စစ်ကောင်စီတပ် ဝင်စီးခံရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှာ ဒေသခံ ကိုးဦးသေဆုံး

2022.11.11
စစ်ကောင်စီတပ် ဝင်စီးခံရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှာ ဒေသခံ ကိုးဦးသေဆုံး မီးရှို့ဖျက်ဆီးခံရသည့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: ARAKAN PRINCESS MEDIA

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာအနီး နိုဝင်ဘာလ ၁၀ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ် ကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်တွေက မနေ့က ညနေပိုင်းမှာ ဆင်အင်းကြီးရွာကို ဝင်ရောက် စီးနင်းခဲ့လို့ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး စုစုပေါင်း ဒေသခံ ကိုးဦးသေဆုံးခဲ့ပြီး ၄ဝဝ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆင်အင်းကြီးရွာ ဒေသခံတွေက RFA ကိုပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၁ နှစ်အရွယ် မောင်မောင်သိန်း၊ အသက် ၃၈ နှစ်အရွယ် မောင်စံလှ၊ အသက် ၅၅ နှစ်အရွယ် ဦးခင်မောင်၊ အသက် ၅၆ နှစ်အရွယ် ဦးမှဲ့နီ၊ အသက် ၆၅ နှစ်အရွယ် ဦးဇံ ၊ ဦးမောင်ကျော်သိန်း၊ အသက် ၅ဝ အရွယ် ဒေါ်မေနု၊ အသက် ၉၂ နှစ်အရွယ် ဒေါ်မခင်သိန်းမိခင် နဲ့ အသက် ၆ဝ အရွယ် အမည်မသိ အမျိုးသားတစ်ဦး ဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားလို့ ဒေသခံတချို့ ရွာအတွင်း ပြန်ဝင်တဲ့ နိုဝင်ဘာလ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးနေတဲ့ အရပ်သားရုပ်အလောင်းတွေနဲ့ မီးလောင်ကျွမ်း နေတဲ့ နေအိမ်တချို့ကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူ ဆင်အင်းကြီးရွာဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်မိုးလင်း ခြောက်နာရီခွဲလောက်က ကျနော် ရွာထဲကို အသာလေးဝင်ကြည့်တယ်။ မီးလောင်တဲ့ရွာထဲမှာ အိမ်တွေက ကိုယ့်အိမ်တွေပါသွားလား။ ဘယ်သူ့အိမ်တွေ ပါသွားလဲဆိုပြီး ကျနော်က ကြည့်တယ်။ အဲဒီအချိန်မှာ ကျနော် အလောင်းကိုတွေ့တာ။ အိမ်ကမီးလောင်နေတာ နှစ်ဆောင်(နှစ်အိမ်) ပဲမြင်ရတယ်။ အလောင်းက ငါးလောင်း မြင်ရတယ်။ ကျနော် ကြောက်လန့်ပြီး ထွက်ပြေးလာတာ”

အများစုဟာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေပြီး စစ်ကောင်စီတပ်သားတွေက ရုပ်အလောင်းတွေကို ရွာလမ်းမတွေပေါ်မှာ ပစ်ချထားခဲ့တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာကိုစီးနင်းချိန်မှာ ထွက်မပြေးနိုင်လို့ ကျန်ခဲ့သူတွေနဲ့ ရွာကို စောင့်ရှောက်ဖို့ နေရစ်ခဲ့သူတွေ သတ်ဖြတ်ခံခဲ့ရတာလို့ ဆင်အင်းကြီးရွာက နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မီးစတိုက်(စရှို့)တာနဲ့ လူတွေက ကိုယ့်ပစ္စည်း ကိုယ့်အိမ် ဆုံးရှုံးသွားမှာစိုးလို့ တချို့တွေကတော့ စောင့်ကြည့် နေခဲ့တာရှိတာပေါ့။ အဲဒီအချိန်မှာ တွေ့တဲ့သူတွေကို သူတို့ (စစ်ကောင်စီတပ်ဖွဲ့က) ပစ်သတ်တာပဲ။ အိမ်တွေကို သေနတ်တွေနဲ့ ပစ်ပေါက် (ပစ်) တယ်။ လူတွေကိုတွေ့ရင်လည်း ပစ်သတ်တယ်။ ဒီလို လမ်းမရောက်တဲ့ အအိုတွေ(လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ) တောင်မှ မထားဘူး။ အကုန်လုံးပစ်သတ်သွားတယ်။ အခု သေဆုံးနေတဲ့ သူတွေက ရှစ်ယောက်ကနေ ဆယ်ယောက်ဝန်းကျင်မှာရှိတယ်”

စစ်ကောင်စီတပ်တွေရဲ့ စီးနင်းမှုကြောင့် အိမ်ခြေ ၁၂၀ နီးပါးရှိတဲ့ ဆင်အင်းကြီးရွာက ဒေသခံ ၄ဝဝ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆင်အင်းကြီးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

ponnagyun
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အား တွေ့ရစဉ်။ (Photo: RFA)

“မနေ့ကမနက် အစောကြီးထတာနဲ့ သေနတ်သံ ပစ်သံကြားတယ်။ နောက်တော့ လက်နက်ကြီးပစ်တယ်။ လက်နက်ကြီးပစ်လို့ အိမ်ကို လက်နက်ကြီးအစတွေ စင်လို့ ထွက်ပြေးကြတယ်။ ထွက်ပြေးကြပြီး ဘုန်းကြီးကျောင်းမှာ စုပြုံပြီးနေကြတယ်။ အဲဒီမှာနေတော့ စစ်ကောင်စီက ဝင်လာပြီး ရွာကိုမီးရှို့တယ်။ သုံးနာရီ လေးနာရီ ပတ်ဝန်းကျင်လောက် ရှိပြီ။ ရွာကမီးခိုးတွေ အများကြီးထွက်တယ်။ မီးတွေလည်း မြင်ရတယ်ကျမတို့။ အဲတော့ ကျမတို့ကြောက်ပြီး ဘယ်လိုပြင်ရမယ် (ပြင်ဆင်ချိန် မရလိုက်) မသိဘူး။ လက်နက်ကြီး အစတွေကလေ ကျမတို့အိမ်ရှေ့အထိ ရောက်တယ်။ အဲဒါနဲ့ ကျမတို့ ကြောက်ပြီး ထွက်ပြေးလာတာ”

အရပ်သားတွေဟာ နီးစပ်ရာဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဆီမှာ ခိုလှုံနေပြီး အခုအချိန်အထိ ရွာကို မပြန်ရဲကြဘူးလို့ သူကဆက်ပြောပါတယ်။

ဆင်အင်းကြီးရွာကို ဝင်ရောက်စီးနင်းခဲ့တာဟာ ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ - ၅၅ဝ က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

"အိမ်တွေကို သေနတ်တွေနဲ့ ပစ်ပေါက် (ပစ်) တယ်။ လူတွေကိုတွေ့ရင်လည်း ပစ်သတ်တယ်။"

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကတော့ စစ်ကောင်စီတပ်က အရပ်သားတွေကို အခုလို သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ဝေဖန်ပါတယ်။

“အခုလိုဖြစ်တာကတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ ကျနော်ပြောချင်တယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်လို့ရှိရင် အေအေ နဲ့စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ရင် အချင်းချင်း မဖြစ်ဘဲနဲ့ တစ်ခုခုပြဿနာဖြစ်လာလို့ရှိရင် သူတို့က အဝေးကနေလှမ်းထု (လက်နက်ကြီး) တာတို့ နောက်တစ်ခါ လေယာဉ်နဲ့ ဗုံးကျဲတာတို့ အဲလိုဟာမျိုးတွေ လုပ်တယ်။ အခုလည်း ဆင်အင်းကြီး ရွာထဲကိုဝင်ပြီး တမင်တကာကိုပစ်သတ်ပြီးတော့ သေဆုံးတာတွေ ရှိတယ်။ နောက်ပြီး ရွာကို မီးရှို့တယ်။ အဲဒီဟာကတော့ မလုပ်သင့်ဘူးလို့ ထင်တယ်။ ရွာကို မီးရှို့တယ်ဆိုတာကလည်း လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုပဲ။ လူသတ်တာလည်း စစ်ရာဇဝတ်မှုကျူးလွန်တာ”

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်အင်းကြီးရွာနဲ့ မလှမ်းမကမ်းက ဒီပါရုံရွာထဲကိုလည်း နိုဝင်ဘာ ၁၁ ရက် ဒီမနက် ၈နာရီက လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၄၁ နှစ်အရွယ် ဦးအေးစိုးသိန်း နဲ့ အသက် ၆၄ နှစ်အရွယ် ဦးကျားချေတို့ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီကနေ့ မနက်အထိ စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းမကို သွားလာခွင့် ပိတ်ထားတဲ့အတွက် ကားအစီး ၂ဝဝ ဝန်းကျင်လည်း ပိတ်မိနေတယ်လို့ ပုဏ္ဏားကျွန်း မြို့နယ် ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ကရော AA ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂ဝ၂၂ ခုနှစ် မေလနောက်ပိုင်း အပြန်အလှန် ဖမ်းဆီးမှုတွေကြောင့် စစ်ရေးတင်းမာခဲ့ပါတယ်။ ဇူလိုင်လမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက်တပ်တွေအကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးရဲ့အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ဒေသခံ ၁၃၁ဝဝ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။