တရုတ်စီမံကိန်းနှစ်ခုကို ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထား

RFA Burmese
2024.08.05
တရုတ်စီမံကိန်းနှစ်ခုကို ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထား အယ်လ်ဖာ ဘိလပ်မြေ အဆောက်အအုံများအား ၂၀၂၀ ခုနှစ် မေလအတွင်းက တွေ့ရစဥ်။
Facebook/Alpha Cement

တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုက အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ်စက်ရုံကို ဇူလိုင် လကုန်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

လတ်တလောမှာ အဲဒီစက်ရုံနဲ့ ဝန်ထမ်းတွေ လုံခြုံရေးကို NUG က တာဝန်ယူထားပေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“တကောင်းနီကယ်စက်ရုံလည်း NUG ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲမှာ ကျရောက်နေပြီဖြစ်တဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီတော့ NUG ကပဲ လုံခြုံရေးကိစ္စကို တာဝန်ယူ ဆောင်ရွက်ပေးထားတယ်ပေါ့နော်။ စက်ရုံထဲမှာ ရှိနေတဲ့ဝန်ထမ်းတွေ နောက်ပြီးတော့ အလုပ်သမားတွေပေါ့နော်။ ဒီလူတွေကတော့ ပုံမှန်အတိုင်းပဲ စက်ရုံကို ကျွန်တော်တို့ ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိဘူးပေါ့နော်”

တကောင်းနီကယ် စက်ရုံဝင်းထဲက စစ်ကောင်စီတပ်သားနဲ့ ရဲအယောက် ၆၀ ခန့်ဟာ လက်နက် ၆၄ လက်နဲ့ ခဲယမ်းတွေကိုထားခဲ့ပြီး ထွက်ခွာသွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီစက်ရုံကို တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction နဲ့ မြန်မာဘက်က သတ္တုတွင်းလုပ်ငန်းတို့ ၂ဝဝ၈ ခုနှစ်မှာ စတင်ပူးပေါင်းပြီး နှစ် ၂ဝ သက်တမ်းနဲ့ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

“အယ်လ်ဖာ ဘိလပ်မြေစက်ရုံဟာ မီးရှို့ခံခဲ့ရတာကြောင့် စစ်ကောင်စီနဲ့ တရုတ်ဘက်က ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးမှုရှိနိုင်ပါတယ်”

မန္တလေးတိုင်း၊ မတ္တရာမြို့အရှေ့ဘက်က အယ်လ်ဖာ ဘိလပ်မြေ (Alpha Cement) စက်ရုံကိုတော့ ၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ဇူလိုင် လလယ်လောက်မှာ သိမ်းပိုက်ခဲ့တာပါ။

လက်ရှိ မန္တလေး PDF သိမ်းပိုက်ထားတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံဟာ မီးရှို့ခံခဲ့ရတာကြောင့် စစ်ကောင်စီနဲ့ တရုတ်ဘက်က ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးမှုရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုနန္ဒက ပြောပါတယ်။

“ဒီမှာ တပ်ဆွဲထားတဲ့စစ်ကောင်စီက အယ်လ်ဖာ ဘိလပ်မြေ အဆောက်အအုံတွေကို မီးရှို့ထွက်ပြေးသွားတဲ့အတွက် ဆုံးရှုံးမှုအပိုင်းက တစ်ပိုင်းပေါ့။ သေချာတာတစ်ခုက ဒီစက်ရုံက သူတို့လက်ထဲမှာ ဘယ်တော့မှကျရောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန်ရေး ပြီးဆုံးတဲ့အချိန်အထိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း ဆက်လက်ပြီး တိုက်ပွဲဝင်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေလက်ထဲမှာပဲ ရှိနေမယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ထားပါတယ်”

ဒီအယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းစတင်စဥ်က ဒေသခံတွေရဲ့ ခြံနဲ့ ယာမြေ ဧကတစ်ရာခန့် သိမ်းခံခဲ့ရပြီး စီမံကိန်းကို ကန့်ကွက်တဲ့ဒေသခံတွေလည်း တရားစွဲဆို ထောင်ချခံခဲ့ရပါတယ်။


ဆက်နွှယ်သောသတင်းများ

ရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲတွေ တရုတ်အကျိုးစီးပွားကိုသက်ရောက်လာ

တရုတ်ကြေးနီစီမံကိန်းတွေရပ်တန့်ဖို့ ဒေသခံတွေဆန္ဒပြတောင်းဆို

မြန်မာ့အရေးကို တရုတ်နဲ့ပူးပေါင်း ဖြေရှင်းသင့်ကြောင်း ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း


အခုဒီစက်ရုံသိမ်းခံရပြီးနောက်မှာ ပြန်လည်ပတ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“ဒို့အနေနဲ့ကတော့ ဟိုတုန်းကတော့ ဒါကြီး မတည်ဆောက်အောင်လို့ဆိုပြီး ကန့်ကွက်မှုတွေ ရှိတာပေါ့ကွာ။ နောက်ပိုင်းကျတော့ ကိုယ်တွေလည်း ကိုယ့်ပိုက်ဆံတွေကုန်ပြီးတော့ ဒုက္ခတွေ ရောက်ကုန်တယ်။ လောလောဆယ်တော့ ဒါကြီးမလုပ်နိုင်တော့တဲ့ အချိန်အထိကတော့ ပိုကောင်းတော့တာပေါ့လေ။ ဒို့အနေနဲ့ကတော့ မလုပ်နိုင်လေ ကောင်းလေပေါ့”

အယ်လ်ဖာ ဘိလပ်မြေစက်ရုံဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ် အောင်သပြေရွာမြေပေါ်မှာ တည်ဆောက်ထားပြီး မန္တလေးနဲ့ဆိုရင်တော့ ၁၂ မိုင်ခန့် ဝေးပါတယ်။ လူဦးရေ နှစ်ထောင်ခန့်ရှိတဲ့ အောင်သပြေရွာတစ်ရွာလုံးကတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတာပါ။

ဒီစီမံကိန်းကြောင့် နစ်နာခဲ့ရတဲ့ အောင်သပြေရွာဒေသခံတွေက သူတို့ဆုံးရှုံးမှုတွေအတွက် တရားမျှတမှုရဖို့ မျှော်လင့်နေကြပါတယ်။

“အသိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ကတော့ အစိုးရတစ်ခု အပြောင်းအလဲဖြစ်သွားရင် ကျွန်တော်တို့ အမှန်တရားအတွက် တရားဥပဒေနဲ့အညီ ပေါ်လာမှလို့ ယုံကြည်ယူဆတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အားကိုးမိပါတယ်ပေါ့။ ဝမ်းသာမိတယ်ပေါ့ဗျာ။ ဒီတရားဥပဒေ အမှန်ဖြစ်လာမှာလို့ ယူဆတဲ့အတွက်ပေါ့ဗျာ”

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ အချက်အလက်တွေအရ ဒီဘိလပ်မြေစက်ရုံ ရင်းနှီးမြှုပ်နှံမှုသက်တမ်းမှာ နှစ် ၅၀ ရှိတဲ့ နိုင်ငံခြား ဖက်စပ်ရင်းနှီးမြှုပ်နှံမှု အမျိုးအစားဖြစ်ပြီး ကနဦး မတည်ရင်းနှီးငွေက အမေရိကန်ဒေါ်လာ ၂၄.၇၅ သန်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၂၁၉ သန်းရှိပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စက်ရုံတွေ ကာကွယ်ရေးနဲ့ပတ်သက်ပြီး တရုတ်ဘက်က မူဝါဒပြောင်းလဲမှု ရှိလာနိုင်ပါတယ်”

ဇူလိုင်တစ်လအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း နှစ်ခုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်တာမရှိဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ဒီလုပ်ငန်းတွေ လည်ပတ်ခြင်း မလည်ပတ်ခြင်းကလည်း သူတို့သဘောနဲ့ပဲ ဆိုင်မယ်ပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါကို ရပ်ထားမယ်၊ ဘာညာဆိုတာမျိုး ပြောထားတာလည်း မရှိဘူး။ သူတို့ ပုံမှန်လည်ပတ်လို့ရတဲ့ အခြေအနေအတိုင်းပဲ ဖန်တီးထားတဲ့ အခြေအနေဖြစ်ပါတယ်ဗျ”

တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးထားတဲ့ အခြေအနေအသေးစိတ်ကိုတော့ NUG က ထုတ်မပြောပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့လုပ်ငန်းတွေကို NUG က လက်ခံမှာမဟုတ်ဘဲ အရင်အစိုးရအဆက်ဆက် ချုပ်ခဲ့တဲ့စာချုပ်တွေနဲ့ လည်ပတ်နေဆဲ လုပ်ငန်းတွေဆိုရင်တော့ အသိအမှတ်ပြု လက်ခံထားတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ လုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီကို အခွန်အခပေးနေတာမျိုးမဟုတ်ဘဲ NUG ကို အခွန်အခတွေပေးဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

NUG ဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေတင်မက တရားဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးကို အကာအကွယ် ပေးသွားမယ်ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားတယ်လို့ RFA ကို ပြောထားပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စက်ရုံတွေ ကာကွယ်ရေးနဲ့ပတ်သက်ပြီး တရုတ်ဘက်က မူဝါဒပြောင်းလဲမှု ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပီကင်းရဲ့ မူဝါဒဆိုင်ရာ အပြောင်းအလဲတွေက ကျောက်ဖြူကိုသိမ်းပြီးပြီဆိုရင်တော့ တရုတ်လည်း မစဥ်းစားလို့ မရတော့ပါဘူး။ မြန်မာပြည်မှာရှိတဲ့ သူ့အကျိုးစီးပွားတွေအတွက် စစ်ကောင်စီကိုပဲ အားကိုးမလား ဒါမှမဟုတ် PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို အားကိုးမလားဆိုတာ တရုတ်က စဥ်းစားလာရပါလိမ့်မယ်။ အဲဒီတော့ သူက မလွဲမရှောင်သာ သူ့အကျိုးစီးပွားတွေ ကာကွယ်ဖို့ စစ်ကောင်စီကို အားကိုးလို့မရတော့ဘူး။ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြောဆိုလုပ်ကိုင်ရတော့မဲ့ အခြေအနေတစ်ရပ် မလွဲမသွေ ရောက်ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ဗျ”

တရုတ်သံရုံးကလည်း PDF တွေ သိမ်းထားတဲ့ စက်ရုံတွေနဲ့ပတ်သက်ပြီး အခြေအနေတွေကို လေ့လာစူးစမ်းမှုတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

၂ဝ၁၉ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံမြင်ကွင်း။ (RFA Video Screenshot)
၂ဝ၁၉ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံမြင်ကွင်း။ (RFA Video Screenshot)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကလည်း မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို မထိပါးစေဖို့ ဇူလိုင် ၂၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ တိုက်တွန်းထားပါတယ်။

အလားတူ ၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ကိုးကန့်တပ်မတော် (MNDAA) ကလည်း တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဇူလိုင် ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

ဒီတရုတ်စီမံကိန်းနှစ်ခုကို အကာအကွယ် မပေးနိုင်တော့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့က ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း RFA က အီးမေးလ်ပို့ ဆက်သွယ်ထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီဘက်က တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကို အပြည့်အဝ အကာအကွယ် မပေးနိုင်တော့တာကြောင့် တရုတ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြား ဆွေးနွေးမှုတွေ ပိုရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။