သဘာဝဘေးထက် စစ်ရေးကို ဦးစားပေးတယ်လို့ စစ်ကောင်စီ ဝေဖန်ခံနေရ

RFA Burmese
2024.09.19
သဘာဝဘေးထက် စစ်ရေးကို ဦးစားပေးတယ်လို့ စစ်ကောင်စီ ဝေဖန်ခံနေရ နေပြည်တော် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
AFP Photo

ရာဂီ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ ရေကြီးရေလျှံပြီး လူပေါင်းရာချီ သေဆုံးခဲ့တဲ့ သဘာဝဘေး ကြုံရချိန်မှာတောင် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုဟာ ညံ့ဖျင်းလွန်းပြီး စစ်ရေးကိုပဲ ဦးစားပေးနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ ပြည်သူတွေက ပြောကြပါတယ်။

ထိုင်း - မြန်မာနယ်စပ်မှာ စက်တင်ဘာ ၁၀ ရက်နေ့ကစ ရေကြီးရာကနေ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့အထိပါ ရေလွှမ်းမိုးခဲ့ပါတယ်။

“ကယ်ဆယ်ရေးကို ကျွန်တော်တို့မှာ လုပ်ချိန်မရှိလိုက်တာ"

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာတောင် မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တာတွေမရှိသလို အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ရမဲ့အချိန်မှာလည်း ထိရောက်တဲ့ အကူအညီတွေမရှိဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

သွားလာရခက်တဲ့ နေရာတွေမှာဆိုရင် ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ လုပ်နေရတယ်လို့ ရမည်းသင်းမြို့နယ်မှာ ကူညီရေးတွေ လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကယ်ဆယ်ရေးကို ကျွန်တော်တို့မှာ လုပ်ချိန်မရှိလိုက်တာ။ လုပ်ရတာဆိုလို့ Dead Body ရှာဖွေရေးပဲ ကျွန်တော်တို့ လုပ်ရတော့တယ်။ အဓိကကျတဲ့လူတွေ ပါမလာဘူး။ လာလည်းမဖြစ်စလောက်ပဲ တကယ်ထိထိရောက်ရောက် လာမှာလည်း မဟုတ်ဘူး”

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရေဘေးဒုက္ခကြုံနေရတဲ့ ပြည်သူတွေအတွက် လေယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က မန္တလေးတိုင်း တောင်သာမြို့နယ် ခြုံကြီး (သာယာကြီး) ရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လေကြောင်းသုံး ပစ်ခတ်တာတွေကြောင့် ကာကွယ်ရေးအဖွဲ့ဝင် ငါးဦးနဲ့ ဒေသခံ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။

ပြည်သူတွေ သဘာဝဘေးဒဏ်ခံနေရချိန်မှာ စစ်ကောင်စီဟာ စစ်ရေးကိုပဲ ဦးစားပေးနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက မှတ်ချက်ပေးပါတယ်။

“သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးက ဦးစားပေး ဟုတ်မနေဘဲနဲ့ နယ်မြေဆုံးရှုံးသွားတာတွေကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့ ဆိုတာကို ဦးစားပေး စဉ်းစားပုံရတယ်”

ပြည်သူတွေမှာ သဘာဝဘေးနဲ့ စစ်ဘေးကိုပါ တစ်ပြိုင်တည်း ကြုံနေရလို့ ဒုက္ခနှစ်ထပ်ကွမ်းရောက်နေရတာလို့ တောင်သာမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီလိုဒုက္ခရောက်နေတဲ့ အချိန်မှာတောင်မှ ပြည်သူတွေကို နေ့ညမရှောင် စိတ်ချလက်ချ အိပ်ချိန်ရယ်လို့ မရှိအောင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကို လုပ်နေတာတော့ လူသားဆန်တဲ့စိတ်က သူတို့ဆီမှာ လုံးဝမရှိသလောက်ပေါ့ဗျာ။ ပြည်သူတွေ ရေဘေးအန္တရာယ် တွေ့နေရတာကို ပိုပြီးတော့တောင်မှ စစ်ကောင်စီက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသလားလို့တောင် အောက်မေ့တယ်။ ဒုက္ခမရောက်တဲ့လူတွေကိုတောင် ဒုက္ခပေးနေတာဆိုတော့ အခုက သဘာဝကပေးတဲ့ဒုက္ခကို ပြည်သူတွေ ခံစားရတော့ ပိုပြီးတော့တောင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလောက်တာပေါ့”

ထိုင်းနိုင်ငံ မယ်ဆိုင်နဲ့ ကပ်ရက်ဖြစ်တဲ့ တာချီလိတ်မြို့မှာ ရေကြီးမှုတွေ ကြုံနေရချိန် နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်ကို တွေ့ခဲ့ရပေမဲ့ သူတို့မှာလည်း ကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ပစ္စည်း မစုံလင်လို့ ထိရောက်တဲ့ကူညီမှုတွေမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ သုံးရာကျော် အထိ ရှိလာ

မုန်တိုင်းကြောင့်သေဆုံးသူ မြန်မာက ဒုတိယဖြစ်ပြီး ပျောက်ဆုံးသူ အများဆုံးဖြစ်နေ

ကယားနဲ့ ပဲခူးအတွက် ရေဘေးအကူအညီ စစ်ကောင်စီပိတ်ပင်မှုတွေ ရှိနေ


စစ်ကောင်စီဟာ နယ်စပ်ဒေသတွေထိ လာကူညီဖို့ဆိုတာဟာ မဖြစ်နိုင်သလို သူတို့လုံခြုံရေးကြောင့်လည်း ပြည်သူတွေကြားထဲ ထွက်လာမှာမဟုတ်ဘူးလို့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထိုင်းဘက်က ၂၄ နာရီအတွင်း ရဟတ်ယာဥ်တွေ ရောက်လာတယ်။ ခေါင်းပေါ်မှာ ဝဲနေတာ သူတို့ဘက်မှာ ကမ္ဘာပျက်သလောက်ပဲ။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ရဟတ်ယာဥ်တွေ မလာတော့ဘူးလား။ ဘယ်ရောက်ကုန်လဲ လာမကယ်ဘူးလားလို့ မေးတာမျိုးတွေလည်းရှိတယ်။ ဒါက သဘာဝဘေးအန္တရာယ် ခံစားနေရတာ။ political side နဲ့ ပြောတာမဟုတ်ဘူး”

မြန်မာဘက်ခြမ်း တာချီလိတ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီတွေနဲ့ ရှင်လင်းရေးတွေလုပ်နေချိန် ထိုင်းဘက်ခြမ်းမှာတော့ အစိုးရအကူအညီတွေနဲ့ ရှင်းလင်းရေးလုပ်တာကြောင့် ပိုမြန်ဆန်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံထဲက ရေနစ်မြုပ်ခဲ့တဲ့ ဒေသတချို့မှာ လက်ရှိအထိ ရေမကျသေးတဲ့နေရာတွေရှိပြီး အကူအညီ လိုအပ်ချက်တွေ များနေတုန်းပဲလို့ ပရဟိတသမားတွေက ပြောကြပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ပဲခူးတိုင်း ဖြူးမြို့နယ်က ရေဘေးသင့်သူတွေအတွက် လာရောက်ကူညီပေးနေသူတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ဆန်နဲ့ ဆေးဝါးတွေကို သယ်ယူခွင့်မပေးဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို ပြောကြပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ကနေ ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခက်ခဲ့တဲ့ ရာဂီ မုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းအပြင် ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ မိုးများပြီး ရေကြီး၊ မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။

RFA က စက်တင်ဘာ ၁၇ ရက်နေ့ အထိ ပြုစုထားတဲ့ စာရင်းအရ တိုင်းနဲ့ ပြည်နယ် ခြောက်ခုက မြို့နယ် ၁၅ ခုမှာ ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၂၇၄ ဦး အထိသေဆုံးခဲ့ပြီး နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးလှေစောင့်ဆိုင်းနေသည့် ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (AFP Photo)
ပဲခူးတိုင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးလှေစောင့်ဆိုင်းနေသည့် ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (AFP Photo)

နိုင်ငံတကာသတင်းတွေမှာတော့ မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ခဲ့တဲ့ ဗီယက်နမ်မှာ ၂၉၂ ဦး သေဆုံးပြီး ၃၈ ဦး ပျောက်ဆုံးနေပါတယ်။

အခုလို အထိခိုက်များခဲ့တာဟာ အချိန်မီ ကူညီကယ်ဆယ်ရေးတွေ မလုပ်တာအပြင် ဖုန်းလိုင်းပြတ်တောက်မှု၊ အင်တာနက်အသုံးပြုနိုင်မှု ခက်ခဲတာတွေကြောင့် ကြိုတင်သတိပေးချက်တွေ ပျံ့နှံ့မှုအားနည်းတာကြောင့်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရာဂီရဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်နေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့် သတိပေးလှုံ့ဆော်တယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ မိုးကြီးရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။