နိုင်ငံတစ်ဝန်း ပြည်သူ့လုံခြုံရေးစနစ်နဲ့ ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်းနေ

RFA Burmese
2024.09.04
နိုင်ငံတစ်ဝန်း ပြည်သူ့လုံခြုံရေးစနစ်နဲ့ ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်းနေ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်။
Myawady

နိုင်ငံတစ်ဝန်း ရပ်ကွက်နဲ့ ကျေးရွာအဆင့်အထိ လက်နက် တပ်ဆင်မဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ကို စစ်ကောင်စီက ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပြီးနောက် ဒီအဖွဲ့အတွက် လူသစ်စုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီနဲ့ ကရင်ပြည်နယ်က မြို့ပေါ် ရပ်ကွက်တွေမှာ အဲဒီအတွက် အစည်းအဝေးခေါ်ယူတာ၊ စာရင်းကောက်တာတွေကို စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်နေတာလို့ ပြောကြပါတယ်။

ဧရာဝတီတိုင်းမှာဆိုရင် ဟင်္သာတ၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနဲ့ ရေကြည်စတဲ့ မြို့နယ်တွေမှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ် အမျိုးသားတွေကို စာရင်းကောက်တာအပြင် ခရီးသွားလာ ခွင့်ကိုပါ ကန့်သတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် မသန်စွမ်းတွေကိုပါ စာရင်းကောက်ယူနေပြီး မလိုက်နိုင်ရင် ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေကြည်မြို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်မှုထမ်းအပြင်ကို ပြည်သူ့စစ်အတွက်ပေါ့။ ရပ်ရွာထဲမှာ ကင်းစောင့်ဖို့ အစီအစဉ်ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ ၃၅ ကနေ ၆၅ အထိ အဲဒီကြားထဲမှာ ရှိတဲ့သူတွေကို မဲနှိုက်တာတို့ ဘာတို့ အဲဒီလိုမျိုးတော့ ရှိနေတာပေါ့နော်။ ရေကြည်မြို့နယ်ထဲက တချို့ရွာတွေပေါ့နော်၊ မသန်စွမ်းတွေတောင်ထည့်လို့ မလိုက်နိုင်ဘူးဆိုပြီးတော့ ပိုက်ဆံတောင်းတာတွေတောင် ရှိတယ်"

ဧရာဝတီတိုင်းက မြို့နယ်အလိုက် နိုင်ငံရေးပါတီတစ်ခုကို လူငါးဆယ် ပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ နိုင်ငံရေးပါတီဝင်တချို့က ပြောပါတယ်။

"ရပ်ရွာထဲမှာ ကင်းစောင့်ဖို့ အစီအစဉ်ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ ၃၅ ကနေ ၆၅ အထိ အဲဒီကြားထဲမှာ ရှိတဲ့သူတွေကို မဲနှိုက်တာတို့ ဘာတို့ အဲဒီလိုမျိုးတော့ ရှိနေတာပေါ့နော်"

ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရပ်ကွက်တွေမှာလည်း ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စာရင်းကောက်တာ၊ အစည်းအဝေးခေါ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း မြို့နယ်တချို့က ရပ်ကွက်တွေမှာလည်း ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် အစည်းအဝေးခေါ်တာတွေ လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာကေတမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လတ်တလောမှာတော့ ဒီဘက်မှာရှိတဲ့ ရပ်ကွက်တွေမှာတော့ မြို့နယ်တွေကနေပြီးတော့ သက်ဆိုင်ရာ ရပ်ကျေးဥက္ကဋ္ဌတွေကို ခေါ်ယူပြီးတော့ ဆွေးနွေးနေကြပြီ။ သူတို့က လက်ရှိစစ်မှုထမ်းဟောင်း အဖွဲ့တွေကို ရပ်ကွက်အလိုက် တစ်ဦးတစ်ယောက်စီပေးဖို့ စာရင်းတောင်းတယ်။ ရပ်ကွက်မှာကတော့ လက်ရှိ အနေအထားကတော့ စာရင်းကောက်ယူထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ သူတို့တွေကို ခေါ်ပြီးဆွေးနွေးနေတယ်ဆိုတာ သိရတယ်"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်မှာ ပြည်သူတွေ ပါဝင်ဖို့လိုတယ်လို့ ဩဂုတ်လ ၂၅ ရက်နေ့က မန္တလေးတိုင်းစစ်ကောင်စီနဲ့တွေ့ချိန် ပြောခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

ပြည်သူ့လုံခြုံရေး တိုးမြှင့်မယ်လို့ စစ်ကောင်စီပြော

ရပ်ကွက်၊ ကျေးရွာအထိ လက်နက်တပ်ဆင်မဲ့ ဗဟိုကြီးကြပ်ရေးအဖွဲ့ စစ်ကောင်စီ ဖွဲ့စည်း

ပြည်သူ့စစ်ထဲဝင်ဖို့ ဖိအားပေးနေသူတွေကို အရေးယူမယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ ထုတ်ပြန်


လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"လုပ်တဲ့သူတွေရဲ့ သဘောဆန္ဒမပါဘဲ မလုပ်ရဘူးတို့ ဘာတို့ သူတို့အဲဒီလိုတော့ ပြောတာပေါ့နော်။ ဒါပေမဲ့လို့ ကိုယ်မယုံကြည်တဲ့ အရာတစ်ခုကိုတော့ စိတ်မပါဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။ အဲဒါက အဓိကပဲ။ အတတ်နိုင်ဆုံး ရုန်းထွက်ရမှာပဲ။ ဘယ်လိုမှတော့ အဆင်မပြေဘူး။ မလုပ်နိုင်တဲ့ဘက်ကပဲ ရပ်တည်ရမှာပဲ"

ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် လူစာရင်းကောက်ယူတဲ့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်တဲ့အတွက် ရပ်ကွက်၊ ကျေးရွာအလိုက် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က တောင်ကြီးမြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်မှုထမ်းဟောင်းတွေကိုသာ အဓိကခေါ်ယူလာနိုင်ပြီး ပြည်သူ့လုံခြုံရေးစနစ်ကို အရင်ကတည်းက အကောင်အထည်ဖော်သင့်တယ်လို့ RFA ကို ပြောပါတယ်။

"အုပ်ချုပ်ရေးနဲ့ လုံခြုံရေးပေါ့။ လုံခြုံရေးက စစ်ဆင်ရေးနည်းတူ အရေးကြီးတယ်ဆိုတာကို သဘောပေါက်လာလို့ပေါ့နော်၊ ဒါကြောင့် ဒါကို လုပ်တာပေါ့။ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒါတွေက လုပ်သင့်လုပ်ထိုက်တာ ကြာနေပြီ။ သူတို့က လုပ်သမျှအကုန် နောက်ကျနေတာ"

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၅) တက်ရောက်ရန်လာရောက်ကြသည့် သင်တန်းသားများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)
နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၅) တက်ရောက်ရန်လာရောက်ကြသည့် သင်တန်းသားများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်စခန်းတွေ ဆက်တိုက် လက်လွှတ်ခဲ့ရပြီးနောက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို စစ်မှုထမ်းဖို့ အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။ အခုတစ်ခါ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသားတွေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ ထပ်မံကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်မှာ အင်အားတဖြည်းဖြည်း ချည့်နဲ့လာသလို မူဝါဒအမှားတွေကို ဆက်တိုက်လုပ်နေတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က RFA ကို ပြောပါတယ်။

"သူတို့မှာ လူမရှိတော့ဘူးဆိုတာ အရမ်းသိသာတယ်။ သူတို့က အရင်တုန်းက စစ်မှုထမ်းဥပဒေလုပ်လိုက်တာ ပြည်သူလူထုက ပိုပြီးတော့တောင် သူတို့ကို ဆန့်ကျင်တာတွေ ရှိတယ်။ နောက်ပြီးတော့ သူတို့ရတဲ့ စစ်သားတွေကလည်း စစ်တိုက်နိုင်တဲ့သူတွေ မဟုတ်ဘူး။ သူတို့က အရင်တုန်းက ပေါ်လစီက မှားတယ်ဆိုတာကို ပြန်ပြီးတော့ သင်ခန်းစာမယူဘဲနဲ့ နောက်ထပ် ဒီထက်ပိုမှားတာကို လုပ်နေတယ်ပေါ့"

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ရပ်ကွက်နဲ့ ကျေးရွာအဆင့်မှာ လက်နက်တပ်ဆင်ပေးတဲ့အထိ ဖြစ်လာရင် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေ ပိုဖြစ်လာမယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေရှိလာပြီး နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၇၆ မြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ နိုင်ငံတကာ မြန်မာ့သတင်းဌာန BNI – Myanmar Peace Monitor ရဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်၊။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဦးနိုင်
2024-09-04 12:55

ပြည်သူ့လုံခြုံရေးထဲ ဝင်ဖို့ ဘောင်မဝင် (ဥပမာ- မသန်စွမ်း) လို့ ငွေတောင်းခံနေတာကတော့ ညွှန်ကြားချက် (ဥပမာ - နည်းဥပဒေပိုင်းဆိုင်ရာ) မရှိဘဲ လုပ်နေတာဖြစ်တယ်။ ရှက်စရာ ကောင်းလှပါတယ်။ ပြည်သူတိုင်းဟာ ဒီကိစ္စမှာ နဂိုထဲကမှ လိုလိုလားလား စိတ်ဆန္ဒ မရှိတဲ့အပြင် (မိသားစု) ဝမ်းရေးအတွက် အတော်ခက်ခဲစွာ ရုန်းကန်နေရချိန်ပါ။ ပြည်သူ မပါဘဲ၊ ပြည်သူ မကြည်ဖြူဘဲ ဘာမှမအောင်မြင်နိုင်ပါ။