ပရဟိတသမား ကိုဝေဟင်အောင် အပါအဝင် ငါးဦးအဖမ်းခံရ
2023.05.23
မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ငါးဦးကို စစ်တွေမြို့မှာ စစ်ကောင်စီက မေလ ၂၃ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို ကူညီထောက်ပံ့ဖို့အသွား စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ကျောက်တန်းစစ်ဆေးရေးဂိတ်အလွန်မှာ ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရပါဘူး၊ သူတို့ကို ကျောက်တန်းဂိတ်ကနေကျော်ပြီးတော့မှ အမြင့်ကျွန်းဆိုတဲ့ရွာက ဘုန်းကြီးကျောင်းနားအရောက်မှာ စစ်တပ်က အရာရှိတစ်ယောက်က သူတို့ကို ဖမ်းခေါ်သွားတာ ”
ကိုဝေဟင်အောင်၊ သူ့သမီး၊ သူ့တပည့်နဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ဗိုလ်စိန် ပရဟိတအဖွဲ့က နှစ်ယောက်အပါအဝင် ငါးဦး အဖမ်းခံရတာပါ။ သူတို့ကို စစ်တွေမြို့က ထောက်လှမ်းရေး ၁၀ ရုံးမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့တွေ့ခွင့်မရသေးဘူး လို့လည်း သူကပြောပါတယ်။
စာရေးဆရာ ဝေဟင်အောင်ဟာ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဖြစ်ပြီးကတည်းက ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ စတဲ့မြို့နယ်တွေနဲ့ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ရွာတွေမှာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။
ကိုဝေဟင်အောင်ဟာ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်တဲ့သူတွေထဲမှာ ပထမဆုံး ဖမ်းဆီးခံရသူလည်း ဖြစ်ပါတယ်။
ကိုဝေဟင်အောင်နဲ့ ဖမ်းဆီးခံရသူတွေ အားလုံးအမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က မေ ၂၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ကိုဝေဟင်အောင် ဖမ်းဆီးခံရတာဟာ ကူညီကယ်ဆယ်ရေးလုပ်သူတွေကို မလုပ်ရဲအောင် ခြိမ်းခြောက်သလိုပဲလို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကိုခိုင်က ပြောပါတယ်။
"CSO တွေကော CSO မှာလုပ်နေတဲ့လူတွေကော တိုက်ရိုက်ကို ခြိမ်းခြောက်တဲ့သဘော ဖြစ်နေပါတယ်။ ဒီနေ့ ကျောက်တော်တို့ မြောက်ဦးတို့ သွားမယ့်ခရီးစဉ်တွေ၊ တချို့ဟာကို ကျွန်တော်အဲဒီဘက်က စစ်တပ်ဂိတ်တွေကို ဖြတ်သွားမယ်ဆိုရင် ရပ်ဆိုင်းလိုက်ရတဲ့ အနေအထားတွေ ဖြစ်နေပါတယ်"
ဒီလို ဖမ်းဆီးတာဟာ အကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာမရှိတဲ့အတွက် သူတို့ ချုပ်ကိုင်နိုင်ဖို့ လုပ်တာလို့ ယူဆတယ်လည်း ကိုခိုင်ကပြောပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးတကြီးလိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာ စာရေးဆရာ ဝေဟင်အောင်လို တစ်ပိုင်တစ်နိုင် ပါဝင်နေသူတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ဖမ်းဆီးအရေးမယူသင့်ဘူးလို့လည်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။
“ဒီလိုဟာမျိုးကို ဒီအချိန်မှာ ပိတ်ပင်တယ်၊ နှောင့်ယှက်တယ်၊ ဖမ်းဆီးတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဒါက နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး၊ စစ်ရေးနဲ့လည်း မဆိုင်ဘူး။ တကယ့်ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အခါမျိုးမှာ နိုင်ငံတကာကတောင် ကူညီဖို့ ကြိုးစားနေတဲ့ ကာလမျိုးမှာ ကိုယ့်အချင်းချင်း ဒုက္ခသည်တွေရဲ့လက်ထဲကို စေတနာရှင်တွေရဲ့ ငွေကြေးတွေ၊ အထောက်အပံ့တွေရသွားအောင် ကြားကနေ လုပ်ပေးနေတယ်ဆိုတာ တော်တော်လိုအပ်တဲ့ကိစ္စပါ။ အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို ဘယ်လိုအကြောင်းပြချက်နဲ့ ဖမ်းဖမ်း၊ ပြည်သူက အမြင်ရှင်းမှာ မဟုတ်ပါဘူး။”
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့အတူ စာရေးဆရာ ဝေဟင်အောင် အင်းစိန်အကျဉ်းထောင်မှာ နှစ်နှစ်နီးပါးကြာ ထိန်းသိမ်းခံခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သူ့ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာပါ။
စာရေးဆရာ ဝေဟင်အောင်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူမို့ ပြန်လည်အဖမ်းခံရတဲ့အခါ အရင်အမှုတွေအတွက် ကျန်ရှိတဲ့ထောင်ဒဏ်တွေ ပြန်လည်ကျခံရမှာကိုလည်း စိုးရိမ်မိတယ်လို့ ဦးဖေသန်းက ပြောပါတယ်။
စာရေးဆရာ ဝေဟင်အောင်ကို ဒီလို ဖမ်းဆီးအရေးယူလိုက်တဲ့အတွက် ရခိုင်ပြည်နယ်မှာ မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ပရဟိတသမားတွေ စိုးရိမ်စိတ်တွေရှိလာလိမ့်မယ်လို့လည်း သူက ထောက်ပြပါတယ်။