‘ဝ’ ဒေသက ရွှေ့ပြောင်းလုပ်သားတွေ ကွာရန်တင်းစရိတ်ကြီးလို့ ဒုက္ခရောက်နေ

2022.04.13
‘ဝ’ ဒေသက ရွှေ့ပြောင်းလုပ်သားတွေ ကွာရန်တင်းစရိတ်ကြီးလို့ ဒုက္ခရောက်နေ ဝ ပြည်နယ် မိုင်းဖျန်မြို့မှာ ကွာရန်တင်းဝင်ခဲ့သူများကို ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တွေ့ရစဥ်
Photo: CI NG

ကိုဗစ် ၁၉ မကူးစက်အောင် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ မလိုက်နာလို့ဆိုပြီး လူငယ် နှစ်ဦးကို ‘ဝ’ ပြည် သွေးစည်းညွတ်ရေးတပ်မတော် (UWSA) ယူနီဖောင်း ဝတ်ဆင်ထားသူ အချို့က ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု ဧပြီလ ပထမအပတ်လောက်မှာပဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ် ပျံ့နှံ့လာပါတယ်။

ဗီဒီယိုဖိုင်အရ လူငယ်နှစ်ဦးကို ရိုက်နှက်နေတဲ့နေရာဟာ UWSA ထိန်းချုပ်တဲ့ မိုင်းပေါက်မြို့ အထွက်က ကွာရန်တင်းစင်တာမှာ ဖြစ်ပါတယ်။

နှစ်ဦးစလုံးဟာ UWSA က ‘၀’ ဒေသတစ်ခုလုံးအတွက် ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်း အထောက်အထား မပြနိုင်တာကြောင့် အဲဒီကွာရန်တင်းစင်တာကို အပို့ခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေ့ပြောင်း လုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့မှာ စာရွက်စာတမ်းမပြည့်စုံလို့ မြို့ပြင်မှာ အပြစ်ပေးခံထားရတဲ့ ကလေးတွေပေါ့။ နေ့တိုင်း ရောဂါစစ်တယ်၊ ရောဂါမရှိဘူး။ တစ်နေ့ကို စားစရိတ်က ၁၀၀ (တရုတ်ငွေ) ပေးရသေးတယ်။ စားသောက်မှုက မလုံလောက်ဘူး။ လေတွေ၊ မိုးတွေလာရင် ဒီကလေး တွေက မိုးမလုံဘူး။ မိုးမလုံတော့ အေးလို့ စုပြီး မီးလှုံကြ တယ်၊ အဲအတွက် ဒီကလေး တွေကို ရိုက်တာ။ ဒီကလေးတွေကို ရိုက်တဲ့အချိန် အဲ့မှာ ခြံစည်းရိုးကာပြီးနေတဲ့ လူ အယောက် ၂၀၀ လုံးက လက်ခုပ်လက်ဝါးတီးပြီး တော်ကြပါတော့၊ တော်ပါတော့လို့ တားမှ ရိုက်တာကို နားသွားတာ။ မိန်းကလေးတွေလည်း အတော်များများ ရိုက်ခံ ရပါတယ် အဲဒီအထဲမှာ။ ဒါ ထောင်သားလည်း မဟုတ်ဘူး၊ အချုပ်သားလည်း မဟုတ်ဘူး အရိုက်ခံရတာ။ ဒါတောင် ခိုးဝင်တဲ့သူ မဟုတ်ဘူးနော်။ ဒီမြို့မှာနေပြီး စာရွက်စာတမ်းတစ်ရွက်မစုံတဲ့ ကလေးက ဒါမျိုး အရိုက်ခံရတာ။ ခိုးဝင်တဲ့သူဆိုရင် ဘယ်လောက်တောင် ရိုက်မလဲ သုံးသပ်ကြည့်လို့ရတယ်လေနော်။ ဒါက လူ့အခွင့် အရေးကို ချိုးဖောက်တာ။ ကျနော်တို့မှာက ပြောပိုင်ခွင့်မရှိဘူး”

UWSA ထိန်းချုပ်ရာဒေသမှာ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်တာနဲ့ ဆေးလက်မှတ်နဲ့ နေထိုင်ခွင့်စာရွက် မပြနိုင်ရင် ‘ဝ’ အာဏာပိုင်တွေက အခုလိုပဲ ရိုက်နှက်အပြစ်ပေးတာ တွေရှိတယ်လို့ အဲဒီမှာရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နယ်စပ်နဲ့ နီးကပ်တဲ့ ‘ဝ’ ဒေသကို နှစ်စဉ် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား သောင်းနဲ့ချီ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး နှစ်ပတ်စာ နေထိုင်ခွင့်လက်မှတ်အတွက် တရုတ်ယွမ်ငွေ ၅၀၊ မြန်မာကျပ်ငွေအနေနဲ့ ၁၅၀၀၀ ကျပ် ပေးကြရပါတယ်။

ဒီကာလမှာတော့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့ လက်မှတ်နဲ့ သက်တမ်းမကုန်သေးတဲ့ နေထိုင်ခွင့်လက်မှတ် ပူးတွဲပြနိုင်မှ စစ်ဆေးရေးဂိတ်တွေက ဖြတ်ခွင့်ရတယ်လို့ အလုပ် သမားတွေက ပြောကြပါတယ်။

UWSA ထိန်းချုပ်ရာ ပန်ခမ်း (ပန်ဆန်း) မြို့နဲ့ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ကိုဗစ်ပိုးတွေ့လူနာ ပြန်များလာတာကြောင့် အဲဒီမြို့တွေကို အသွားအလာကန့်သတ်တာအပြင် အပြင်မထွက်ရ အမိန့် (Lockdown) ပါ ချထားပါတယ်။

မြို့မှာနေထိုင်သူအားလုံးကို နှာခေါင်းနဲ့ အာခေါင်တို့ပတ် စစ်ဆေးတာတွေပြုလုပ်ပြီး ရောဂါပိုးတွေ့သူနဲ့ ပိုးတွေ့သူ နဲ့ ဆက်စပ်သူတွေကို ဟိုတယ်နဲ့ ကွာရန်တင်းစင်တာတွေဆီ ပို့ဆောင်ပြီး ရောဂါ မသက်သာမချင်း အဲဒီနေရာတွေ မှာပဲ ထားတာလို့ ကွာရန်တင်းဝင်နေ သူအချို့က ပြောပါတယ်။

ကွာရန်တင်းအတွက် ကုန်ကျငွေ တစ်ရက်ကို တရုတ်ယွမ် ၂၂၀ ( မြန်မာငွေ ၇၀,၀၀၀ ကျပ်နီးပါး) ပေးရတာကြောင့် ငွေကြေးမတတ်နိုင်သူတွေ အခက်အခဲဖြစ်ရတယ်လို့ ကိုယ်တိုင်ကွာရန်တင်းဝင်နေတဲ့ ရွှေ့ပြောင်းလုပ်သား စိုင်းလောဝ်ခေးက ရှင်းပြပါတယ်။

“သူတို့ပြောတယ် ဒီနေ့မဟုတ်ရင် မနက်ဖြန် ပေးထွက်မယ်တဲ့။ ကျနော်က ၁၉ ရက် နေရတယ်ဗျ။ သူတို့ယူတာ တစ်ရက်ကို ၂၂၀ ကျတယ် ။ ၁၉ ရက်ဆို ဗမာငွေ ၁၅ သိန်းလောက်ပေါ့။ ဒုက္ခပါပဲ ကျနော်တောင် အိမ်ကနေ လှမ်းတောင်း၊ လှမ်းချေးနေ ရတယ်။ တချို့က မိဘတွေ၊ ကလေးတွေပါလာတယ် ၁၃၀၀၀ ကျော် ပေးရတယ်။ တော်တော် မလွယ်ဘူးဗျ”

သတ်မှတ်ငွေ မပေးနိုင်တဲ့သူတွေကို ပြန်မလွှတ်တဲ့အပြင် အချို့ကို ကြံစိုက်ခင်းတွေမှာ အလုပ်ပြန်လုပ်ခိုင်းမယ် ဆိုတဲ့ သတင်းတွေကြောင့် ငွေကြေးခက်ခဲတဲ့ကြားက ကွာရန်တင်းဝင်နေရသူတွေ စိုးရိမ်နေကြရတယ်လို့ စိုင်းလောဝ်ခေးက ဆိုပါတယ်။

သုံးရက်တစ်ကြိမ် ရောဂါပိုးရှိ မရှိ လာစစ်တိုင်း တရုတ်ယွမ်ငွေ ၅၀ ပေးနေရတဲ့အပြင် ကွာရန်တင်းဝင်ရက် ပြည့်တဲ့သူတွေကိုလည်း နေအိမ် တန်းပြန်မလွှတ်ဘဲ အခြား နေရာတွေမှာ ထပ်နေခိုင်းတာကြောင့် ကုန်ကျစရိတ် ပိုများတာလို့ ပန်ဆန်းမှာနေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သား ကိုကျော်ကြီးက ပြောပါတယ်။

“Lockdown က ရက်ရှည်ပိတ်တာရယ် ဒီကြားထဲ ကွာရန်တင်းပါ ဝင်ရတော့ အတော်ခက်ခဲကြပါတယ်။ ကွာရန်တင်းထွက်လည်း ကျနော်တို့နေတဲ့နေရာမှာ ပြန်သွားနေခွင့်မပေးဘူး ရောဂါပိုးတွေ့ထားတယ်ဆိုပြီးတော့။ အဲဒီမှာမှ ကိုယ့် အဆက်အသွယ်နဲ့ကိုယ် အဆင်ပြေသလိုပဲ အပြင်မှာ နေရတာဗျ။ နေစရာ မရှိတော့မှ တခြားတည်ခိုခန်းတို့၊ ဘာတို့မှာ ငှားနေခွင့်ပေးတာဗျ”

နေအိမ်မှာ အသွားအလာကန့်သတ်ခံထားရတဲ့ လက်လုပ်လက်စား ဒေသခံတွေဟာ Lockdown အချိန်ကာလ နှစ်လကျော်လာပြီဖြစ်လို့ စားရေး၊ သောက်ရေး တော်တော် ကျပ်တည်းနေကြရပြီလို့လည်း ကိုကျော်ကြီးက ပြောပါတယ်။

"ကျနော်က ၁၉ ရက် နေရတယ်ဗျ။ သူတို့ယူတာ တစ်ရက်ကို ၂၂၀ ကျတယ်။ ၁၉ ရက်ဆို ဗမာငွေ ၁၅ သိန်းလောက်ပေါ့"

အလုပ်မရှိလို့ နေရပ်ပြန်လိုတဲ့ ရွှေ့ပြောင်းလုပ်သားတွေမှာလည်း UWSA ရဲ့ ကိုဗစ် Lockdown စည်းကမ်းကြောင့် လမ်းတွေပိတ်ထားလို့ နေရပ်ပြန်လို့ မရကြပါဘူး။

‘ဝ’ ဒေသမှာနေထိုင်တဲ့ ကိုစီကလည်း မြို့ပေါ်ဟိုတယ်တွေမှာ ကွာရန်တင်းဝင်နိုင်သူ တွေအတွက် တစ်ရက်ကို ထမင်းသုံးကြိမ်နဲ့ သောက်သုံးရေ လာပို့တာတွေရှိပေမဲ့ အထောက်အထားမပြနိုင်လို့ မြို့ပြင် ကွာရန်တင်း စင်တာကို အပို့ခံရသူတွေမှာတော့ ထမင်းနပ်မမှန်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် ‘ဝ’ ဒေသမှာနေထိုင်တဲ့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့အတွက် အကြီးမားဆုံး အခက်ကြုံနေရတဲ့ ကွာရန်တင်းစရိတ်နဲ့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေကို လျှော့ပေးစေချင်ကြတာလို့ ဆိုပါတယ်။

ဝ ပြည်နယ် ပန်ဆန်းမြို့ရှိ ကွာရန်တင်းစင်တာတစ်ခုကို ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်နေ့မှာ တွေ့ရစဥ် (Photo: CJ)
ဝ ပြည်နယ် ပန်ဆန်းမြို့ရှိ ကွာရန်တင်းစင်တာတစ်ခုကို ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်နေ့မှာ တွေ့ရစဥ် (Photo: CJ)

လားရှိုး အခြေစိုက် ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ ဒီကိစ္စဟာ လက်ရှိ ‘ဝ’ ဒေသထဲက ရောဂါပြင်းထန်မှုအပေါ်မှာ မူတည်ပြီး ဗဟိုဌာနချုပ်က ဆောင်ရွက်နေတာလို့ ပြောပါတယ်။

“ပန်ဆန်းမှာ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင်မှာ လူထောင်ချီ တိုးပွားနေတာ တွေ့နေရ တာပေါ့နော်။ ဗဟိုဌာန ချုပ်က သူတို့သတ်မှတ်ကြေးက ရှိပြီးသားပါ။ ရောဂါပြင်းထန်မှု အပေါ်မှာ မူတည်ပြီး ဈေးနှုန်းတွေလည်း အထိုက်အလျောက် ရှိတာပေါ့နော်။ ရောဂါ ပြင်းထန်မှု အပေါ်မှာလည်း မူတည်ပါတယ်။ အသေးစိတ်တော့ ကျနော်လည်း မသိဘူး”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်စပြီး UWSA ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ကူးစက်မှုများလာတာကြောင့် ပန်ဆန်းနဲ့ အခြားမြို့တွေမှာ အခုလိုပဲ မြို့လုံးကျွတ် Lockdown ချတာနဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ်ယူတာတွေ မကြာခဏ ပြုလုပ်ခဲ့တာပါ။

လူဦးရေငါးသောင်းကျော်ရှိတဲ့ ‘ဝ’ ဒေသမြို့တော် ပန်ခမ်း (ပန်ဆန်း) မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အတွင်း ပိုတွေ့လူနာ ၁၅၀၀ ကျော်လာတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ စေတနာနဲ့ လာရောက် ကူညီဖို့ ‘ဝ’ ဒေသ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

မိုင်းပေါက်နဲ့ မိုင်းလင်းခရိုင်တွေမှာ ကိုဗစ်ကူးစက်ခံရသူ ၂၀၀၀ အထက်ရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ UWSA ဘက်က တရားဝင်သတင်း ထုတ်ပြန်တာတော့ မရှိသေးဘဲ ကိုဗစ်ထိန်းချုပ်ရေးကို တရုတ်နိုင်ငံ ကြက်ခြေနီအသင်းနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ပဲ တာဝန်ရှိသူတွေက ပြောထားပါတယ်။

မြန်မာ-တရုတ်နယ်စပ် ‘ဝ’ ဒေသမှာ ကိုဗစ်ကူးစက်ခံထားရသူ ထောင်ချီရှိနေပေမဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီလ ၁၂ ရက်နေ့ညပိုင်း ထုတ်ပြန်တဲ့ စာရင်းမှာတော့ ဧပြီလ ၁၀ ရက်နဲ့ ၁၁ ရက်အတွင်း တစ်နိုင်ငံလုံးက မြို့နယ် ၁၇ ခုမှာ ပိုးတွေ့လူနာ ၄၂ ဦးရှိခဲ့ပြီး အဲဒီအထဲက ထက်ဝက်ကျော်ဟာ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံက ပြန်လာသူတွေလို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။