စစ်တွေထောင်မှာ AA နဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ၃၇၀ ခန့် ရုတ်တရက် ပြောင်းရွှေ့ခံရ

RFA Burmese
2024.10.10
စစ်တွေထောင်မှာ AA နဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ၃၇၀ ခန့် ရုတ်တရက် ပြောင်းရွှေ့ခံရ စစ်တွေအကျဥ်းထောင်ကို ၂၀၁၇၊ အောက်တိုဘာလ ၁၀ ရက်နေ့က ဝေဟင်မှ တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တော့မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် AA နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၆၆ ဦးကို အောက်တိုဘာ ၈ ရက် ညက စစ်တွေ အကျဥ်းထောင်ကနေ ရုတ်တရက် ပြောင်းရွှေ့သွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

သူတို့ကို စစ်ရေယာဥ်သုံးစင်းနဲ့ တင်ဆောင်ပြီး အင်းစိန်ထောင်နဲ့ ပုသိမ်ထောင်တွေကို ပို့ဆောင်နေတာလို့ ဆိုပါတယ်။ ပြောင်းရွှေ့ခံရတဲ့ထဲမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အရပ်သားနှစ်ရာကျော် အပါအဝင် ရခိုင်ခြေစိုက် DMG သတင်းဌာနရဲ့ သတင်းထောက်တစ်ဦး၊ ရုံးဝန်ထမ်းတစ်ဦးတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ထောင်မပြောင်းခင် တစ်ရက်အလိုမှာ ထောင်ပြောင်းတော့မယ် ဆိုတဲ့အကြောင်း အမျိုးသားက ပြောဆိုခဲ့တယ်လို့ ပြောင်းရွှေ့ခံရတဲ့အထဲ ပါဝင်တဲ့ ဗျိုင်းဖြူရွာက ဦးမောင်အောင်သိန်းရဲ့ဇနီး ဒေါ်အေးချမ်းက RFA ကို ပြောပါတယ်။

“သူတို့ကို ထောင်မပြောင်းခင် တစ်ရက်အလိုမှာ ကျွန်မ ထောင်ဝင်စာ သွားတွေ့တယ်။ ထောင်ဝင်စာ ပို့တဲ့အခါ ကျွန်မအမျိုးသားက မိန်းမရယ် သူတို့ကို စစ်ရေယာဥ်နဲ့တင်ဖို့ အဆင်သင့်ပြင်နေပြီတဲ့။ ပုသိမ်ကို ယူသွားမယ်လို့ ပြောပါတယ်။ သားသမီးတွေကို နင်တစ်ယောက်တည်း ဦးဆောင်ပြီး စောင့်ရှောက်ပြီးနေဖို့ မှာခဲ့ပါတယ်”

ဗျိုင်းဖြူရွာသား နှစ်ရာကျော်ကတော့ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးပုဒ်မ - ၁၈၈ တို့နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရတာပါ။ DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်းကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ သူတို့နဲ့အတူတူ ပြောင်းရွှေ့ခံလိုက်ရတဲ့ တခြားသူတွေကလည်း အာရက္ခတပ်တော် (AA) နဲ့ ဆက်နွှယ်ပြီးတော့ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ရုတ်တရက် ထောင်ပြောင်းခံလိုက်ရတာကြောင့် စိုးရိမ်မိတယ်လို့ ထောင်ပြောင်းရွှေ့ခံလိုက်ရတဲ့ ဗျိုင်းဖြူရွာက ကိုထူးဇော်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့ကတော့ စိုးရိမ်ပါတယ်။ ကျွန်မတူလေးက ဒီမှာနေရင်တောင် နေမကောင်းဘူး။ အဲဒါကြောင့် ကျွန်မ ကြောက်တာက သူ နေမကောင်းဖြစ်ရင်လည်း ကျွန်မတို့က သွားတွေ့လို့ မရတော့ဘူးလေ။ ဒါကြောင့် ကျွန်မတို့က နိုင်ငံတကာ အဖွဲ့အစည်းတွေကို သူတို့ ဘယ်မှာပဲရှိရှိ စုံစမ်းပေးစေချင်တယ်။ ပြီးရင် သူတို့ရဲ့အခက်အခဲတွေ၊ နေမကောင်းတာတွေပဲဖြစ်ဖြစ် အဲဒါကိုကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”

ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုအနက် ဆယ်မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ မြို့နယ်တွေအားလုံးကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်သွားမယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က သံတွဲမြို့ကို AA တပ်ဖွဲ့ ဝင်ရောက်သိမ်းပိုက်ချိန် သံတွဲအကျဥ်းထောင်က အကျဥ်းသား ၃၇၂ ဦးကို ကယ်ထုတ်ခဲ့သလို မေ ၁၆ ရက်နေ့ ဘူးသီးတောင် အကျဥ်းထောင်ကို သိမ်းပိုက်ချိန်မှာလည်း အကျဥ်းသား ၉၈ ဦးကို AA တပ်ဖွဲ့က ကယ်ထုတ်ခဲ့တာပါ။

အခုလည်း စစ်တွေမြို့ကိုလည်း အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ရင် အကျဥ်းသားတွေ လွတ်သွားမှာစိုးရိမ်လို့ ရုတ်တရက် ပြောင်းရွှေ့လိုက်တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။

“အဓိကကတော့ စစ်တွေမြို့ရဲ့ လုံခြုံရေးအခြေအနေဟာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လာရင် သူတို့ ထိန်းထားနိုင်မယ်လို့ မထင်ဘူးပေါ့နော်။ အဲဒီလို စိုးရိမ်မှုတွေရယ်၊ ပြီးရင် သူတို့ အရေးယူထားတဲ့သူတွေကို AA က ပြန်လွှတ်ပေးတာကိုလည်း မမြင်ချင်ဘူးပေါ့။ အဲဒီရည်ရွယ်ချက်ကြောင့် ဒီလိုဖြစ်စဥ်တွေနဲ့ ဖမ်းထားတဲ့သူတွေကို ထောင်ပြောင်းရွှေ့ထားတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်”

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အား တွေ့ရစဉ်။ (မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဓာတ်ပုံ)
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အား တွေ့ရစဉ်။ (မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဓာတ်ပုံ)

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးကျော်ကတော့ နိုင်ငံရေး အကျဥ်းသားတွေကို အခုလို ထောင်ပြောင်းရွှေ့တာဟာ နိုင်ငံအကျဥ်းသားတွေနဲ့ မိသားစုတွေ ဝေးအောင်၊ အခက်အခဲတွေဖြစ်အောင် စစ်ကောင်စီတပ်က လုပ်ဆောင်နေတာလို့ RFA ကို ပြောပါတယ်။

“နိုင်ငံရေး အကျဥ်းသားတွေကို ထောင်ပြောင်းတယ်ဆိုတာ နိုင်ငံရေး အကျဥ်းသားတွေကို မိသားတွေနဲ့ဝေးအောင် အခက်အခဲတွေ၊ အကျပ်အတည်းတွေ ပိုပြီးတော့ဖြစ်အောင် မိသားစုကိုပါ စိတ်ဒုက္ခရောက်ရမယ်။ အကျဥ်းထောင်မှာ ရှိတဲ့အကျဥ်းသားကလည်း ကျန်းမာရေးကအစ အစစအရာရာ အကုန်လုံး အခက်အခဲဖြစ်ရမယ်။ အဲဒီလိုပုံစံမျိုးနဲ့ လုပ်တာပေါ့။ ပြီးရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ တော်လှန်းရေး အဖွဲ့အစည်းတွေက ထောင်တွေကို သိမ်းပိုက်ပြီးတော့ နိုင်ငံရေး အကျဥ်းသားတွေကို သူတို့ လွှတ်ပေးလိုက်မဲ့ရန်ကို ကာကွယ်တဲ့အနေနဲ့ အခုလို ပြောင်းရွှေ့လိုက်တာ ဖြစ်တယ်။ ဒီလူတွေ လွတ်သွားမှာကို စိုးတဲ့အတွက်ကြောင့် ပြောင်းရွှေ့တယ်ဆိုတာက ထင်ရှားတဲ့ကိစ္စပဲပေါ့နော်”

လက်ရှိမှာ စစ်တွေမြို့မှာ AA တပ်ဖွဲ့ရဲ့ထိုးစစ်ကို ခုခံဖို့ စစ်ကောင်စီက မြို့ပတ်ပတ်လည်မှာ တပ်အင်အားတွေကို တိုးချထားသလို မြို့တွင်းထဲမှာလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

သံတွဲထောင်က နိုင်ကျဉ်းတချို့အပါအဝင် အကျဉ်းသား ခုနစ်ဆယ်ဝန်းကျင် လွတ်မြောက်

စစ်တွေမှာ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဗျိုင်းဖြူရွာသား သုံးရာနီးပါး ရှိလာ

ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA ပြော


အကျဥ်းသားတွေကို ရုတ်တရက် ပြောင်းရွှေ့လိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကစတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ အချိန်တစ်နှစ်နီးပါး ရှိလာနေပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းနဲ့ ဂွ၊ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

(မှတ်ချက် - ဤသတင်းတွင် မိသားစုဝင်နှင့် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူ ဦးအောင်မျိုးကျော်တို့၏ ပြောဆိုချက်များကို ထပ်မံ ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။