နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းမှု ဖွဲ့စည်းပုံနဲ့မညီကြောင်း ဥပဒေပညာရှင်တွေ ထောက်ပြ
2023.03.30

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေသစ်အရ မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
လက်ရှိရွေးကောက်ပွဲ ကော်မရှင်ဟာ အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဖြစ်တာကြောင့် ဒီကော်မရှင်ရဲ့ အမိန့်ကြေညာချက်တွေဟာ တရားမဝင်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၉၂၀ နဲ့ မဲအများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေး က ပြောပါတယ်။
“ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်အပ်ရေးလုပ်ငန်းစဉ်မှာ ဘာမှ အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။ လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေနဲ့ပဲ လုပ်ဆောင်နေမှာ ဖြစ်ပါ တယ်။ NLD ဟာ ပြည်သူထဲက ပေါက်ဖွားလာပြီးတော့ ပြည်သူ့အတွက်ပဲ အလုပ် လုပ်နေတာမို့လို့ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာ ဖြစ်ပါတယ်။ ပြည်သူလူထုသာ အက္ခရာ ကျပါတယ်”
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ တရားဝင် ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီတွေကို ဖျက်သိမ်းခွင့်မရှိကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်ကော်မတီက မတ်လ ၂၉ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ အနိုင်ရခဲ့တဲ့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်ကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖျက်သိမ်းမှုဟာ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။
“ကျမတို့က ကိုယ့်အဖွဲ့အစည်းကို ကိုယ်တိုင်ဖျက်သိမ်းတာမျိုး မဟုတ်ဘူးလေနော်။ ကျမတို့က မတရား ဖျက်သိမ်းခံရတာလေ ဟုတ်တယ်မဟုတ်လား။ အဖွဲ့အစည်းက တော့ ပျက်မသွားဘူး၊ ရှိနေမှာ။ ကျမတို့ရဲ့ ဒေသတွင်းမှာ ပါတီအနေနဲ့ တတ်စွမ်း သလောက်၊ ကိုယ်လုပ်နိုင်သလောက် လူထုရဲ့အကျိုးစီးပွားကို၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုတော့ ဆက်လုပ်သွားမှာပဲ”
ပါတီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံရေးပါတီ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေနဲ့ မကိုက်ညီတာကြောင့် မှတ်ပုံ ပြန်မတင်တော့တာလို့ သူက ပြောပါတယ်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဟာ စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ ကန့်ကွက်ထားပါတယ်။
"ပြည်သူ့အတွက်ပဲ အလုပ်လုပ်နေတာမို့လို့ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာ ဖြစ်ပါတယ်။ ပြည်သူလူထုသာ အက္ခရာကျပါတယ်”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ ပုဒ်မ-၂၀ (က) အရ ပါတီတစ်ခုဟာ မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊ ဥပဒေအရ ဖျက်သိမ်းခံရလျှင်ဖြစ်စေ ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်ထံ ပြန်လည်အပ်နှံရမယ်လို့ ဖော်ပြထားပါတယ်။
NLD၊ SNLD နဲ့ တအာင်း (ပလောင်) အမျိုးသားပါတီ အပါအဝင် အခုဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ရဲ့ ပစ္စည်းတွေကို ရွေးကောက်ပွဲကော်မရှင်က သိမ်းယူ၊ မယူဆိုတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မထုတ်ပြန် သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မှတ်ပုံမတင်လို့ ပါတီပိုင်ပစ္စည်းတွေကို သိမ်းယူမယ်ဆိုရင်လည်း လက်ရှိ နိုင်ငံရေးအခြေ အနေအရ လိုက်နာရုံက လွဲပြီး တခြားနည်းလမ်း မရှိပါဘူးလို့ မှတ်ပုံပြန်မတင်ထားတဲ့ တအာင်း (ပလောင်) အမျိုးသား ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။
“နိုင်ငံရေးပါတီကတော့ သူ့ရဲ့သဘောတရားကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ပေါ့နော် သူတို့တွေ ချမှတ်ထားတဲ့ သူတို့စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်ရတာကိုး။ တကယ်လို့များ ပါတီ တစ်ခုခုက အကြောင်းအမျိုးမျိုးကြောင့် မရပ်တည်တော့ဘူးဆိုရင် ပါတီပိုင်ပစ္စည်းတွေကို သတ်မှတ်တဲ့ နည်းလမ်းအတိုင်း အပ်ရမယ်။ လုပ်ထုံးလုပ်နည်းက ရှိပြီးသားပဲလေ၊ ဒါပေမဲ့ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်ဆိုတာကတော့ မသိသေးဘူးပေါ့။ ဆိုလိုတဲ့သဘောက ဒီဟာတွေ အပ်ရမယ်ဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း အပ်ဖို့ပဲ ရှိတာပေါ့"
တအာင်း (ပလောင်) အမျိုးသားပါတီ ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာနဲ့ တစ်နိုင်ငံလုံးမှာ ပဉ္စမမြောက် မဲအများဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေး ကတော့ သူတို့ပါတီ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေဟာ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ တည်ဆောက်ထားတာကြောင့် စစ်ကောင်စီက မတရား သိမ်းယူရင် တစ်နေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်လို့ သတိပေးပါတယ်။
ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီတွေဆက်ပြီး တည်ရှိခွင့်ကို စစ်ကောင်စီက ပေးအပ်ပြီးသား ဖြစ်တာမို့ နိုင်ငံရေး ပါတီတိုင်း စည်းကမ်းတကျ လိုက်နာရမယ်လို့ စစ်တပ်အရာရှိဟောင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။
“ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီတွေဆက်လက်တည်ရှိခွင့်က ပေးထားချက်တစ်ခုအနေနဲ့ ထုတ်ပေးထားပြီးပြီ၊ ဆိုလိုတာက ပါတီမှတ်ပုံတင်ခွင့် ပေးထားတယ်၊ အချက်အလက် ကတော့ နည်းနည်းကွာသွားမှာပေါ့၊ ဒါပေမဲ့ ပါတီတွေကိုယ်တိုင်က လာမယ့် ရွေးကောက်ပွဲမှာ ဝင်မလား၊ မဝင်ဘူးလားဆိုတာ မူတည်ပြီးတော့ သူတို့က ဆုံးဖြတ်ကြ တာကိုး။ သူတို့ဘက်က ပြောတာတွေရှိတယ် ခေါင်းဆောင်က ဘယ်လိုဖြစ်လို့၊ ဘာဖြစ် လို့ ဆိုတာပေါ့။ အမှန်တော့ ပါတီတစ်ခု တည်ဆောက်ထားပြီးပြီဆိုရင် တစ်ယောက် တည်း သွားပုံအပ်လို့တော့ မရဘူး။ ပါတီမှာ သူ့ဖွဲ့စည်းတည်ဆောက်ပုံ ရှိတယ်။ ခေါင်းဆောင်တဲ့ ကော်မတီအဖွဲ့ တွေ ပါတယ်။ ပုံစံတကျ သွားရမှာ။ အဲလိုမှ မဟုတ်ဘဲ တစ်ဦးဦးကို တည်မှီနေတာမျိုး။ ဒါမှမဟုတ် အခြေအနေတစ်ရပ်ရပ်ကိုမှ မျှော်လင့်ထား တာမျိုးဆို သိပ်အဆင်ပြေမှာ မဟုတ်ဘူး”
စစ်ကောင်စီက တည်ဆဲနိုင်ငံရေးပါတီတွေကို ဥပဒေသစ်ထုတ်ပြီး ဖျက်သိမ်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားမဝင်ဘူးလို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးဌေး က RFA ကို ထောက်ပြဝေဖန်ပါတယ်။
“ပုဒ်မ ၄၂၈ အရ ကော်မရှင် ဖွဲ့ရတယ်။ ၄၂၉ အရ ရွေးကောက်ပွဲကို ခြောက်လအတွင်း မှာ လုပ်ရတယ်။ အဲဒီလုပ်ပိုင်ခွင့်က ကာလုံမှာပဲ ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတာ မရှိဘူး။ ဒါ့ကြောင့် ၄၁၉ အရ ထုတ်ပြန်တဲ့ ဆောင်ရွက်ခွင့်ကို လုပ်လို့ မရဘူး။ ဆောင်ရွက်လို့ မရဘူးလို့ ကျနော် ဥပဒေရှုထောင့်အရ ပြောချင်ပါတယ်။ သူ့အနေနဲ့ ပါတီ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းနဲ့ ပါတီ ဖျက်သိမ်းခြင်းဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေဟာ တရားမဝင်ဘူး”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ စစ်အစိုးရ ဦးဆောင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတောင် မလိုက်နာဘူးလို့လည်း သူက ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းဟာ ၂၀၁၀ ရွေးကောက်ပွဲကာလ နိုင်ငံရေးပုံစံမျိုး တစ်ကျော့ပြန် ဖြစ်လာတာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း က သုံးသပ်ပါတယ်။
“၂၀၁၀ တုန်းက အနည်းဆုံး သုံးနေရာမှ မပြိုင်ဘူးဆိုလို့ရှိရင် ဖျက်သိမ်းခံရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက် ရှိခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မပြိုင်ဘူးဆိုတဲ့ အတွက်ကြောင့် ပါတီဖျက်သိမ်းခံရတာပေါ့။ ဖျက်သိမ်းခံရပေမယ့်လို့ ၂၀၁၂ ကျတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD က လွှတ်တော်အခင်းအကျင်းတွေ၊ မီဒီယာ လွတ်လပ်ခွင့်တွေ ရလာတာကြောင့် သူတို့ပါမယ်ဆိုတဲ့အခါ သမ္မတဦးသိန်းစိန်က အကျဉ်းကျနေတဲ့ ပါတီဝင်တွေ ပါတီကနေ ထုတ်ပစ်ရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်ကို ဖျက်ပေးလိုက် တယ်။ ဖျက်လိုက်တော့ သူတို့လည်း ရွေးကောက်ပွဲ ပြန်ဝင်တာပေါ့နော်။ အခုကလည်း ၂၀၁၀ တုန်းက အခင်းအကျင်းကို ပြန်ရောက်သွားတာပေါ့”
စစ်ကောင်စီက NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို နောက်ပြန်ဆုတ်သွားစေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Burma Campaign UK က မနေ့က ထုတ်ပြန်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်တပ် မပါဝင်တဲ့ နိုင်ငံအနာဂတ်ကို လိုချင်နေကြတာကြောင့် နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အဲဒီအခြေအနေမျိုး ရောက်အောင် ကူညီပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
၂၀၂၃ မတ်လ ၂၈ ရက် မတိုင်ခင်အထိ နိုင်ငံရေးပါတီ ၉၀ ရှိရာကနေ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ လာမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပါတီ ၅၀ ဆက်လက်မှတ်ပုံတင် ထားပြီး နောက်ထပ် နိုင်ငံရေးပါတီသစ် ၁၃ ခုလည်း မှတ်ပုံတင်ထားကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
မှတ်ပုံပြန်မတင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်မှာပဲ ထုတ်ပြန် ကြေညာခဲ့ပါတယ်။