စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား သုံးသောင်းခန့် ရှင်းလင်းနိုင်ခဲ့တယ်လို့ NUG ပြော
2023.05.06
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PDF တည်ထောင်ခြင်း နှစ်နှစ်ပြည့် မေလ ၅ ရက်နေ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးသောင်းလောက်ကို ချေမှုန်းနိုင်ခဲ့ပြီး တစ်သောင်းကျော်ကို ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီနှစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးမှာ ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းတည်ထောင်ထားပြီး PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော် ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“ယခုအခါ နိုင်ငံတော်၏နေရာအနှံ့အပြားမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ ခန့်အတည်ပြုဖွဲ့ စည်းနိုင်ခဲ့ပြီး ဖြစ်သလို ပြည်သူ့စစ်တာဝန်ကို ထမ်းဆောင်မယ့် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေး အဖွဲ့ ပကဖများကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင် ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် လူအင်အားအရ ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေး အင်အားဟာ ရန်သူ့ထက် သာလွန်အင်အား ဖြစ်အောင် စုဖွဲ့ တည်ထောင် နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။”
ဒီကာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ရဲနဲ့စစ်သား အရေအတွက်ကလည်း တစ်သောင်းကျော် ရှိခဲ့တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ကလည်း တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို ရွေးချယ်ဖန်တီးနိုင်ခွင့်ဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိနေသလို ပြည်သူ့ အားနဲ့ တော်လှန်ရေးအောင်ပွဲကို ချီတက်ကြမယ်လို့ ပြောပါတယ်။
“စစ်တပ်ကသာလျှင် နိုင်ငံကို အစဉ်သဖြင့် ဗိုလ်ကျမိစ္ဆာဒိဋ္ဌိအတွေးအခေါ်ကို အမြစ်ဖြတ်နိုင်မှ ရေရှည် တည်တံ့တဲ့ တည်ငြိမ် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရလိမ့်မယ် ဆိုတာ နိုင်ငံတကာသိစေလိုပါတယ် တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို ရွေးချယ်ဖန်တီးနိုင်ခွင့်ဟာ ကိုယ့်တိုင်းရင်းသား ပြည်သူတွေ လက်မှာပဲ ရှိတယ်ဆိုတဲ့ အချက်ကို အခိုင်အမာ ယုံကြည်ထားတယ် ကိုယ့်ပြည်သူအားနဲ့ တော်လှန်ရေး အောင်ပွဲဆီ ငါတို့ ဆက်လက်ချီတက်ကြရမှာ ဖြစ်တယ် ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။”
PDF တည်ထောင်ခြင်း နှစ်နှစ်ရှိပြီဖြစ်ပေမယ့် မြေပြင်တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေက သူတို့မှာ လိုအပ်ချက် အမြောက် အမြားရှိနေသေးတယ်လို့ RFA ကိုပြောပါတယ်။
စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နယ်စည်းမခြား စစ်ကိုင်းသား ဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ကိုညိုချောကတော့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ မြေပြင် တပ်ရင်း တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှု အားနည်းနေသေးတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ တကယ်လည်း ရုန်းကန်နေရတယ် လုပ်နေရင်း စိတ်ဓာတ်တွေလည်း မကျအောင်ကို နောက်ကနေပြီးတော့ ကူညီနိုင်ရင် ကျွန်တော်တို့ မြေပြင်မှာ လုပ်နေတဲ့အဖွဲ့တွေကို အထက်က နေပြီးတော့ ကောင်းကောင်းမွန်မွန် ချိတ်ဆက်ပါ တကယ်လုပ်လား မလုပ်လား စိစစ်ပါ စိစစ်ပြီးတာနဲ့ မလုပ်တဲ့လူလည်း မလုပ်တဲ့အလိုက် တကယ်လုပ်တဲ့လူလည်း လုပ်တဲ့အလိုက်ကို စိမ်းသော မှည့်သော မရွေးဘဲနဲ့ အခုဟာက မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ပုံစံမျိုးဖြစ်နေတော့ ကျွန်တော်တို့ တကယ်လုပ်တဲ့သူတွေဆီမှာ စိတ်ဓာတ် ကျစရာတွေ ပြိုကွဲစရာတွေ အများကြီး ဖြစ်နေပြီ မြေပြင်မှာ တကယ်လုပ်ခဲ့တဲ့လူတွေဆီမှာ ခံစားချက်တွေ လူတိုင်းကိုယ်စီ ရှိနေပြီ။”
ဒါ့အပြင် လက်နက်စုဆောင်းရတဲ့နေရာမှာလည်း အခက်အခဲတွေ ရှိနေသလို တပ်ဖွဲ့ဝင်တွေ အလုပ်လုပ်လို့ရတဲ့ ငွေနဲ့ ပြည်သူတွေရဲ့ ထောက်ပံ့ငွေနဲ့သာ ရပ်တည်နေရတာ ဖြစ်တယ်လို့လည်း ကိုညိုချောက ပြောပါတယ်။ နယ်စည်းမခြား စစ်ကိုင်းသား အဖွဲ့ဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်ပေမယ့် MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဖြစ်တဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၂ နဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတဲ့ အဖွဲ့ တစ်ခုဖြစ်ပါတယ်။
ကရင်ပြည်နယ် တောင်ပိုင်းစစ်ဒေသမှာ လှုပ်ရှားနေတဲ့ Justice Soldier အဖွဲ့ ဦးဆောင်သူ ကိုဇွဲကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သူတို့ကို ထောက်ပံ့မှုလိုအပ်နေသေးတယ်လို့ ပြောပါတယ်။
“အစိုးရဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်သူလူထုအားလုံး ပါဝင်နေတာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ကျွန်တော့် လက်နက် ၂၀၀ ကျော် ၃၀၀ ထဲမှာမှ NUG ပေးတဲ့ ၇ လက်သည်ကော ကျွန်တော်ရှာဖွေ စုဆောင်းထားတဲ့ လက်နက်တွေကော အစိုးရနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော်ကတော့ မြင်ထားတယ် တိုက်ရိုက်ထောက်ပံ့မှုနဲ့ ပတ်သက်လို့ကတော့ NUG အနေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ် အစိုးရတစ်ရပ်ရဲ့ လုပ်ဆောင် ချက်တော့ ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ အပေါ်မှာ အစိုးရမပီသ သေးဘူးလို့ ကျွန်တော် မြင်တယ် ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကြိုးစား အားထုတ်မှုတွေသည် အစိုးရအတွက်ပဲ အစိုးရကို အမှီအခိုပြုတဲ့ ပြည်သူလူထုအတွက်ပဲလို့ ကျွန်တော်ပြောချင်ပါတယ်။”
အခုလို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အစိုးရတစ်ရပ် အနေနဲ့ ကြိုးစားပေးသွားမယ်လို့ ပြောပါတယ်။
“အခက်အခဲပေါင်းစုံ ကြုံတွေ့နေရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ PDF တွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ နားလည်ပါတယ် နားထောင်နေပါတယ် အတတ်နိုင်ဆုံးဖြစ်အောင် တပ်ဆင်ပေးနိုင်အောင် ကူညီဆောင်ရွက်နေတယ်ဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်။ လက်နက်တပ်ဆင်မှု အပြည့်အဝရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း အမြောက်အမြားရှိလာနေပြီး ကျန်နေသေးတဲ့ လက်နက်မတပ်ဆင်ရတဲ့ အဖွဲ့ဝင်တွေ၊ လက်နက်ကိုလည်း တစ်ပိုင်းတစ်စလေးပဲ တပ်ဆင်ပေးနိုင်သေးတဲ့ အဖွဲ့တွေကိုလည်း ကျွန်တော်တို့တွေ အပြည့်အစုံ တပ်ဆင်ပေးဖို့အတွက် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ အသိပေးပြောကြားချင်ပါတယ်။”
စစ်ကောင်စီ အင်အား သုံးသောင်းလောက်ကို ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ထုတ်ပြန်ချက်ပါအချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော် မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်လို့ရမခဲ့ပါဘူး။
NUG ရဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီကို တိုက်ခိုက်ဖို့ နောက်ဆုံးအဆင့်ဖြစ်တဲ့ တန်ပြန် ထိုးစစ် လုပ်နိုင်ဖို့ အတွက် ဘဏ္ဍာရေး ရန်ပုံငွေနဲ့ မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းရရှိဖို့ လိုအပ်နေသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
NUG ကာကွယ်ရေး ဝန်ကြီးဌာန မေလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြို့နယ်အလိုက် ဒရုန်းတိုက်ခိုက်မှု ၁၉၃ ကြိမ်၊ စခန်းသိမ်း တိုက်ပွဲ ၄၄ ကြိမ်၊ အရေးကြီးပစ်မှတ် တိုက်ခိုက်မှု ၂၆ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီအင်အား လေးထောင်နီးပါး ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။