ရခိုင်တင်ပို့မဲ့ စားသုံးကုန်တွေကို စစ်ကောင်စီ ပစ်မှတ်ထား ဖမ်းဆီးနေ
2024.08.02
ရခိုင်ပြည်နယ်ကို တင်ပို့မဲ့ စားသောက်ကုန်တွေနဲ့ ငွေသားတွေကို စစ်ကောင်စီက တရားမဝင်ကုန်ပစ္စည်း တွေအဖြစ် သတ်မှတ်ပြီး ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လတစ်လအတွင်းမှာပဲ သိမ်းဆည်းခံရတဲ့ ကုန်ပစ္စည်းတွေ၊ ငွေသားတွေနဲ့အတူ ကုန်သည်တွေအပါအဝင် စုစုပေါင်း လူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့လည်း ပြောကြပါတယ်။
ဇူလိုင်လ ပထမပတ်အတွင်းက ငွေသား ကျပ်သိန်းပေါင်း ခြောက်သောင်းခန့်နဲ့ စားသောက်ကုန်စည်တွေ သယ်ဆောင်လာတဲ့ စက်လှေတစ်စင်းကို ဧရာဝတီတိုင်း ချောင်းသာကမ်းခြေအနီးမှာ စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။ အဲဒီစက်လှေမှာ လိုက်ပါလာတဲ့ ကုန်သည်ငါးဦးလည်း ဒီနေ့အထိ ဖမ်းဆီး ခံထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရသူ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“ပိုက်ဆံတွေကို ပုသိမ်ဘက်က ချောင်းသာဘက်နေ ရခိုင်ကိုချတာလေ။ အဲဒီစက်လှေ အဖမ်းခံလိုက်ရတာ။ အခုထိ အဆက်အသွယ်မရသေးဘူး။ အစကတော့ သူ့မိန်းမက အဆက်အသွယ်ရခဲ့တယ်။ စစ်သားတစ်ယောက် ဖုန်းကိုင်တယ်တဲ့။ နင့်ယောက်ျားအဖမ်းခံနေရပြီလို့ ပြောတယ်”
အဲဒီ ငွေသား ကျပ်သိန်းပေါင်း ခြောက်သောင်းခန့်ဟာ ရခိုင်ပြည်နယ် မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေက ဒေသခံတွေရဲ့ ငွေကြေးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ကုန်စည်စီးဆင်းမှုနဲ့ ဘဏ်လုပ်ငန်းစနစ်တွေအားလုံး ရပ်ဆိုင်းသွားတာပါ။ ဒါကြောင့် ဒေသခံတွေဟာ မြန်မာပြည်မဘက်က ငွေသား တွေနဲ့ ကုန်စည်တွေကို နည်းလမ်းပေါင်းစုံနဲ့ ရခိုင်ပြည်နယ်ကို တင်သွင်းနေကြတာဖြစ်ပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့က ချောင်းသာမြို့နယ် ဥတိုကျေးရွာဆိပ်ကမ်းမှာ ရခိုင်ပြည်နယ်ကို တင်ပို့မဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေ ထုပ်ပိုးထားတဲ့ ဆာလာအိတ် နှစ်ဆယ်ကျော်ကို စစ်ကောင်စီရဲ့ တရားမဝင် ကုန်စည်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဧရာဝတီတိုင်း ငပုတောမြို့နယ်နေ ရခိုင်ပြည်နယ်ဘက်ကိုပို့မဲ့ စားသောက် ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စက်လှေသုံးစင်းနဲ့ စစ်လှေပေါ်ပါလာတဲ့ အမျိုးသားခုနစ်ဦးကို ငပုတောချောင်းထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ငပုတောမြို့နယ် မယ်ဇလီရွာနဲ့ သာပေါင်းမြို့နယ်၊ သပြုငူကျေးရွာက ဒေသခံတွေဖြစ်ပြီး စက်လှေတွေမှာတော့ ဓာတ်မြေသြဇာတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေတင်ဆောင်လာတာလို့ဆိုပါတယ်။ သူတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားဆဲဖြစ်ပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“ကိုးနာရီလောက်က ဖုန်းခေါ်လို့ရသေးတယ်။ ၁၀ နာရီလောက်ကျတော့ ဖုန်းခေါ်လို့ မရတော့ဘူး။ ဖုန်းဝင်လည်း မကိုင်ဘူးပေါ့။ စက်လှေသုံးစင်းမှာ အငှားလိုက်တဲ့သူ နှစ်ယောက်၊ သုံးယောက်လောက်တော့ပါတယ်။ အကုန်လုံး ဆို အဖမ်းခံရတာ ခုနစ်ယောက်၊ ရှစ်ယောက်လောက်တော့ ရှိတာပေါ့။ ကုန်တင်ပြီး ကုန်ရောင်းဖို့ သွားတာပေါ့”
လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ စက်လှေတွေကို ချောင်းသာကမ်းခြေမှာ ကမ်းကပ်ထားသလို ကုန်ပစ္စည်းတွေကိုတော့ ထွေအုပ်ရုံးကိုပို့ဆောင်ထားပြီး ဖမ်းဆီးခံရတဲ့ကုန်သည်တွေကိုတော့ ဘယ်မှာထားတယ်ဆိုတာကို မသိရသေးဘူးလို့ ချောင်းသာမြို့မှာရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရခိုင်ပြည်သူလူထု ဒုက္ခဖြစ်သွားအောင်ဆိုပြီး နိုင်ငံရေးအရ သွယ်ဝိုက်ပြီးတော့ ဖန်တီးနေတဲ့ အနေအထားတစ်ရပ်လို့ မြင်ပါတယ်”
အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို ကုန်ပစ္စည်းတွေ ပုံမှန်တင်ပို့နေတဲ့ ပုဂ္ဂလိက ကုန်တင်သင်္ဘောတစ်စင်းကိုလည်း ဆေးဝါးနဲ့ ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်လာ တယ်ဆိုပြီး စစ်တွေမြို့နယ် ပင်လယ်ပြင်ထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်ကနေ စစ်တွေမြို့ကို ရေလမ်းကြောင်း ကုန်ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီက အဲဒီနေ့ကစလို့ ပိတ်ပင်လိုက်တယ် လို့လည်း ကုန်သည်တွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် ရခိုင်ဒေသခံတွေ အခက်အခဲမျိုးစုံကြုံနေရ
စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် ခက်ခဲလာတဲ့ စစ်တွေမြို့
ရခိုင်ဒေသအတွက် စက်သုံးဆီနဲ့ အခြေခံစားကုန်သယ်ယူမှုကို အိန္ဒိယလူငယ်အဖွဲ့ တားမြစ်
ဒီလုပ်ရပ်တွေက ရခိုင်ပြည်သူတွေကို စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် အနိုင်ကျင့်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ရခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုတိုလေးပြောမယ်ဆိုလို့ရှိရင် ဒါကအနိုင်ကျင့်မှုလို့ပဲ ပြောရမှာပေါ့နော်။ စစ်ကောင်စီရဲ့ အမြင်မှာ ရခိုင်က ရန်သူလို အမြင်မျိုးဖြစ်သွားတာပေါ့။ အဲဒီတော့ ရခိုင်ပြည်ကို ကုန်ကူးသန်းမှုဟာ သူတို့ကို ခြိမ်းခြောက်မှု တစ်ခုလို့ မြင်တယ်။ ရခိုင်ပြည်သူလူထု ဒုက္ခဖြစ်သွားအောင်ဆိုပြီး နိုင်ငံရေးအရ သွယ်ဝိုက်ပြီးတော့ ဖန်တီးနေတဲ့ အနေအထားတစ်ရပ်လို့ မြင်ပါတယ်”
ပြည်တွင်းမှာ တရားဝင်အသုံးပြုနေတဲ့ ငွေသားတွေနဲ့ ကုန်ပစ္စည်းတွေကို ရခိုင်ပြည်နယ်ကို ပို့တဲ့အခါ တရားမဝင် ကုန်ပစ္စည်းလို့သတ်မှတ်ပြီး ဖမ်းဆီးတာဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း ရခိုင်ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ မြန်မာပြည်မနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်သွားလာတဲ့ ကုန်းလမ်း၊ ရေလမ်းတွေအားလုံး ပြတ်တောက်ပြီး ဘဏ်စနစ်တွေပါ ရပ်ဆိုင်းသွားတာပါ။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ငွေသားရှားပါးမှုနဲ့ စားသောက်ကုန် ပစ္စည်း တွေ၊ စက်သုံးဆီနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ဆိုးရွားရွားကြုံတွေ့နေကြရတယ်လို့ဒေသခံတွေက ပြောပါတယ်။