ဖြူးမြို့နယ် အောက်ကြာအင်းရွာမှာ ခြောက်ဦးခန့်သေဆုံးပြီး တစ်ထောင်ခန့်ထွက်ပြေးနေ

RFA Burmese
2023.08.10
ဖြူးမြို့နယ် အောက်ကြာအင်းရွာမှာ ခြောက်ဦးခန့်သေဆုံးပြီး တစ်ထောင်ခန့်ထွက်ပြေးနေ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပဲခူးတိုင်း၊ ဖြူးမြို့နယ် အောက်ကြာအင်းရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
တောင်ပိုင်းတိုင်းစစ်ဒေသခွဲ-၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ် အောက်ကြာအင်းရွာမှာ ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ် တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက်  ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရသလို ဖမ်းဆီးခံရတဲ့ ရွာသားတွေထဲက အနည်းဆုံးခြောက်ဦး သတ်ဖြတ် ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အောက်ကြာအင်းရွာကို မီးနှစ်ကြိမ်ရှို့ခဲ့ရာမှာ ပထမအကြိမ်က နေအိမ်ကိုးလုံး မီးလောင်ပျက်စီးခဲ့ပြီး ဒုတိယအကြိမ် ပျက်စီးမှုကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

"တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာမယ့် အခြေအနေမျိုးမှာ ရှိပါတယ်”

သေဆုံးသူ ခြောက်ဦးထက်မနည်းရှိနိုင်ပေမယ့် ဩဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့တွေ အဲဒီရွာမှာ ဆက်လက်တပ်စွဲထားတာကြောင့် သေဆုံးသူသုံးဦးရဲ့ အချက်အလက်တွေကိုသာ ရသေးတယ်လို့ ကြာအင်းကျေးရွာအုပ်စုထဲမှာ နေထိုင်သူတစ်ဦး က RFA ကို ပြောပါတယ်။

“မနက်လေးနာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပြီးတော့ မီးလာရှို့တာပဲ။ ညတုန်းကလည်း ၁၁ နာရီခွဲလောက်မှာ မီးထပ်ရှို့တယ်။ မီးလောင်ပျက်စီးတာကတော့ မနေ့ကမီးရှို့ခဲ့တုန်းက အိမ်ခြေ ရှစ်အိမ်၊ ကိုးအိမ် လောက် မီးလောင်သွားတယ်။ ကိုဝင်းစိုး ၄၇ နှစ်၊ အသက်တွေ က ခန့်မှန်းပေါ့၊ ကိုကျော်ဇင် ၄၃ နှစ်၊ ဦးမြင့်စိုး ၆၅ နှစ် အဲဒီ သုံးယောက်ပဲ လောလောဆယ် သိသေးတယ်။ ရိုက်သတ်ခံလိုက်ရတာ။ ရွာထဲမှာ ကျန်နေတော့ အဖမ်းခံလိုက်ရတာ”

အင်အားတစ်ရာခန့်ပါဝင်တဲ့ အဲဒီ စစ်ကြောင်းဟာ အထက်ကြာအင်းရွာကို ဩဂုတ်လ ၈ ရက်မှာ ဝင်ရောက် စီးနင်းခဲ့ပြီး အဲဒီကတစ်ဆင့် ကိုက်လေးရာလောက်ဝေးတဲ့ အောက်ကြာအင်းရွာကို ထပ်မံဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေကိုသိတဲ့ ဖြူးဒေသခံတစ်ဦးကတော့ ဒီနေ့ မနက်ပိုင်းအထိ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား အပြန်အလှန်စောင့်ကြည့်နေတဲ့ အခြေအနေ ရှိတယ်လို့ RFA ကို ပြောပါတယ်။

“၈ ရက်နေ့တုန်းက သူတို့က အထက်ကြာအင်းရွာကိုဝင်လာတာ။ ဝင်လာတော့ ထိတွေ့မှုဖြစ်ပြီး ဒီဘက်အဖွဲ့က ပြန်ခွာပေးပြီးတော့ အောက်ကြာအင်းရွာမှာနေတယ်။ အထက်ကြာအင်းကနေ လက်နက်ကြီး တွေနဲ့ပစ်ပြီး အောက်ကြာအင်းရွာကို ပစ်ဝင်လာ တော့ ဒီဘက်က နောက်ထပ်ဆုတ်လိုက်တော့ စစ်ကောင်စီတပ်တွေက ရောက်လာတာ။ အထက်ကြာအင်းနဲ့ အောက်ကြာအင်းကြားမှာတော့ စစ်ကောင်စီတပ်တွေ ထွက်လာ တော့ ဒီဘက်ကလည်းပြန်ပြီး ခုခံတယ်။ တိုက်ပွဲကတော့ တစ်နေကုန်တော့မဟုတ်ဘူး။ ထွက်လာရင် သူပစ် ကိုယ်ပစ်ပေါ့။ အဲလိုမျိုးတော့ ဖြစ်နေတယ်”

အထက်ကြာအင်းနဲ့ အောက်ကြာအင်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်တဲ့ အခြေအနေကြောင့် အခုလိုစစ်ကြောင်းထိုးလာတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ (၂) ပြန်ကြားရေး တာဝန်ခံ စောဒိုရှင်းကတော့ ဩဂုတ်လ ၉ ရက်မှာ အထက်ကြာအင်းကနေ အောက်ကြာအင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ် ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုကို အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

ဖြူးမြို့နယ် အောက်ကြာအင်းကျေးရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ်၊  ဩဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - တောင်ပိုင်းတိုင်းစစ်ဒေသခွဲ-၂)
ဖြူးမြို့နယ် အောက်ကြာအင်းကျေးရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - တောင်ပိုင်းတိုင်းစစ်ဒေသခွဲ-၂)

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံကလည်း ပဲခူးတိုင်းထဲမှာ နှစ်ဖက်စလုံးက တိုက်ပွဲအတွက် ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“အဲဒီနယ်မြေတွေမှာတော့ တောက်လျှောက်ဖြစ်နေမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီဘက်ကလည်း အင်အားတည်ဆောက်တဲ့ အနေအထားရှိတယ်။ နေပြည်တော်ထိုးစစ်တွေ ပြင်တဲ့ အနေအထားမှာလေ။ ဟိုဘက် (စစ်ကောင်စီ) တပ်ဘက်ကလည်း ခံစစ်၊ ကာစစ်တွေ အကောင်းဆုံးပြင်မှာပဲ။ အဲဒီအခြေအနေမျိုးမှာ တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာမယ့် အခြေအနေမျိုးမှာ ရှိပါတယ်”

အခုလို အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ပဲခူးတိုင်းထဲက ကျောက်ကြီး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူး စတဲ့မြို့နယ်တွေမှာ ဇွန်လကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာ နေတယ်လို့ ဒေသခံတွေ၊ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။