်တယ်၊ အရင်ရက်ကလည်း ပြောင်းရွှေ့ထားတဲ့ကာလမှာ သယ်စရာကျန် သေးတဲ့ပစ္စည်း လက်နက် ခဲယမ်းတွေကကျန်တော့ ရုတ်တရက် ဘယ်လိုမှ မရှောင်သာဘဲ သူတို့ပစ်တဲ့ ကြားက လူအလွတ်ပဲ ပြေးခဲ့ရတာ”

အခုလို စခန်းစီးနင်းခံရတာတွေဟာ စစ်ကောင်စီတပ်ကို အတိအကျ သတင်းပေးသူတွေ ရှိနေတာကြောင့်လို့ RFA ကမေးမြန်းခဲ့တဲ့ PDF တပ်ဖွဲ့ခေါင်းဆောင်လေးဦးက ပြောပါတယ်။ စခန်းတချို့ဟာ သီးခြားလွတ်လပ်တဲ့ နေရာတွေမှာ အခြေစိုက်ထားတာမဟုတ်ဘဲ ရွာနား တွေမှာပဲ တည်ရှိနေတာကလည်း အလွယ်တကူစီးနင်းခံရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

မုံရွာမြို့ ရေကန်စုရွာအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီးနောက် သတ်ဖြတ်မီးရှို့ခံခဲ့ရသည့် ရုပ်အလောင်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မုံရွာမြို့ ရေကန်စုရွာအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီးနောက် သတ်ဖြတ်မီးရှို့ခံခဲ့ရသည့် ရုပ်အလောင်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီတပ်ဟာ တယ်လီဖုန်းတို့၊ ဆက်သွယ်ရေးစက်တို့နဲ့ပြောတာတွေ၊ ဖမ်းမိတဲ့ PDF တွေနဲ့ ခရီးသွား ပြည်သူတွေကတစ်ဆင့် စစ်ဆေးရရှိတဲ့သတင်းတွေကနေ စခန်းနေရာတွေ ကို အတိအကျ စုံစမ်းပြီး ရုတ်တရက် ဝင်ရောက်စီးနင်းလေ့ရှိတယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်း က ပြောပါတယ်။

 “ဖုန်းအသုံးပြုမယ်ဆိုရင်လည်း လိုရင်းတိုရှင်းသာ ပြောသင့်တယ်။ လုံခြုံရေးအရ အရေးကြီးတဲ့ဟာမျိုးတွေကို တော့ သတိထားပြီး ပြောသင့်တယ်။ ထို့အတူ စကားပြော စက် တွေလည်း ဒီအတိုင်းပဲ ဖြစ်ပါ တယ်။ ဖုန်းတို့၊ စကားပြောစက်တို့ကို ခြေရာခံပြီး လိုက်တဲ့အခါ စစ်ကောင်စီဘက်က တိုင်းရင်းသားတွေရဲ့ စကားကိုနားထောင်လို့ ရတဲ့ အထိ ကြားဖြတ်အသံဖမ်းယူ နားထောင်တဲ့သူတွေ ခန့်ထားတာလည်း ရှိတယ်။ ဒါ့အပြင် လေကြောင်း အသုံးပြုပြီး ကင်းထောက်တဲ့အနေအထားမှာ ရရှိတဲ့အချက်အလက်တွေ လည်း ရှိတယ်။ ဒီလို အချက်အလက် တွေ အားလုံးပေါင်းစုလိုက်ပြီး စစ်ဆင်ရေး စီးနင်းဖို့ အတွက်ကို ဆောင်ရွက်တာ ဖြစ်ပါတယ်”

စစ်ကောင်စီတပ်ဟာ သူတို့အသာစီးရနိုင်တဲ့ စခန်းတွေကိုပဲ စီးနင်းတိုက်ခိုက်လေ့ရှိတယ် လို့လည်း သူကပြောပါ တယ်။

လက်နက်ကိုင်တော်လှန်ရေးမှာ ပေးဆပ်ရတာမျိုးတွေ ရှိပေမယ့် တော်လှန်ရေးတစ်ခုလုံးကို ထိခိုက်ပျက်စီးစေမှာ မဟုတ်ဘူးလို့  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါ တယ်။

 “တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီတပ်ကို တိုက်ခိုက်တာ၊ သတင်း ရယူတာ၊ ထောက်တိုင်တွေ ဖမ်းဆီးတာတွေရှိသလို၊ စစ်ကောင်စီဘက်ကလည်း ထောက်တိုင်တွေနဲ့ သတင်းပေးတွေ ရှိနေတတ်ပါတယ်။ အဲဒါကြောင့် စခန်းတွေရဲ့ သတင်းတွေကိုရပြီးတော့ ဒီလိုတိုက် ခိုက်ခံရတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီကိစ္စတွေပေါ်ပေါက်လာတဲ့အတွက် တော်လှန်ရေး အင်အားစုအစုအဖွဲ့တစ်ခုအနေနဲ့ ထိခိုက်နစ်နာမှုတွေ ရှိပေမယ့် တော်လှန်ရေးတစ်ခုလုံးရဲ့ လှုပ်ရှားမှုတွေကို ဘာမှ ထိရောက်မယ့်ဆိုးကျိုးတွေမဟုတ်ပါဘူး”

PDF တပ်ဖွဲ့စခန်းတွေစီးနင်းခံရတာနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လတ်တလော ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁၂ ရက် ထုတ်ပြန်ချက် မှာတော့ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ် လေးခုမှာ တိုက်ပွဲအကြိမ်ရေ ၅၀၀ ထိ ဖြစ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၄၁ ယောက် သေဆုံးသလို၊ ၁၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။